စစ်တွေက မွတ်ဆလင်ဒုက္ခသည်တွေ နိုင်ငံသားစိစစ်ရေးကတ်ရဖို့ မျှော်လင့်နေ
သန့်ဇင်ဦး
2020.08.13
2020.08.13
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အုန်းတောကြီး မွတ်ဆလင် ဒုက္ခသည်စခန်းမှာ လူဝင်မှုကြီးကြပ်ရေးဌာနက နိုင်ငံသား စိစစ်ရေးကတ်လုပ်ပေးဖို့ဆိုပြီး ဇန်နဝါရီလ ၇ ရက်နေ့ကတည်းက ကွင်းဆင်းဆောင်ရွက်သွားပေမယ့် ခုနှစ်လ ကျော်တဲ့ ဒီနေ့အချိန်အထိ တစ်စုံတစ်ရာ ထူးခြားမှုမရှိသေးဘူးလို့ ဒုက္ခသည်တွေ က RFA ကိုပြောပါတယ်။
သုံးခေါက်ချိုး အမျိုးသားမှတ်ပုံတင် ကိုင်ထားတဲ့သူတွေကို နိုင်ငံသားအဖြစ် လျှောက်ခိုင်းလို့ အားလုံးလျှောက်ကြ တာဖြစ်ပြီး ဒီနေ့အချိန်အထိ ဘာသတင်းမှ ထပ်မရတော့ဘူးလို့ ကျောက်ဖြူမြို့နယ်ကနေ အုန်းတောကြီး မွတ်ဆလင် ဒုက္ခသည်စခန်းကိုရောက်နေတဲ့ ဦးဘစိန်က RFA ကိုပြောပါတယ်။
"ကျွန်တော်တို့အရင်တုန်းက အစိမ်းကတ် သုံးခေါက်ချိုးကိုင်ထားတယ်။အဲတာရှိလည်း ခရီးလည်းမသွားရဘူး၊ ရန်ကုန်ကိုလက်မှတ်လည်းမရဘူး၊ မဲစာရင်းမှာလည်း ထည့်လို့မရဘူး၊ မဲစာရင်းမှာလည်း အကျုံးမဝင်ဘူးတဲ့ အဲတာတရားမဝင်ဘူးတဲ့၊ သူတို့က ကျွန်တော်တို့ဆီကိုလာပြီးတော့မှ မင်းတို့လျှောက်ပါတဲ့ နိုင်ငံသားကတ် ရအောင်တဲ့၊ ဆိုတော့ ကျွန်တော်တို့ဒီဘက်ကလူတွေက စစ်တွေ ကျောက်ဖြူကလူတွေက လျှောက်ကြတယ်၊ နောက်ပြီး ဒေသခံလူတွေကလည်းလျှောက်ကြတယ်၊ IDP စခန်းက ဒုက္ခသည်တွေကလည်း လျှောက်ကြတယ်၊ တစ်လပိုင်းကတည်းကစပြီးလျှောက်ကြတာ အခုရှစ်လတိတိရှိသွားပြီ ဘာတစ်ခုမှသတင်းမရဘူး။"
အဲဒီ သုံးခေါက်ချိုး မှတ်ပုံတင်ကိုင်ထားသူတွေဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲပေးဖို့ အခွင့်အရေး ဆုံးရှုံးသွားနိုင်တဲ့အတွက် နိုင်ငံသားကတ်အမြန်ရဖို့ လိုအပ်နေတယ်လို့ ဦးဘစိန်က ဆိုပါ တယ်။
ဇန်နဝါရီလကတည်းက အဘိုး/အဘွားတွေရဲ့ အချက်အလက်ကစပြီး အားလုံးစစ်ဆေးသွားတာဖြစ်လို့ အမြန်လိုချင်တယ်လို့ အုန်းတောကြီး ဒုက္ခသည်စခန်းမှာနေတဲ့ ဦးဝေလှအောင်က RFA ကို ပြောပါ တယ်။
"ကျွန်တော်တို့ကို ဇန်နဝါရီလကတည်းက နေပြည်တော်ကလာစစ်ပြီးပီ၊ ကျွန်တော်တို့ IDP Camp တွေ နောက်ပြီးတော့ ဒေသခံတွေ အကုန်စစ်ပြီးပြီ၊ ကျမလာဘူးလေ၊ ဘိုးဘွားတွေ အကုန်စစ်ပြီးပေမယ့် ကတ်ပြား တော့ ထုတ်မပေးသေးဘူး ကျွန်တော်တို့ကို ရက်ပေါင်း လေးဆယ့်ငါးရက်မှာ ထုတ်ပေးမယ်ဆိုပြီး အခုထိ ထုတ်မပေးသေးဘူး။"
ကွင်းဆင်းဆောင်ရွက်ပေးထားတာ အုန်းတောကြီး မွတ်ဆလင် ဒုက္ခသည်စခန်းက ဒုက္ခသည် ခြောက်ထောင်ကျော် နဲ့ ဒေသခံတွေအပါအဝင် စုစုပေါင်း တစ်သောင်းကျော်ရှိပြီး အားလုံးဟာ အရင်က သုံး ခေါက်ချိုး အမျိုးသား မှတ်ပုံတင်ကတ် ကိုင်ဆောင်ထားသူတွေဖြစ်တယ်လို့ ဦးဝေလှအောင်က ဆိုပါတယ်။
ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးရဲ့ ပြည်နယ်ဦးစီးမှူး ဦးစိုးလွင်ကတော့ နိုင်ငံသားအဖြစ် လျှောက်ထားသူတွေရဲ့ အမှုတွဲတွေကို အဆင့်ဆင့် စိစစ်နေရတာဖြစ်လို့ ကြန့်ကြာနေရတာလို့ RFA ကိုပြောပါတယ်။
"နိုင်ငံသားစိစစ်ခြင်းလုပ်ငန်းသည် တစ်နိုင်ငံလုံးမှာရှိတဲ့ဟာကို လုပ်ရတာဖြစ်ပါတယ်ခင်ဗျ၊ သူတို့လည်း မကြာခင်တော့ ကျလာမှာပါခင်ဗျ၊ မြို့နယ် စုံစစ်၊ ပြည်နယ်စုံစစ် ဒါတွေကိုလည်း စိစစ်ရတဲ့အပိုင်းတွေ ရှိတာပေါ့နော်၊ နောက်ပြီးတော့ ရုံးချုပ်တင်ပြ၊ ရုံးချုပ်ကလည်း ဒါကို ဥပဒေနဲ့အညီ စိစစ်တာပေါ့နော်၊ ဒီလိုလေးတွေတော့လုပ်တော့ case တစ်ခုက မြန်မြန်တော့မရနိုင်ဘူးပေါ့၊ အချိန်တော့တော်တော်ပေးပြီး စိစစ်ရတဲ့အပိုင်းဖြစ်ပါတယ်၊ အတတ်နိုင်ဆုံးတော့ ကျွန်တော်တို့ ဆောင်ရွက်ပေးနေတာပဲလေ၊ ဥပဒေနဲ့ ညီတဲ့သူတွေကတော့ ရလာမှာပါ၊ တစ်ချို့ကမညီတဲ့သူတွေလည်း ပါရင်လည်းပါမယ်လေ၊ ညီတဲ့သူတွေ အားလုံးကတော့ ရလာမှာပါခင်ဗျာ။"
လျှောက်ထားတဲ့ အမှုတွဲ အရေအတွက်နဲ့ ပြန်လည်ချပေးထားပြီးသား အရေအတွက်ကို အတိအကျမသိသလို ကျန်နေတဲ့အမှုတွေထဲက ဒုက္ခသည်တွေအနေနဲ့ လာမယ့်ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံသားစိစစ်ရေးကတ်တွေ ရမလားဆိုတော့ သူ့အနေနဲ့ သေချာမပြောနိုင်ကြောင်း၊ အစိုးရအနေနဲ့ လည်း ရခိုင်ပြည်နယ်ကို ဦးစားပေးအနေနဲ့ အမြန်ဆုံးစိစစ်ပေးနေတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ဖြစ်တဲ့ ဦးခင်မောင်လတ်ကတော့ လူဝင်မှု ကြီးကြပ်ရေး ဌာနအနေနဲ့ ဗဟိုအထိတင်ပြီး စိစစ်ရတဲ့အပိုင်းတွေကြောင့် ကြာနေတာဖြစ်နိုင်ကြောင်းနဲ့ ဒီနှစ် ရွေးကောက်ပွဲအတွက်တော့ မမီနိုင်ဘူးလို့ သုံးသပ်ပါတယ်။
"သုံးခေါက်ချိုးဆိုတာ ဟိုးကတည်းက တော်တော်စိစိစစ်စစ်နဲ့ ပေးထားတာလေ၊ ဆိုတော့ သူတို့ရနိုင်တယ် သေချာစစ်ရင်၊ ဒါပေမဲ့ လဝကလုပ်ထုံးတွေကလည်း တော်တော်ကြန့်ကြာတတ်တယ်၊ အနည်းဆုံးဗဟိုအထိ သွားမှာ ပြီးမှ ဗဟိုကဆုံးဖြတ်မှ ဒါတွေက လုပ်ရဲမှာ ဒါတောင်လဝကတစ်ခုတည်းနဲ့ လုပ်ရဲမှာမဟုတ်ဘူးလေ ဒီကိစ္စကကြာမှာပဲ၊ တစ်လ နှစ်လနဲ့တော့ သိပ်မဖြစ်နိုင်ဘူး၊ တချိန်မှာတော့ ရနိုင်လောက်တယ်၊ သုံးခေါက်ချိုး ကတော့ ရသင့်တယ်၊ သိပ်များများစားစားလည်းမရှိဘူး။"
သုံးခေါက်ချိုး ကိုင်ထားသူတွေဟာ အများကြီး မရှိတော့ကြောင်းနဲ့ သူတို့ဟာ အရင်က သေချာစစ်ဆေးပြီးမှ ထုတ်ပေးထားတာဖြစ်တာကြောင့် နိုင်ငံသားကတ်ရသင့်ကြောင်း ဦးခင်မောင်လတ်က ဆိုပါတယ်။
လဝကအနေနဲ့ ဇန်နဝါရီလက ကွင်းဆင်းဆောင်ရွက်ပေးချိန်က ၄၅ ရက်အတွင်း နိုင်ငံသား စိစစ်ရေးကတ်ရမယ်လို့ ပြောဆိုမှုတွေရှိခဲ့တာကြောင့် စောင့်မျှော်နေကြတာ ဖြစ်တယ်လို့လည်း ဒုက္ခသည်စခန်းမှာ နေထိုင်သူတွေက ဆိုပါတယ်။
သုံးခေါက်ချိုးလို့ခေါ်တဲ့ အမျိုးသားမှတ်ပုံတင်လက်မှတ် ကိုင်ထားသူတွေဟာ ၁၉၉၀ ရွေးကောက်ပွဲနဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ မဲပေးခွင့် ရခဲ့ပေမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကစပြီး မဲပေးခွင့် မရှိတော့ပါဘူး။
ခရီးသွားလာတဲ့အခါ အစစ်အဆေးများပြားတဲ့ ရခိုင်ပြည်နယ်မှာ နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်နိုင်မှုဟာ အရေးပါတဲ့အခွင့်အရေးတစ်ခု ဖြစ်နေပါတယ်။