မြန်မာ့အရေးအပေါ် ထိုင်းအစိုးရ သဘောထား ပြောင်းလဲလာပြီလား

ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2024.04.09
မြန်မာ့အရေးအပေါ် ထိုင်းအစိုးရ သဘောထား ပြောင်းလဲလာပြီလား ၂၀၂၄ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် စရက်ထာ ထဝီဆင် (Srettha Thavisin) အား ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တွေ့ရစဉ်။
AFP

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အနီးတဝိုက်က စစ်ကောင်စီတပ်စခန်းတွေကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်တွေက အခုလအတွင်း သိမ်းယူခဲ့ပြီးနောက် ထိုင်းဝန်ကြီးချုပ်က စစ်ကောင်စီဟာ အင်အားချည့်နဲ့လာနေပြီဖြစ်လို့ စစ်တိုက်တာတွေရပ်ပြီး တွေ့ဆုံဆွေးနွေးရမယ့် အချိန်ရောက်ပြီလို့ ပြောလိုက်ပါတယ်။

ထိုင်းအစိုးရဟာ မြန်မာအရေးနဲ့ပတ်သက်လို့ အမှန်တကယ် ထိတွေ့ဆက်ဆံဖို့လိုသူတွေကို သိလာတဲ့အပေါ် ကြိုဆိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

“မြဝတီလို့ နယ်စပ်ဂိတ်ရှိတဲ့ မြို့တစ်မြို့ကို တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်လိုက်နိုင်ပြီ ဆိုတဲ့အခြေအနေမှာ မဖြစ်မနေ ဘယ်သူတွေနဲ့ထိတွေ့ဆက်ဆံရမယ်ဆိုတဲ့ ကိစ္စကို ပိုပြီးရှင်းရှင်းလင်းလင်း သိသာသွားတယ်ဆိုတဲ့ အနေအထားမျိုးဖြစ်တယ်။ ဒါဟာကောင်းတဲ့ အလားအလာဖြစ်တယ်။ တကယ့်တိုင်းပြည်ရဲ့ ကံကြမ္မာကို ဖန်တီးမယ့် သူဟာ အကြမ်းဖက်စစ်အုပ်စုမဟုတ်ဘူး။ NUG အပါအဝင် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေဖြစ်တယ်ဆိုတာကို တဖြည်းဖြည်းနဲ့ သိမြင်လာပြီး အခုလို ပူးပေါင်းဆောင်ရွက်မှုတွေ ပေါ်ပေါက်လာတာကို ကျွန်တော်တို့က ကြိုဆိုပါတယ်။”

စစ်ကောင်စီဟာ အင်အားချည့်နဲ့လာနေပြီဖြစ်လို့ စစ်တိုက်တာတွေရပ်ပြီး တွေ့ဆုံဆွေးနွေးရမယ့် အချိန်ရောက်နေပြီလို့ ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ဧပြီလ ၈ ရက်နေ့က ရိုက်တာသတင်းဌာနနဲ့ သီးသန့်တွေ့ဆုံရာမှာ ပြောခဲ့ပါတယ်။

“စစ်တပ်မှာ အာဏာနဲ့ လက်နက်ကတော့ ရှိနေတုန်းပါ။ ဒါပေမဲ့ ကိုယ်နဲ့တိုက်နေတဲ့သူတွေလောက် မသန်မာတော့ဘူးဆိုတာ သိလာရင်တော့ စကားပြောဖို့ ကမ်းလှမ်းပြီး သဘောတူညီချက် တစ်ခုခုရအောင် လုပ်ရမဲ့ အချိန်ရောက်ပြီလို့ ကျွန်တော်ထင်တယ်။”

ဒါ့အပြင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးကလည်း တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်လာကြတဲ့ မြန်မာနိုင်ငံသား တစ်သိန်းလောက်ကို ထိုင်းနိုင်ငံရဲ့ ဘေးကင်းလုံခြုံတဲ့နေရာမှာ လက်ခံဖို့ ပြင်ဆင်ထားတယ်လို့ ဧပြီလ ၉ ရက်နေ့မှာ ပြောလိုက်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာပြည်တွင်းကနေ ထွက်ပြေးလာသူတွေကို ထိုင်းအစိုးရက နယ်မြေအပိုင်းအခြားအလိုက် တရားဝင် လွတ်လပ်စွာ နေထိုင်သွားလာခွင့်ပေးဖို့ ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် စစ်ဘေးဒုက္ခသည်တွေကို ကူညီနေတဲ့ ကိုမင်းသွေးသစ်က တိုက်တွန်းပါတယ်။

“ထိုင်းနိုင်ငံရဲ့ အကျိုးစီးပွားကို ထိခိုက်စေဖို့အတွက် ပြေးလာတာမဟုတ်ဘူး။ လူ့အသက်မသေဖို့အတွက် ပြေးလာတာ။ ဒီလူတွေကို ထိုင်းအစိုးရက အထူးအစီအစဉ်တစ်ရပ်အနေနဲ့ သူ့နယ်မြေမှာ ဘယ်နေရာကနေ ဘယ်နေရာ သွားလို့ရတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ သက်သေခံကတ်ထုတ်ပေးတာမျိုး။ ဒီလိုမျိုး စည်းနဲ့ကမ်းနဲ့ထိန်းထိန်းသိမ်းသိမ်း လုပ်မယ်ဆိုရင် မြန်မာပြည်သူတွေဘက်ကလည်း ကျေးဇူးတင်မယ်။ ကျွန်တော်တို့ တော်လှန်ရေးအောင်မြင်သွားလို့ရှိရင် ကျွန်တော်တို့ ဒုက္ခရောက်ခဲ့စဉ်က ကူညီခဲ့ကြတဲ့ ထိုင်းအစိုးရနဲ့ ထိုင်းပြည်သူတွေကိုလည်း ကျွန်တော်တို့ မေ့ကြမှာမဟုတ်ဘူး။ ဒါက ကျွန်တော်တို့နှစ်နိုင်ငံအိမ်နီးချင်းကောင်း ပီသတဲ့ ဆက်ဆံရေးထူထောင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းလည်းဖြစ်တယ်။”

တိုက်ပွဲတွေကြောင့် သံလွင်မြစ်ကိုဖြတ်ကူးပြီး ထိုင်းနိုင်ငံနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်လာကြသည့် မြန်မာနိုင်ငံဘက်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်နေ့က တွေ့ရစဉ်။ (Photo: AFP)
တိုက်ပွဲတွေကြောင့် သံလွင်မြစ်ကိုဖြတ်ကူးပြီး ထိုင်းနိုင်ငံနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်လာကြသည့် မြန်မာနိုင်ငံဘက်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်နေ့က တွေ့ရစဉ်။ (Photo: AFP)

စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အသက်သွင်းလိုက်ပြီးနောက် ထိုင်းအစိုးရဘက်က ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ မဲဆောက်အပါအဝင် တာ့ခ်ခရိုင်မှာ အရင်က လုပ်လေ့မရှိတဲ့ ဧည့်စာရင်းတိုင်ဖို့ ညွှန်ကြားချက်တစ်ခုကို ထုတ်ပြန်ခဲ့တဲ့အတွက် ထိုင်းရောက်မြန်မာတွေကြား စိုးရိမ်မှုတွေ မြင့်တက်ခဲ့ကြပါတယ်။ ဒါဟာ ထိုင်းအစိုးရနဲ့ စစ်ကောင်စီကြား ညှိနှိုင်းလုပ်ဆောင်ချက်ဖြစ်တယ်လို့လည်း ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

ထိုင်းအစိုးရက ဒီလိုတင်းကျပ်ခဲ့ပြီး နှစ်လအကြာမှာတော့ မြန်မာပြည်က စစ်ဘေးဒုက္ခသည် သိန်းနဲ့ချီပြီး လက်ခံဖို့ ပြင်ဆင်ထားတယ်လို့ ပြန်ပြောင်းပြောလာတာဖြစ်ပါတယ်။

နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က လက်ရှိ စစ်ကောင်စီတပ် အခြေအနေကို ထိုင်းအစိုးရက နားလည်လက်ခံလာတာဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သဘောမပေါက်ချင်ယောင် ဆောင်နေပေမဲ့ မြန်မာစစ်တပ်ဟာ စစ်ရှုံးတော့မယ်ဆိုတာကို ထိုင်းဝန်ကြီးချုပ် ကိုယ်တိုင်ကိုယ်က သဘောပေါက်နေပြီ။ မြဝတီက အဓိက ကုန်သွယ်ရေးစခန်းပဲ။ အခုအဲ့ဒီကုန်သွယ်ရေး စခန်းပါ ပိတ်ရတော့မယ့် အခြေအနေ။ အဲ့ဒီလို တစ်သိန်းလောက်လက်ခံမယ်လို့ ကမ်းလှမ်းလိုက်တာဟာ သတင်းကောင်းတစ်ရပ်ပဲ။”

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အနီးတဝိုက်က စစ်ကောင်စီ တပ်စခန်းတွေ သိမ်းပိုက်ခံထားရပြီး မြဝတီမြို့ပေါ်က စစ်ကောင်စီ အုပ်ချုပ်ရေးရုံးတွေလည်း ပိတ်ထားပါတယ်။ လတ်တလော ပြင်းထန်လာတဲ့ စစ်ရေးအခြေအနေကြောင့် မြဝတီမြို့ခံတွေဟာ ဧပြီလ ၇ ရက်နေ့ကစပြီး နေရပ်စွန့်ခွာထွက်ပြေးနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။