ဒေါ်အောင်ဆန်းစုကြည်နေအိမ် လေလံတင်ရောင်းချမှု မအောင်မြင်

RFA Burmese
2024.03.20
ဒေါ်အောင်ဆန်းစုကြည်နေအိမ် လေလံတင်ရောင်းချမှု မအောင်မြင် ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းရှေ့တွင် လေလံကိစ္စ ဆောင်ရွက်နေသည်ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

Updated 3:26 PM Mar 20, 2024

ရန်ကုန်တိုင်း ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ် (၅၄) နဲ့ သမိုင်းဝင်နေအိမ်ကို မတ်လ ၂၀ ရက် မနက်က ကမာရွတ်ခရိုင်တရားရုံးရဲ့ အစီအစဉ်နဲ့ လေလံတင်ရောင်းချခဲ့ပေမယ့် လေလံဆွဲဝယ်ယူမယ့်သူမရှိတာကြောင့် လေလံမအောင်ဘဲ ပြီးဆုံးသွားတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

ဒီနေ့လေလံပွဲကို ခြံအမှတ် (၅၄) နေအိမ်ခြံဝင်းအတွင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး တရားရုံးက လေလံစီမံခန့်ခွဲတဲ့ လေလံအရာရှိက လေလံဆွဲမယ့်သူ ရှိ၊ မရှိ သုံးကြိမ်မေးမြန်းခဲ့ပြီးနောက် လေလံဆွဲမယ့်သူ မရှိတာကြောင့် လေလံပွဲမအောင်မြင်ကြောင်း ကြေညာခဲ့တာပါ။

ဒီနေ့လေလံပွဲနဲ့ပတ်သက်လို့ မတ်လ ၂၁ ရက် ကမာရွတ်ခရိုင်တရားရုံးချိန်းမှာ လေလံအရာရှိက အစီရင်ခံစာတင်ပြရမယ်လို့လည်း တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဖမ်းဆီးထောင်ချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့ရဲ့ အမွေဆိုင်ဖြစ်တဲ့ ခြံအမှတ် (၅၄) နဲ့ နေအိမ်ကို ကျပ်သိန်းပေါင်း သုံးသန်းကျော် (အမေရိကန်ဒေါ်လာ သန်းကိုးဆယ်နီးပါး) နဲ့ လေလံတင်ရောင်းချဖို့ ကမာရွတ်ခရိုင်တရားရုံးက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့က ဆုံးဖြတ်ခဲ့တာပါ။ ဒီဆုံးဖြတ်ချက်ဟာ နည်းလမ်းမကျဘူးဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က ရန်ကုန်တိုင်းတရားလွှတ်တော်ကို တရားမပြင်ဆင်မှု လျှောက်ထားပါတယ်။ ဒါကြောင့် နောက်တစ်ကြိမ် လေလံဆွဲမယ့်ကိစ္စဟာ ရန်ကုန်တိုင်းတရားလွှတ်တော်က ဆုံးဖြတ်ချက် တစ်စုံတစ်ရာ ကျလာပြီးမှသာ ဆက်ဖြစ်လာနိုင်မယ်လို့ ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောပါတယ်။

"ဘာဆက်ဖြစ်မလဲဆိုတော့ တရားနိုင်ဖြစ်သူဘက်ကနေ လျှောက်ထားပြီးတော့ ထပ်ပြီးတော့ လေလံပစ်ဖို့ပဲ လုပ်ရမှာပေါ့နော်။ တရားရုံးဘက်ကတော့ ထပ်ပြီးတော့ တရားမပြင်ဆင်မှု တင်ထားသေးတယ်ပေါ့နော်။ အဲဒီအပေါ်မှာ စောင့်ကြည့်ရမှာပေါ့၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က ဘယ်လိုဆုံးဖြတ်ပေးမလဲပေါ့။ တရားမပြင်ဆင်မှုတင်ထားတဲ့အတွက်ကိုပဲ အဲဒီအပေါ်မှာ အမိန့်တစ်ရပ်ချပြီးမှ နောက်တစ်ကြိမ် လေလံကြမ်းခင်းဈေး ပြင်ဆင်သတ်မှတ်ပြီး သို့မဟုတ် လက်ရှိကြမ်းခင်းဈေးကို အတည်ပြုပြီးမှပဲ ဆက်ပြီးတော့ လေလံတင်ပွဲဆောင်ရွက်နိုင်မယ့် အနေအထားရှိတယ်လို့ မြင်တယ်"

ဒီအမွေဆိုင်မှုမှာ ဦးအောင်ဆန်းဦးဘက်က ခြံအမှတ် (၅၄) ပရဝဏ်အတွင်း ရှိသမျှကို လေလံတင်ရောင်းချပြီး ရလာတဲ့ငွေကို မောင်နှမ နှစ်ဦး ခွဲဝေမယ်ဆိုပြီး ၂၀၀၀ ပြည့်နှစ်ကတည်းက အမွေခွဲဝေမှု စတင် လျှောက်ထားခဲ့တာပါ။ ၂၀၁၆ ခုနှစ်မှာတော့ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို သူမနေထိုင်ရာအိမ်နဲ့ ခြံတစ်ဝက်ယူစေပြီး ကျန်အိမ်တစ်လုံးနဲ့ ခြံတစ်ဝက်ကို ဦးအောင်ဆန်းဦးက ရယူဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။

ဒီအမိန့်ကိုမကျေနပ်လို့ NLD အစိုးရလက်ထက်မှာ ဦးအောင်ဆန်းဦးက ပြည်တော်စု တရားလွှတ်တော်ချုပ်ထိ အဆင့်ဆင့် အယူခံတက်ခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးထောင်ချခံထားရချိန် ဦးအောင်ဆန်းဦးဘက်က အထူးအယူခံ ဆက်တက်ခဲ့စဉ်မှာတော့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဦးအောင်ဆန်းဦးကို အနိုင်ပေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ခြံဝင်းအုတ်တံတိုင်းတွင် ကပ်ထားသည့် ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ် တရားရုံးမှ  နေအိမ်လေလံတင်ရောင်းချမှုအတွက် ထုတ်ပြန်ထားသည့် ကြော်ငြာစာကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့တွင် တွေ့ရစဉ်။ (Photo: RFA)
ဒေါ်အောင်ဆန်းစုကြည် ခြံဝင်းအုတ်တံတိုင်းတွင် ကပ်ထားသည့် ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ် တရားရုံးမှ နေအိမ်လေလံတင်ရောင်းချမှုအတွက် ထုတ်ပြန်ထားသည့် ကြော်ငြာစာကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့တွင် တွေ့ရစဉ်။ (Photo: RFA)

ဒီအိမ်နဲ့ ခြံကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားတာကြောင့် ပုဂ္ဂလိကပိုင်အဖြစ် ရောင်းချတာတွေလုပ်ရင် အရေးယူမယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကတော့ ရောင်းချတာတွေရှိလာခဲ့ရင် သူတို့ထုတ်ပြန်ထားတဲ့အတိုင်းပဲ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

"အခုကတော့ ဘယ်သူကမှ သွေးစွန်းတဲ့လက်နဲ့ လက်ဆွဲမနှုတ်ဆက်ချင်ဘူး။ သူတို့ရဲ့ ပေါက်တတ်ကရလုပ်ရပ်၊ ဥပဒေနဲ့ မညီညွတ်တဲ့လုပ်ရပ်တွေအပေါ်မှာ အမှုတွဲ မခံချင်ကြဘူးပေါ့နော်။ အဲဒီအတွက်ကြောင့်မို့လည်းပဲ ဒါဟာ လေလံဆွဲမယ့်သူမရှိတဲ့သဘော ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့လည်း ရိုးရိုးနည်းနဲ့ သူတို့လုပ်လို့မရရင် ကလိမ်ကကျစ်ဉာဏ်တွေနဲ့ဖြစ်ဖြစ်၊ အတင်းအဓမ္မဖိအားပေးပြီးတော့ပဲဖြစ်ဖြစ် ထပ်ပြီးတော့ လုပ်လာနိုင်တာတွေ ရှိပါတယ်။ စစ်အုပ်စုဘက်က ဘယ်လိုပဲလုပ်လုပ်ပါ ကျွန်တော်တို့ NUG အနေနဲ့တော့ ထုတ်ပြန်ထားပြီးသား ဖြစ်တဲ့အတိုင်း ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်"

ဒီအိမ်ဟာ ၁၉၄၇ ခုနှစ်မှာ ဖခင်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံသတ်ဖြတ်ခံရပြီးတဲ့နောက် ဇနီးဖြစ်သူ ဒေါ်ခင်ကြည် ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။

"သူတို့ရဲ့ ပေါက်တတ်ကရလုပ်ရပ်၊ ဥပဒေနဲ့ မညီညွတ်တဲ့လုပ်ရပ်တွေအပေါ်မှာ အမှုတွဲ မခံချင်ကြဘူးပေါ့နော်"

၁၉၈၈ ခုနှစ် ဒီဇင်ဘာမှာ ဒေါ်ခင်ကြည် ကွယ်လွန်ပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီအိမ်မှာ ဆက်လက်နေထိုင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပါတယ်။ သူဦးဆောင်တဲ့ NLD ပါတီက ၁၉၉ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။

အဲဒီနောက် စစ်အစိုးရလက်ထက် နေအိမ်အကျယ်ချုပ်ချထားခံရတဲ့ ၁၅ နှစ်နီးပါး ကာလတစ်လျှောက်လုံး အဲဒီနေအိမ်မှာ နေထိုင်ခဲ့ရတာ ဖြစ်ပါတယ်။

ပထမအကြိမ် နေအိမ်အကျယ်ချုပ်က လွတ်မြောက်ခဲ့စဉ်က ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီအချိန်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်တဲ့ စစ်အစိုးရရဲ့ အကန့်အသတ်တွေကြောင့် အဲဒီတက္ကသိုလ်ရိပ်သာလမ်း နေအိမ်ခြံတံခါးဝကနေ နိုင်ငံရေးတရားဟောပြောခဲ့တဲ့အတွက် အဲဒီအိမ်ဟာ ပိုပြီး လူသိများ ထင်ရှားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နောက်ဆုံးအကြိမ် နေအိမ်အကျယ်ချုပ်က လွတ်မြောက်ပြီးနောက်ပိုင်း အမေရိကန်သမ္မတ ဘားရက် အိုဘားမား၊ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း အပါအဝင် နိုင်ငံတကာဧည့်သည်တွေ ဒေါ်အောင်ဆန်းစုကြည်နဲ့ လာရောက် တွေ့ဆုံခဲ့တဲ့နေရာလည်း ဖြစ်ခဲ့ပါတယ်။

စစ်ဗိုလ်ချုပ်တွေဟာ ပုဂ္ဂိုလ်ရေးမုန်းတီးမှုအရ သမိုင်းကို ဖျောက်ဖျက်ချင်တဲ့အတွက် ဒီနေအိမ်ကို လေလံတင် ရောင်းချဖို့အထိ လုပ်လာတာလို့ နိုင်ငံရေးသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက ဝေဖန်ပါတယ်။

"သူတို့က သမိုင်းကိုဖျက်ချင်တာပေါ့ဗျာ။ အမှတ် (၅၄) တက္ကသိုလ်ရိပ်သာလမ်းက ဗမာပြည်ဒီမိုကရေစီလှုပ်ရှားမှုရဲ့ လက္ခဏာကြီးဖြစ်နေတာ အဲဒါကို ဖျက်ချင်တာနဲ့တူတယ်။ ကလေးဆန်ပါတယ်ဗျာ။ ဒီစစ်ကောင်စီက လူတွေက ကလေးကလားပဲ။ သူတို့ ပုဂ္ဂိုလ်ရေးမုန်းတီးမှုနဲ့ နာမည်မပျက်၊ ပျက်အောင်လုပ်နေတယ်ထင်တယ်။ အခုသူတို့ပဲ ဒုက္ခရောက်တာပဲလေ၊ ကဲဆွဲမယ့်သူမရှိဘူးဆိုတော့ ဘယ့်နှယ့်လုပ်မလဲ စဉ်းစားကြည့်။ နိုင်ငံရေးအရ သူက ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိသားစုကို နာမည်ဖျက်ချင်တာပါပဲ အဓိကကတော့"

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ စစ်အာဏာရှင်အဆက်ဆက်က အခုနေအိမ်မှာ အကျယ်ချုပ်နဲ့ ဖြတ်သန်းခဲ့ရပေမယ့် အခုတစ်ခေါက် စစ်တပ်က အာဏာသိမ်းပြီးနောက်မှာတော့ နေပြည်တော်က အချုပ်ထောင်ထဲမှာ အားလုံးနဲ့ အဆက်အသွယ်ပြတ်ပြီး ထောင် ၂၇ နှစ် ကျခံနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

ကျော်နိုင်ထွန်း
2024-03-20 03:15

ြမစ်ကြီးနားကပါကျွန်တော်ရှိကိုစစ်မှုထန်းရန်ရက်ကွက်ကတစ်ဆင့်စာရောက်လာပါတယ်အခုထွက်‌ေြပးနေရပါတယ်ဗျာအိမ်တောင်အသိမပေးဘဲထွက်ခဲ့ရပါတယ်နိုင်ငံချင်ဖြစ်တဲ့စစ်လဲမဟုတ်ဘူးကျွန်တော်ကတော့ပြည့်သူ့ကိုကာကွယ်တဲ့စစ်မှုဆိုထန်းချင်ပါတယ်ပြည့်သူတွေကိုလူသားချင်ကိုယ်ချင်မစာလုပ်ချင်တိုင်းလုပ်နေတဲ့စစ်အုပ်ချုပ်ရေးကိုတော့ကျွန်တော်ကအစိုးရအဖြစ်လက် မခံသလိုလုပ်လဲမလုပ်နိုင်ပါဘူးသူတို့ဉပဒေကိုလက် မခံပါဘူးကူညီနိုင်ရင်ကူညီပေးပါပြည်သူ့ကာကွယ်ရေးဆိုရင်စစ်တိုက်ဖို့လဲမကြောက်ဘူးအသက်လဲပေးရဲ့ပါတယ်ဗျာ