အနောက်နိုင်ငံ လက်နက်ကုမ္ပဏီတွေ စစ်ကောင်စီကို ထောက်ပံ့နေကြောင်း စုံစမ်းတွေ့ရှိ

ဦးသစ်ဆင်း (ဝါရှင်တန်ဒီစီ)
2023.01.20
အနောက်နိုင်ငံ လက်နက်ကုမ္ပဏီတွေ စစ်ကောင်စီကို ထောက်ပံ့နေကြောင်း စုံစမ်းတွေ့ရှိ အနောက်တောင်တိုင်း စစ်ဌာနချုပ် ပုသိမ်စခန်းတွင် စစ်ကောင်စီတပ်မတော်(ကြည်း၊ ရေ၊လေ) ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့က တွေ့ရစဉ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ဇန်နဝါရီလ ၁၈ ရက် Vice World News သတင်းမှာ မြန်မာအာဏာသိမ်း စစ်ကောင်စီကို ပြည်ပနိုင်ငံစီးပွားရေး လုပ်ငန်းကုမ္ပဏီ တစ်ဒါဇင်လောက်က တိတ်တဆိတ် ကူညီထောက်ပံ့ပေးနေကြရာမှာ အများစုက အနောက်နိုင်ငံတွေရဲ့ လက်နက်ကုမ္ပဏီတွေဖြစ်ကြောင်း အသစ်ထုတ်ပြန်လိုက်တဲ့ သုတေသနတွေ့ရှိချက်တစ်ရပ်က ဖော်ပြပါတယ်။

မြန်မာအပေါ် နိုင်ငံတကာက လက်နက်ပိတ်ဆို့ထားပေမဲ့ လက်နက်ထုတ်လုပ်ရောင်းချရေးလုပ်ငန်းက ရပ်တန့်မသွားဘဲ နည်းမျိုးစုံနဲ့ ဆက်လက်လည်ပတ်နေဆဲ ဖြစ်ပါတယ်။ အဲဒီထဲမှာ မြန်မာစစ်ကောင်စီကို ပြစ်တင် ရှုတ်ချနေတဲ့ နိုင်ငံတွေတောင် ပါဝင်နေတာဖြစ်ကြောင်းလည်း ဖော်ပြပါတယ်။ မြန်မာဆိုင်ရာ အထူး အကြံပေးကောင်စီ SAC-M ရဲ့ တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ မြန်မာ့တပ်မတော် လက်နက်ထုတ်လုပ်ရေး အမည်ရှိ အစီရင်ခံစာမှာလည်း မြန်မာ့ပြည်တွင်းဖြစ် လက်နက်ထုတ်လုပ်ရေးဟာ ဆယ်စုနှစ်တွေအတွင်း မြန်မြန်ဆန်ဆန် ကြီးထွားဖွံ့ဖြိုးလာနေတယ်လို့ ဆိုပါတယ်။

မြန်မာဆိုင်ရာ အထူးအကြံပေးကောင်စီ SAC-M ထူထောင်သူ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အစီရင်ခံစာ ရေးသားခဲ့ သူလည်းဖြစ်တဲ့ Chris Sidoti ကလည်း အရင်က အာရုံစိုက် ပစ်မှတ်ထားခဲ့ကြတာက မြန်မာစစ်တပ်ကို အပြင်ကနေ လက်နက်ထောက်ပံ့မှု ဖြတ်တောက် အရေးယူဖို့ဖြစ်ခဲ့ပေမဲ့ အစီရင်ခံစာ ပေါ်ထွက်လာခဲ့အပြီးမှာ နိုင်ငံတကာ လက်နက်အရောင်းအဝယ်ထက် ဒေသတွင်း လက်နက်ထုတ်လုပ်ရေးကို ပထမဆုံးအကြိမ် ထဲထဲ ဝင်ဝင် အာရုံပြုခဲ့ကြကြောင်း VICE World သတင်းကို ပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် မြန်မာ့လက်နက်ထုတ်လုပ်ရေး ကွန်ရက်ကို တိုးချဲ့ရေးအတွက် သြစတေးလျ၊ ပြင်သစ်၊ တရုတ်၊ စင်္ကာပူ၊ အိန္ဒိယ၊ အစ္စရေး၊ ယူကရိန်း၊ ဂျာမဏီ၊ ထိုင်ဝမ်၊ ဂျပန်၊ ရုရှား၊ တောင်ကိုရီးယားနဲ့ အမေရိကန်ပြည်ထောင်စုတို့က ကုမ္ပဏီတွေနဲ့အတူ ပူးတွဲဆောင်ရွက်ခဲ့ကြောင်းလည်း မြန်မာဆိုင်ရာ အထူးအကြံပေးကောင်စီ SAC-M က ဆိုပါတယ်။ အဲဒီ ကုမ္ပဏီတွေဟာ မြန်မာ့လက်နက်ထုတ်လုပ်ရေးမှာ ကုန်ကြမ်းပစ္စည်း၊ ကိရိယာအစိတ်အပိုင်းတွေ၊ နည်းပညာနဲ့ ထိန်းသိမ်းဆောင်ရွက်မှုတွေမှာ တိုက်ရိုက်ရော သွယ်ဝိုက်လို့ပါ ကူညီခဲ့ကြကြောင်း သတင်းမှာ ဖော်ပြပါတယ်။

အဲဒီ အတိတ်ကာလက ဖြစ်ရပ်တွေဟာ အခုတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ လက်ရှိ အာဏာသိမ်း စစ် ကောင်စီအပေါ် နိုင်ငံတကာက ဝိုင်းဝန်းပိတ်ဆို့အရေးယူနေကြတဲ့ အခြေအနေဖြစ်သွားခဲ့ရပြီး နိုင်ငံတစ်ဝန်း ပြည်သူတစ်သောင်းခုနစ်ထောင်ကျော် ဖမ်းဆီးအကျဉ်းချခံရ အနည်းဆုံး နှစ်သောင်းခုနစ်ထောင်ကျော် သတ်ဖြတ် ခံခဲ့ရပါတယ်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း ကယားပြည်နယ်မှာ အနည်းဆုံး ဒေသခံ ၃၅ ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။ အဲဒီထဲမှာ နိုင်ငံတကာ ကူညီကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Save the Children အဖွဲ့က အဖွဲ့ဝင်နှစ်ဦး ပါဝင်ပါတယ်။ အောက်တိုဘာလကလည်း ကချင်ပြည်နယ်မြောက်ပိုင်းက ဂီတပွဲတော် ကျင်းပနေစဉ် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၈၀ ဝန်းကျင် သေဆုံးခဲ့ရပါတယ်။

အခုအခါ စစ်ကောင်စီဟာ တိုက်ခိုက်ရေး ရိုင်ဖယ်သေနတ်တွေ၊ စက်သေနတ်တွေ၊ တင့်ကားဖျက် လက်နက်တွေ၊ ဒုံးကျည်တွေ၊ မြေမြှုပ်မိုင်းတွေကို ပြည်တွင်းမှာ အလုံအလောက် ထုတ်လုပ်ထားကြောင်း Vice World က ဆိုပါတယ်။

ဒါပေမဲ့ စစ်ကောင်စီအနေနဲ့ တချို့လက်နက်တွေ ထုတ်လုပ်နိုင်စွမ်းရှိလာပြီ ဆိုသော်လည်း စက်ပစ္စည်းကိရိယာတွေ ထုတ်လုပ်ထိန်းသိမ်းရေးအချို့အတွက် ပြည်ပကို မှာယူနေရဆဲဖြစ်ပါတယ်။ ကပစ လို့ခေါ်တဲ့ ပြည်တွင်း လက်နက်စက်ရုံတွေမှာ လက်ရှိလည်ပတ်နေတဲ့ စက်ကရိယာတွေက သြစတြီးယား၊ ဂျာမဏီ၊ ဂျပန်၊ တိုင်ဝမ်နဲ့ အမေရိကန်နိုင်ငံတွေမှာ ထုတ်လုပ်တာဖြစ်ပါတယ်။ သြစတေးလျကုမ္ပဏီ GFM Steyr နဲ့ လက်ရှိ အသုံးပြုနေတဲ့ ကပစ စက်ရုံတွေဟာ မြန်မာကနေ ထိုင်ဝမ်ကို ပို့ပြီး GFM နည်းပညာနဲ့ ပညာရှင်တွေက လုပ်ကိုင်ပေးနေကြတာပါ။

လူ့အခွင့်အရေးအဖွဲ့တွေကလည်း မြန်မာ့စစ်လက်နက်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်ကြပါတယ်။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းအပြီး သီတင်းပတ်အနည်းငယ်အကြာမှာ ကမ္ဘာ့အဖွဲ့အစည်း တစ်ရာကျော်က မြန်မာအာဏာသိမ်း စစ်ကောင်စီကို လက်နက်တင်ပို့မှု ပိတ်ဆို့အရေးယူဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ပူးတွဲ စုပေါင်းပေးစာ လက်မှတ်ရေးထိုး ပေးပို့ခဲ့ပါတယ်။

HRW လူ့အခွင့်အရေးအဖွဲ့ လက်ထောက်ညွှန်မှူး Phil Robertson ကတော့ လက်ရှိအခြေအနေဟာ နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် မြန်မာကို ပိတ်ဆို့အရေးယူဖို့ အားနည်းနေတာကို ပြသနေတယ်လို့ တပ်လှန့်သံပေးလိုက်တာဖြစ်ကြောင်း ပြောဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။