နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ လုပ်ငန်းတွေ လုံးဝရပ်ဆိုင်းကြောင်းကြေညာ
2021.03.17
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က မတ်လ ၁၆ ရက်နေ့ကစပြီး လုပ်ငန်းတာဝန်တွေဆောင်ရွက်ခြင်းကို လုံးဝရပ်ဆိုင်းကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာနာယကကျောင်းတော်မှာ ပြုလုပ်တဲ့ ဆရာတော်ကြီး ၄၇ ပါး စုံညီအစည်းအဝေးက ထုတ်ပြန်တဲ့ဆုံးဖြတ်ချက်မှာ အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်မှုတွေကို ရပ်တန့်ဖို့လည်း တောင်းဆိုထားပါတယ်။ ဒီအတောအတွင်း တခြားဘာသာရေး ခေါင်းဆောင်တွေကလည်း အကြမ်းဖက်ဖြိုခွဲမှုတွေကို ရပ်ဆိုင်းဖို့ အလားတူတောင်းဆို နေကြပါတယ်။
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးတွေရဲ့ ထုတ်ပြန်ချက်မှာ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုတွေ အမြန်ဆုံးရပ်ဆိုင်းဖို့၊ လုယက်ဖျက်ဆီးမှုတွေကို ကာကွယ်ပေးဖို့၊ မျိုးဆက်သစ်လူငယ်တွေရဲ့ အနာဂတ်ကို ထည့်သွင်းစဉ်းစားဖို့၊ ကိုးကွယ်သည့်ဘာသာနဲ့ ယဉ်ကျေးမှုဂုဏ်သိက္ခာကျဆင်းစေမယ့် လုပ်ရပ်တွေကို ရှောင်ကြဉ်ဖို့နဲ့ တွေ့ဆုံညှိနှိုင်း အဖြေရှာကြဖို့ မေတ္တာရပ်ခံထားပါတယ်။
တဆက်တည်းမှာပဲ မြန်မာနိုင်ငံမှာ ကိုဗစ်ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ပြီး နိုင်ငံရေးတည်ငြိမ်ကာ ပြည်သူအားလုံး လွတ်လပ်မှုရသည်အထိ သံဃာမဟာနာယကအဖွဲ့ရဲ့ လုပ်ငန်းတာဝန်ဆောင်ရွက်မှုတွေကို လုံးဝရပ်ဆိုင်းထားလိုက်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မန္တလေးမြို့က ဆန္ဒပြပွဲတွေမှာ ပါဝင်နေကြတဲ့ အထက်မြန်မာပြည် ရွှေဝါရောင်ကွန်ရက်က အမည်မဖော်လိုတဲ့ ဦးဆောင်သံဃာတပါးက ဆရာတော်ကြီးတွေအနေနဲ့ လူထုနဲ့ အတူရှိကြောင်း ပြသလိုက်တာပဲလို့ RFA ကို မိန့်ကြားပါတယ်။
“နိုင်ငံတော်သံဃာ့မဟာနာယက ဆရာတော်ကြီးတွေလည်း ပြည်သူတွေရဲ့ ဒုက္ခ သုက္ခတွေ အကုန်လုံးကို သိနေပြီလေ၊ စစ်အာဏာလုထားတဲ့ စစ်ကောင်စီက ပြည်သူတွေအပေါ် မတရားသဖြင့် လက်နက်စွဲကိုင်ပြီး ပစ်ခတ်သတ်ဖြတ် အကြမ်းဖက်တာကိုလည်း ဆရာတော်ကြီးတွေ သိနေပြီ။ အဲဒါကြောင့်မို့ ပြည်သူလူထုဘက်ကို ရပ်တည်ပြီးတော့ ဆရာတော်ကြီးတွေ ဆုံးဖြတ်လိုက်တယ်လို့ ဦးဇင်းမြင်ပါတယ်။ ဆရာတော်ကြီးတွေ ဒီလိုလုပ်ရပ်တွေကို သာသနာရေးဝန်ကြီးဌာနကတော့ သဘောမတူဘူးပေါ့ သဘောမကျဘူးပေါ့၊ ဒါပေမယ့် သူတို့ဘယ်လိုပဲ ပြောပြော ဆရာတော်ကြီးတွေက သူတို့ပြောထားတာ ရှိတယ်လေ - မေတ္တာရပ်ခံနေတဲ့ကြားထဲကမှ မေတ္တာရပ်ခံမှုကို စစ်အုပ်စုက မလိုက်နာတဲ့အတွက်ကြောင့်မို့ ဆရာတော်ကြီးတွေကလည်း သူတို့နဲ့ပူးပေါင်းပြီး ဆောင်ရွက်စရာမလိုဘူး သူတို့စကားကို နားထောင်စရာမလိုဘူးဆိုတာ ပြလိုက်တာပါဘဲ။ ဝန်ကြီးဌာနမှာ ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေလိုပဲ ဆရာတော်ကြီးတွေကလည်း အစိုးရနဲ့အတူ ဆောင်ရွက်နေရတာဖြစ်တယ်လေ မ.ဟ.န ဆိုတာ။ ဆရာတော်ကြီးတွေ အနေနဲ့လဲ ဒါ CDM လုပ်တာပါပဲ။ အတူတူပဲ”
ရန်ကုန်မြို့ရှိ အစ္စလာမ်ဘာသာဝင်တွေရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဟာဂျီ ဦးအေးလွင်ကလည်း ဆန္ဒပြသူအများစုဟာ လူငယ်တွေဖြစ်ပြီး ခုလို လက်နက်ကိုင် တပ်ဖွဲ့တွေကရက်စက်စွာ သတ်ဖြတ်နှိမ်နင်းမှုတွေ မလုပ်သင့်ပါဘူးလို့ ပြောပါတယ်။
“လုံးဝမဖြစ်သင့်ပါဘူး၊ လုံးဝ မဖြစ်သင့်ဘူး။ အရွယ်လေးတွေက ကိုယ့်မြေး အရွယ်လောက်လေးတွေလေ။ ကလေးတွေကလည်း သူတို့ခံစားချက်လေးတွေ ရှိပါတယ်။ နောက်ပြီး ဒီပုဂ္ဂိုလ်တွေသည် ဘယ်သူ့ ဘယ်သူကို ထောက်ခံလို့ မဟုတ်ဘူး။ အားလုံး သူတို့ Spontaneous uprising ဗျ။ ဘယ်သူ့ ဘယ်သူကမှ သွေးထိုးလှုံ့ဆော်လို့ မဟုတ်ဘူး။ သူတို့ရဲ့ ရင်ထဲက ခံစားချက်၊ သူတို့ရဲ့ဘဝကို သူတို့ ဆောက်တည်ဖို့အတွက်ကို အိပ်မက်ကလေးတွေ အဲဒီ သူတို့ရဲ့ အနာဂတ်တွေ ပျောက်သွားမှာ စိုးရိမ်တဲ့အတွက် အဲဒီရည်ရွယ်ချက်နဲ့လုပ်နေတယ်လို့ ကျနော်ထင်ပါတယ်။ ဒီကလေးတွေကို သက်သက်ညှာညှာ စဉ်းစားပေးဖို့ လိုအပ်မယ်လို့ ကျနော်ထင်တယ်။”
ရွှေဝါရောင်သံဃာ့ကွန်ရက် ဦးဆောင်ဆရာတော်ကလည်း အခုလို လူမဆန် သတ်ဖြတ်မှုတွေဟာ ဘယ်ဘာသာတရားနဲ့မှ ကိုက်ညီခြင်း မရှိဘူးလို့ မိန့်ပါတယ်။
“ဒီအာဏာလု စစ်အုပ်စုတွေ ပြည်သူပေါ် အကြမ်းဖက် သတ်ဖတ်နေတာကတော့ ဗုဒ္ဓဘာသာနဲ့လဲ ဆန့်ကျင်ဖက်ပဲ၊ ခရစ်ယာန်နဲ့ ပြောမယ်ဆိုရင်လဲ ဆန့်ကျင်ဖက်ပဲ။ အစ္စလာမ်ဘာသာနဲ့ ပြောရင်လဲ ဆန့်ကျင်ဘက်ပဲ။ ဘာသာရေးဆိုတာက လူတဦးတယောက်ကို နစ်နာလိုတဲ့စိတ်၊ အဲလိုစိတ်တွေ မရှိဘူး ဘာသာတရားမှာ။ အခု အာဏာလုပြီး စစ်ကောင်စီဆိုပြီး သူတို့လုပ်နေတဲ့ ပုဂ္ဂိုလ်တွေက သူတို့လုပ်ရပ်တွေက ဘယ်ဘာသာနဲ့မှ မကိုက်ညီဘူးဆိုတာ သူတို့ကိုယ်တိုင်လဲ သိနေတယ်”
ဒီအတောအတွင်း ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ကလည်း မြန်မာနိုင်ငံက အကြမ်းဖက်နှိမ်နင်းမှုတွေကို ရပ်ဆိုင်းဖို့ မနေ့က မေတ္တာရပ်ခံခဲ့ပါတယ်။ ဟာဂျီ ဦးအေးလွင်ကလည်း -
“ဘာသာတရားအသီးသီးက ပြောထားတဲ့ လောဘ ဒေါသ မောဟ ဆိုတာကိုရှောင်ရှားပြီး တည်ငြိမ်စွာဖြေရှင်းဖို့ရယ်၊ ဒီလိုအကြမ်းဖက်မှုတွေ မလုပ်ကြဖို့ကို ကျနော်တို့ ဘာသာရေးခေါင်းဆောင်ကြီးများရဲ့ မေတ္တာရပ်ခံချက်နဲ့အတူ ကျနော်တို့လဲ ထပ်တူထပ်မျှ မေတ္တာရပ်ခံပါတယ်”
အခုလို ဘာသာပေါင်းစုံက ဆရာတော်ကြီးတွေ ခေါင်းဆောင်တွေ မေတ္တာရပ်ခံနေစဉ်အတွင်းမှာပဲ မြန်မာနိုင်ငံ တဝန်းမှာ ဆန္ဒပြပြည်သူတွေအပေါ် အာဏာသိမ်းစစ်ကောင်စီ သြဇာခံတပ်ဖွဲ့တွေက ပစ်ခတ်မှုတွေ ဆက်လက် ကျူးလွန်နေဆဲဖြစ်ပါတယ်။