ဖမ်းဆီးခံထားရတဲ့ သက္ကယ်ကျင်းရွာခံ ငါးဆယ်ကျော်အတွက် မိသားစုတွေ နေ့စဥ်ထမင်းဖိုးပေးနေရ

RFA Burmese
2024.06.16
ဖမ်းဆီးခံထားရတဲ့ သက္ကယ်ကျင်းရွာခံ ငါးဆယ်ကျော်အတွက် မိသားစုတွေ နေ့စဥ်ထမင်းဖိုးပေးနေရ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ သက္ကယ်ကျင်းရွာ မီးရှို့ခံထားရသည်ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့က တွေ့ရစဉ်။
5/ Commando Force

ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့က ဖမ်းဆီးခံထားရတဲ့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သက္ကယ်ကျင်းရွာခံ ၅၁ ဦးဟာ သုံးလကျော်လာတဲ့ဒီနေ့အထိ ပြန်လွတ်မလာသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေအတွက် ထမင်းဖိုးဆိုပြီး လူတစ်ဦးကို တစ်နေ့ ငွေကျပ်လေးထောင် ပေးနေရတယ်လို့ အမည်မဖော်လိုတဲ့ သက္ကယ်ကျင်းရွာခံ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။

"ကျွန်တော်တို့ ငါးရက်ကို ၅၁ ယောက် ကိုးသိန်းပေးရတယ်။ ဒါကတော့ ထမင်းဖိုး၊ လောလောဆယ် တစ်ယောက်ကို တစ်ရက်ကို လေးထောင်ပေးရတယ်။ မပေးနိုင်တဲ့လူတွေလည်း အများကြီးပေါ့။ ဒါပေမဲ့ မပေးနိုင်ဘူးဆိုပေမဲ့ ဖြစ်အောင် လုပ်ကြရတာပေါ့။ မီးလောင်လို့ ထောက်ပံ့ကြေးရတာလေးတွေတို့ နောက်ပြီး အလုပ်လုပ်တာ အခု အလုပ်လုပ်တယ်ဆိုရင် ရှင်းရှင်းပြောရရင် ထမင်းနှစ်နပ် တစ်နပ်ပေါင်းစားတဲ့သူတွေတောင် ရှိတယ်။ ဒီ ထမင်းဖိုးပေးနိုင်ဖို့ရာအတွက်"

မတ်လ ၁၄ ရက်နေ့က အင်အားခြောက်ဆယ်ကျော်ပါ စစ်ကြောင်းဟာ သက္ကယ်ကျင်းရွာကို ဝင်ရောက်စီးနင်းပြီး ဒေသခံ ၇၉ ဦးကို ဖမ်းဆီးခဲ့တာပါ။

"ထမင်းနှစ်နပ် တစ်နပ်ပေါင်းစားတဲ့သူတွေတောင် ရှိတယ်။ ဒီ ထမင်းဖိုးပေးနိုင်ဖို့ရာအတွက်"

အဲဒီအထဲက အသက်ကြီးသူ ၂၈ ဦးကို မတ်လ ၂၄ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပေမဲ့ လူငယ်နဲ့ လူလတ်ပိုင်းအရွယ် ၅၁ ဦးကိုတော့ မုံရွာမြို့နယ် အမှတ် (၁) ရဲစခန်းက အချုပ်ကားနှစ်စီးပေါ်မှာပဲ ဆက်ဖမ်းထားတာလို့ ဆိုပါတယ်။

အဲဒီအထဲမှာ လသားအရွယ်ကလေးရှိတဲ့ မိခင်နှစ်ဦးအပါအဝင် အမျိုးသမီး ၂၃ ဦးနဲ့ အမျိုးသား၂၈ ဦးပါဝင်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲဆိုထားတာလို့ ဆိုပါတယ်။

မတ်လ ၁၄ ရက်နေ့ ရွာထဲ ဝင်ရောက်စီးနင်းခံရချိန်ကလည်း နေအိမ်လေးရာခန့် မီးရှို့ခံရပြီး ဒေသခံသုံးဦးလည်း သတ်ဖြတ်ခံခဲ့ရတယ်လို့ သက္ကယ်ကျင်းရွာခံတွေက ပြောပါတယ်။

ဖမ်းဆီးခံထားရသူတွေဟာ လက်လုပ်လက်စား တောင်ယာလုပ်ကိုင်ကြသူတွေဖြစ်ပြီး ကာကွယ်ရေးတပ်တွေနဲ့ မပတ်သက်တာကြောင့် ပြန်လွှတ်ပေးစေချင်တယ်လို့ ဆိုပါတယ်။

မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကတော့ သက္ကယ်ကျင်းရွာကို ကာကွယ်ရေးတပ်တွေ ဝင်ထွက်နေတာကြောင့် ဒေသခံတွေကို ထောက်ပို့လို့ စွပ်စွဲဖမ်းဆီးခဲ့တာလို့ ပြောပါတယ်။

"အဓိကတော့ အဲဒီရွာမှာ ဒလန်သတင်းပေးနဲ့ အဲဒီမှာ PDF တွေက ဖြတ်သွားဖြတ်လာတွေ ရှိတယ်လေ။ ဖြတ်သွားဖြတ်လာရှိတဲ့အခါ ဒလန်တွေက သတင်းပို့လိုက်ရင် အဲဒီရွာမှာရှိတယ်ဆိုတော့ အဲရွာကို လာတော့တာပဲ။ သူတို့က ပြောရရင် ဘာလူ့အခွင့်အရေးမှ မရှိဘူး။ ဆိုလိုချင်တာကတော့ ကျွန်တော်တို့ ပြည်သူလို့ မမှတ်တော့ဘူး အကုန်လုံးကို ရန်သူလို့မှတ်တာ"

ဇွန်လ ၉ ရက်နေ့ကလည်း သက္ကယ်ကျင်းရွာကို အင်အားငါးဆယ်ကျော်ပါစစ်ကြောင်း ဝင်ရောက်စီးနင်းခဲ့ပြီး အသက်သုံးဆယ်အရွယ် ဒေသခံအမျိုးသားတစ်ဦးကို ပစ်သတ်သွားတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် သက္ကယ်ကျင်းရွာမှ မီးရှို့ဖျက်ဆီးခံထားရသည့် အဆောက်အအုံများအား ၂၀၂၄ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့က တွေ့ရစဥ်။ (Photo: 5/Commando Force)
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် သက္ကယ်ကျင်းရွာမှ မီးရှို့ဖျက်ဆီးခံထားရသည့် အဆောက်အအုံများအား ၂၀၂၄ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့က တွေ့ရစဥ်။ (Photo: 5/Commando Force)

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်ကတော့ ဖမ်းဆီးခံထားရတဲ့ လူငယ်တွေကို စစ်မြေပြင်မှာအသုံးပြုတာတွေ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

"အခုဖမ်းဆီးခံထားရတဲ့ ရွာသူရွာသားတွေအနေနဲ့လည်း သူကတော့ လူအင်အားလည်း အသည်းအသန် လိုအပ်နေတဲ့အခြေအနေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ စစ်မြေပြင်မှာ လူသားဒိုင်းအဖြစ် အသုံးပြုတာမျိုးတွေ၊ ပြီးတော့ အဓမ္မ စစ်မှုထမ်းခိုင်းတာမျိုးတွေလည်း လုပ်ဆောင်လာနိုင်ချေ ရှိတယ်။ ဒီအခြေအနေတွေကို အမြန်ဆုံး ရပ်တန့်အောင် ကျွန်တော်တို့လည်း အစွမ်းကုန်ကြိုးစားလျက်ရှိသလို နိုင်ငံတကာအနေနဲ့လည်း လျစ်လျူရှု မနေဘဲနဲ့ ထိရောက်တဲ့ကူညီမှုတွေ လုပ်ကြဖို့လိုအပ်ပြီလို့ ပြောချင်ပါတယ်"

ဒီအပေါ်တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇွန်လ ၁၄ ရက်နေ့အထိ စာရင်းအရ အာဏာသိမ်းသုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်ကြောင့် နိုင်ငံတစ်ဝန်းမှာ အရပ်သားနှစ်သောင်းခွဲကျော် (၂၆,၈၆၅ ဦး) ဖမ်းဆီးခံခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။