ပြည်တွင်းစစ်ရပ်စဲရေး အင်အားများများပါဝင်ပြီး ပွင့်လင်းဖို့လိုအပ်


2019.06.11
peace-protest-tamwe-622.jpg စစ်ပွဲတွေရပ်ဖို့ ရန်ကုန်မြို့ တာမွေအဝိုင်းမှာ ဆန္ဒပြတောင်းဆိုသူတွေနဲ့ သတင်းယူနေတဲ့ မီဒီယာသမားတွေကို ၂ဝ၁၈ ခုနှစ် မေလ ၁၂ ရက်နေ့က တွေ့ရစဉ်
Photo: Htet Arkar/RFA

ပြည်တွင်းစစ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးအတွက် လူနည်းစုကသာ ကြိုးပမ်းနေတာထက် လူများစုက အင်တိုက်အားတိုက် ပွင့်ပွင့်လင်းလင်း ဆောင်ရွက်ကြိုးပမ်းသင့်ပြီဆိုတဲ့အကြောင်း RFA ဝိုင်းတော်သား ကိုနေရိန်ကျော် သုံးသပ်တင်ပြထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပြည်တွင်းစစ် ရပ်စဲရေး အင်အားများများပါဝင်ပြီး ပွင့်လင်းဖို့လိုအပ်

(နေရိန်ကျော်)

■ ငြိမ်းချမ်းရေးကို ဦးစားပေးဆောင်ရွက်မယ်လို့ ရွေးကောက်ပွဲကတိပေးထားတဲ့ NLD အစိုးရအနေနဲ့ နောက်ရွေးကောက်ပွဲမတိုင်ခင် ကျန်နေသေးတဲ့ အစိုးရသက်တမ်းတနှစ်ခွဲအတွင်းမှာ ငြိမ်းချမ်းရေးရဖို့ ဆိုတာထက် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲနိုင်အောင် ဆောင်ရွက်နိုင်ပါ့မလားဆိုတာက ပြည်သူတွေ ကြားမှာ အဓိက သိချင်တဲ့မေးခွန်း ဖြစ်လာပါတယ်။

အခုဆိုရင် ရခိုင်ပြည်နယ်က စစ်မီးကို အရှိန်လျော့အောင်လုပ်ဖို့ထက် စစ်ပွဲတွေမှာ ရဟတ်ယာဉ်တွေပါ သုံးဖို့ သမ္မတရုံးက ညွှန်ကြားထားတယ်လို့ ထုတ်ဖော်ပြောဆိုလာတာ တွေ့ရပါတယ်။ အဲဒီအပြင် NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ NCA လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်ကနေ ၉ ရက်နေ့ထိ ဆွေးနွေးပွဲလုပ်မယ့်ကိစ္စကို ဘန်ကောက်-မြန်မာသံရုံး က စစ်သံမှူးက ထိုင်းစစ်တပ်အရာရှိကို စာပို့ပြီး ကန့်ကွက်တဲ့အတွက် ဆွေးနွေးပွဲကို ဆိုင်းငံ့ထားရတာ တွေ့ရပါတယ်။

ဘာကြောင့် ကန့်ကွက်ရတာလဲဆိုတာသိဖို့ စစ်သံမှူးရဲ့ရုံးဖုန်းနံပါတ်ကို ဒီနေ့ ဇွန်လ ၁၁ ရက်နေ့ ဘန်ကောက်စံတော်ချိန် ၄ နာရီမထိုးခင်မှာ ဆက်သွယ်ပေမယ့် စစ်သံမှူးအပြင်ထွက်သွားတယ်လို့သာ အဖြေရပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အမြဲထိတွေ့ ဆက်ဆံနေတဲ့ မြန်မာ့ငြိမ်းချမ်းရေးဗဟိုအဖွဲ့က တာဝန်ရှိသူတယောက်ကို အကျိုးအကြောင်းမေးတဲ့အခါမှာလည်း RFA သတင်းဌာနကို ပြောစရာမရှိပါဘူးလို့သာ တုံ့ပြန်ပါတယ်။ သက်ဆိုင်ရာတိုင်းရင်းသားအဖွဲ့တွေက ပြောရေးဆိုခွင့်ရှိသူတွေကို ဆက်သွယ်တော့လည်း ဆက်သွယ်ရေးပြင်ပရောက်နေကြတယ်လို့ တယ်လီဖုန်းထဲက အသံတွေပဲ ထွက်လာပါတယ်။

တကယ်တော့ ငြိမ်းချမ်းရေးဆွေးနွေးနေတာတွေ ဘယ်လောက် ခရီးရောက်ပြီလဲ။ ဘယ်တော့ ငြိမ်းချမ်းမှာလဲဆိုတာ မြန်မာပြည်သူတွေ အသိချင်ဆုံးကိစ္စပါ။ ဒါကြောင့် ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဆောင်ရွက်ချက်တွေအတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေကို မေးမြန်းခဲ့ပေမယ့် အသံတိတ်နေကြတဲ့အတွက် တခုခုတော့ဖြစ်နေကြပြီလို့ ယူဆနိုင်စရာဖြစ်နေပါတယ်။

ပြည်တွင်းစစ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးမှာ NLD အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကြား ဘာတွေအဖုအထစ်ဖြစ်နေကြလဲ။ ဘယ်အရာတွေက အတားအဆီးဖြစ်နေလဲ။ လွှတ်တော်တွေက အရေးမပါတော့ဘူးလား။ နိုင်ငံရေးပါတီပေါင်း ၁၁၅ ပါတီကရော ရုံးခန်းထဲမှာပဲ ထိုင်နေကြလားဆိုတာ ပြည်သူတွေ သိချင်နေကြပါတယ်။

စစ်ပွဲတွေမှာ သုံးလိုက်ရတဲ့ အမြှောက်ဆန်၊ ဗုံးဆန်၊ ကျည်ဆန်တွေရဲ့ တန်ဖိုးဟာ သိန်းပေါင်းထောင် သောင်းချီနေမှာ ဖြစ်နေသလို၊ ဆုံးရှုံးလိုက်ရတဲ့ ပြည်သူတွေရော၊ နှစ်ဖက်တပ်ဖွဲ့ဝင်တွေရဲ့ အသက်တွေ၊ ပျက်စီးထိခိုက်သွားရတဲ့ ဘဝတွေကလည်း တန်းဖိုးကြီးလွန်းလှတယ်ဆိုတာ လူတိုင်းပြောနေကြပါတယ်။

အဲဒီအပြင် ဒီလိုပြဿနာဖြစ်နေတဲ့နိုင်ငံ၊ ပြဿနာကြောင့် ဘာကုန်ထုတ်လုပ်မှုမ ှမလုပ်နိုင်တဲ့နိုင်ငံကို အပ်ကအစ ဒုံးကျည်အဆုံး ဝင်ရောင်းနေတဲ့ နိုင်ငံတွေကသာ အမြတ်အစွန်းတွေရနေတယ်ဆိုတာလည်း ထင်ရှားလှပါတယ်။

ဒါကြောင့် ပြည်တွင်းစစ်ပြဿနာဟာ နိုင်ငံတခုလုံးရဲ့ပြဿနာဖြစ်တာကြောင့်၊ တဦးတယောက်တဖွဲ့ ဒါမှမဟုတ် လူနည်းစုကသာ ဖြေရှင်းဖို့ကြိုးစားနေတာထက်၊ အများစုရဲ့ အကြံဉာဏ်၊ လုံ့လအားစိုက်မှုတွေနဲ့ ပွင့်ပွင့်လင်းလင်း အမြန်ဆုံးဖြေရှင်းသင့်ပြီဆိုတာ သုံးသပ်တင်ပြလိုက်ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။