ထိုင်းမှာ မြန်မာကလေးတွေကို တောင်းရမ်းဖို့စေခိုင်းတဲ့ ဂိုဏ်းတခု ဖမ်းမိ


2019.07.22
thai1-622.jpg ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ မြန်မာကလေးတွေကို တောင်းရမ်းဖို့ ခိုင်းစေတဲ့ဂိုဏ်းနဲ့ ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေစဉ်။
Photo: Social Action for Children and Women/SAW

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်နေတဲ့ မြန်မာဆောက်လုပ်ရေးလုပ်သားတွေရဲ့ ကလေး တွေကို တောင်းရမ်းခိုင်းနေတဲ့ဂိုဏ်းရဲ့လက်ထဲက ကလေး ၁ဝ ယောက်ကို ပြီးခဲ့တဲ့စနေနေ့က ရဲက ကယ်တင်လိုက်နိုင်တယ်လို့ ချင်းမိုင်ခရိုင် ဒုတိယရဲမှူးကြီးက ပြောပါတယ်။  အဲဒီ ကလေးတွေကို တနေ့ ဘတ် ၆ဝ စီပေးပြီး လမ်းတွေပေါ်မှာ တောင်းရမ်းခိုင်းတာလို့ ဆိုပါတယ်။ အခုအချိန်မှာ ကလေးတွေဟာ လုံခြုံတဲ့နေရာကို ရောက်သွားပြီဖြစ်ပေမယ့် ရဲတပ်ဖွဲ့ကတော့ တောင်းရမ်းခိုင်းတဲ့ ဂိုဏ်းနဲ့ နောက်ကွယ်က ခြယ်လှယ်သူကို စုံစမ်းဖော်ထုတ်နေတယ်လို့လည်း ပြောပါတယ်။

ဒါဟာ မြန်မာကလေးတွေကို အစုလိုက်အပြုံလိုက် တောင်းစားခိုင်းတဲ့ ဂိုဏ်းအနေနဲ့ ဖမ်းမိတာအဖြစ် ပထမဆုံးသိရတာပါပဲလို့ ချင်းမိုင်မှာနေထိုင်တဲ့ ဦးအောင်မိုးမြင့်က ပြောပါတယ်။

“အခုလိုမျိုး ကလေးတွေကို အပြုံလိုက်ကြီးကတော့ ပထမဦးဆုံးလို့ပဲ ပြောလို့ရမယ်ထင်တယ်။ အရင်က ရှိတော့ ရှိတယ်။ လူကြီးတွေများတယ်။ ပြီးတော့ Central တို့လို ကုန်တိုက်ရှေ့တို့ နာမည်ကြီးတဲ့ဈေးရှေ့တို့ မှာပဲ တယောက်စ၊ နှစ်ယောက်စရှိတယ်။ အဲဒါကို ထိုင်းတွေက လိုက်ဖမ်းပြီးတော့ ဒါတွေမဖြစ်အောင်လုပ်ခဲ့ဖူးတယ်။ လွန်ခဲ့တဲ့ ၅ နှစ် ၆ နှစ်က။ အရင်က တယောက်စ နှစ်ယောက်စကတော့ ဂိုဏ်းနဲ့မို့လို့ ကျနော် မမြင်ဘူး။ သူတို့ဟာ သူတို့ မိသားစုဖြေရှင်းဖို့လုပ်တာပဲ ထင်တယ်။ ခုဟာကတော့ ဂိုဏ်းပုံစံမျိုးဖြစ်တာဆိုတော့ ကျနော်ထင်တယ်။ နောက်ကွယ်မှာ ထိုင်းတယောက် နှစ်ယောက်ရှိမယ်လို့ထင်တယ်။ မြန်မာတွေက ဦးဆောင်ပြီး ဒီလို လုပ်ဖို့ ဆိုတာကတော့ နည်းနည်းတော့ခက်လိမ့်မယ်။ ထိုင်းနိုင်ငံမှာ ဘာလို့လဲဆိုတော့ လုံခြုံရေးကအစ၊ သွားလာရတာကအစ”

ချင်းမိုင်မြို့ထဲက ငှားရမ်းထားတဲ့အခန်းကို ရဲက စနေနေ့က ဝင်ရောက်ရှာဖွေချိန်မှာ ချင်းရိုင်မြို့မှာ နေထိုင်တဲ့ အသက် ၁၉ နှစ်အရွယ် ထိုင်းအမျိုးသားတယောက်နဲ့ ၁၆ နှစ်အရွယ် အမျိုးသမီးတယောက်ကို ဖမ်းမိခဲ့ပါတယ်။ အမျိုးသားကို တရားမဝင်နေထိုင်သူတွေကို လက်ခံထားမှု၊ ကလေးတွေ တောင်းရမ်းရရှိတဲ့ငွေကို စုဆောင်း သိမ်းယူမှု၊ အမျိုးသမီးကိုတော့ ကလေးငယ်တွေကို လမ်းမတွေပေါ်မှာတောင်းရမ်းဖို့ ခိုင်းစေမှုတွေနဲ့ တရားစွဲလိုက်ပါတယ်။ တချိန်တည်းမှာပဲ အသက် ၂ဝ ကနေ ၄၃ နှစ်အကြား အမျိုးသားနှစ်ယောက်နဲ့ အမျိုးသမီး နှစ်ယောက်ကိုလည်း ထိုင်းနိုင်ငံထဲမှာ တရားမဝင်နေထိုင်မှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။ သူတို့ဟာ ဘယ်နိုင်ငံသားတွေလဲ ဆိုတာကိုတော့  ရဲကပြောသေးပါဘူး။

အစောပိုင်းရက်တွေက ရဲတပ်ဖွဲ့က ကင်းလှည့်စစ်ဆေးစဉ်မှာ မြန်မာအမျိုးသမီး သုံးယောက်က အသက် ၇ နှစ်၊ ၄ နှစ်နဲ့ ၂ နှစ်အရွယ် ကလေး ၃ ယောက်ကို ချင်းမိုင်က ဈေးတခုထဲကို တောင်းရမ်းခိုင်းဖို့ ခေါ်သွားတယ်လို့ သတင်းပေးလာတဲ့အတွက် စစ်ဆေးရာကနေ ဒီလူမှောင်ခိုဂိုဏ်းရဲ့အစကို ခြေရာခံမိခဲ့တာဖြစ်တယ်လို့ ရဲဘက်က ပြောပါတယ်။ အဲဒီအမျိုးသမီး သုံးယောက်ကိုလည်း ကလေးတွေကို တောင်းရမ်းခိုင်းမှုနဲ့ ဖမ်းဆီးတရားစွဲဆိုထားပါတယ်။

ရဲက ဆက်ပြီးတော့ စုံစမ်းစစ်ဆေးရာမှာ အဲဒီလူမှောင်ခိုဂိုဏ်းဟာ ကလေးတွေကို ချင်းမိုင်မြို့ထဲက နေရာအတော်များများမှာ ညနေပိုင်းကနေ ညဉ့်လယ်အထိ နေ့စဉ်တောင်းရမ်းခိုင်းပြီး ကလေးတွေ တောင်းလို့ရတဲ့ငွေကို သိမ်းယူနေတာလို့ သိခဲ့ပါတယ်။

မြို့သူမြို့သားတွေရဲ့ သတင်းပို့တိုင်ကြားချက်တွေကြောင့် ရဲက အဲဒီဂိုဏ်းရှိရာနေရာကို အတိအကျဖော်ထုတ်နိုင်ခဲ့ပါတယ်။ သူတို့အုပ်စုဟာ ချင်းမိုင်မြို့ထဲက အခန်းတခန်းကိုငှားပြီး ကလေးတွေအများကြီးနဲ့ နေထိုင်တယ်လို့ ဆိုပါတယ်။ အဲဒီကလေးတွေကို နေ့တိုင်း လမ်းမတွေပေါ်မှာ တောင်းရမ်းခိုင်းဖို့ ခေါ်ထုတ်သွားကြပါတယ်။

အခု အဲဒီကလေးတွေကို တောင်းရမ်းခိုင်းတဲ့ လူမှောင်ခိုဂိုဏ်းတခုကို ဖမ်းမိပြီဆိုပေမယ့် နောက်ထပ် ဒါမျိုး ဖြစ်လာနိုင်ချေရှိနိုင်သေးသလားလို့ ချင်းမိုင်မြို့ခံ ဦးအောင်မိုးမြင့်ကို မေးကြည့်တော့…

“ရှိနိုင်တယ်။ ရှိနိုင်တယ်ဆိုတာက ဒီမှာရောက်နေတဲ့ မြန်မာလူတန်းစားတွေက အဆင့်အတန်းမျိုးစုံရှိတဲ့ အပေါ်မှာ ဒါတွေက ရှိနိုင်တယ်။ ထိုင်းမှာ အရင်က ပြီးခဲ့တဲ့ သုံး လေးနှစ်က ရှိခဲ့ဖူးတာက လုံးဝပပျောက်ရေး။ ပပျောက်ရေး မှာ ဘာလုပ်လဲဆိုတော့ ဘာလို့တောင်းလဲ။ သွားဖမ်းတယ်။ စစ်ဆေးတယ်။ ပြီးရင် သူ့အတွက် အလုပ်ရှာပေး တာဖြစ်ဖြစ် တခုခုအဆင်ပြေအောင် သူတို့ဖန်တီးပေးတာတွေရှိတယ်။ အခုနောက်ပိုင်းမှာ လူကြီးတွေပျောက်ပြီး ကလေးတွေရှိလာတာဆိုတော့ ဒါ.. ပုံစံတမျိုးနဲ့လည်း ထပ်ရှိလာနိုင်တယ်။”

ဒီအမှုမှာတော့ လမ်းပေါ်မှာ တောင်းရမ်းသူတွေဟာ ပြစ်ဒဏ်အနေနဲ့ အများဆုံးထောင်ဒဏ် တလ သို့မဟုတ် အများဆုံးငွေဒဏ် ဘတ်တသောင်း ကျခံရမှာဖြစ်ပြီး၊ လူကုန်ကူးသူတွေနဲ့ တောင်းရမ်းခိုင်းသူတွေကတော့ အများဆုံးထောင်ဒဏ် သုံးနှစ် သို့မဟုတ် အများဆုံးငွေဒဏ် ဘတ်သုံးသောင်း ကျခံရမှာဖြစ်ပါတယ်။ တောင်း ရမ်းခိုင်းသူတွေနဲ့ ကလေးတွေကိုစုဆောင်းခိုင်းစေတဲ့ လူကုန်ကူးမှုအတွက် စုံစမ်းစစ်ဆေးတာတွေ ဆက်လုပ်ရဦးမှာဖြစ်ပါတယ်။

(RFA ဝိုင်းတော်သူ မခက်မာ စုစည်းတင်ပြသည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။