သင်္ဃန်းညီနောင်စစ်ဗျူဟာကုန်းသိမ်းပြီးနောက် မြို့စောင့်တပ် ခလရ ၂၇၅ ကို လက်နက်ချဖို့ ညှိနှိုင်းနေ

RFA Burmese
2024.04.06
သင်္ဃန်းညီနောင်စစ်ဗျူဟာကုန်းသိမ်းပြီးနောက် မြို့စောင့်တပ် ခလရ ၂၇၅ ကို လက်နက်ချဖို့  ညှိနှိုင်းနေ ကရင်ပြည်နယ် မြ၀တီမြို့နယ်က သင်္ဃန်းညီနောင် စစ်ဗျူဟာကုန်းအား မဟာမိတ်ပူးပေါင်းတပ်များမှ သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများအား ၂၀၂၄ ခုနှစ် ဧပြီလ ၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်ကို တွေ့ရစဉ်။
Citizen Journalist

ကရင်ပြည်နယ် မြဝတီမြို့က သင်္ဃန်းညီနောင် စစ်ဗျူဟာကုန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)နဲ့ မဟာမိတ်ပူးပါင်းတပ်တွေက ဧပြီလ ၅ ရက်နေ့က သိမ်းပိုက်ခဲ့ပြီး ဧပြီလ ၆ ရက်နေ့မှာ မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ တပ်ရင်းထဲက စစ်ကောင်စီတပ်ဖွဲ့တွေ လက်နက်ချဖို့ စစ်ကြောင်း တာဝန်ရှိသူတွေ ညှိနှိုင်းနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။

"သင်္ဃန်းညီနောင်ကတော့ အားလုံးရှင်းပြီးသွားပြီ၊ ဗျူဟာတွေ ဘာတွေအကုန် ဘာမှမရှိတော့ဘူး၊ လက်နက်တော်တော်များများရတယ်၊ အခုဟာက သူတို့ မနေ့ကတစ်နေကုန် ထုနေတာ၊ အဲ့ဒီ ၂၇၅ ကနေ၊ ဟောက်ဝစ်ဇာတွေနဲ့ ပစ်လိုက်၊ ၁၂၀ တွေနဲ့ ပစ်လိုက် လုပ်နေတယ်၊ ၂၇၅ က မကျသေးဘူး၊ အလံဖြူထောင်တယ်ဆိုတာ သူတို့နည်းနည်းညှိနေလို့ ဖြစ်လိမ့်မယ်၊ ကျွန်တော်ထင်တာတော့ မြို့ထဲအဝင်မခံဘူးနဲ့ တူပါတယ်၊ ၂၇၅ ဟိုဘက်ဆိုတာနဲ့ မြဝတီရောက်ပြီလေ မြို့အကျမခံတဲ့ပုံစံရှိတယ်"

မြဝတီမြို့ သင်္ဃန်းညီနောင် စစ်ဗျူဟာကုန်းကို KNLA မဟာမိတ်ပူပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ စစ်ကောင်စီ အရာရှိ အဆင့် ၆၇ ဦး၊ အခြားအဆင့်၊ တပ်သား၊ ရဲနဲ့ မိသားစုဝင်တွေ အပါအဝင် ၆၁၇ ဦး လက်နက်ချခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဧပြီလ ၆ ရက် ညနေပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

အဲဒီ သင်္ဃန်းညီနောင် စစ်ဗျူဟာကုန်းစခန်းဟာ လွန်ခဲ့တဲ့ ၁၉၆၈ ခုနှစ်ကနေ အခု ၂၀၂၄ ခုနှစ်အထိ စစ်တပ်က ၅၆ နှစ်အကြာ တပ်စွဲထားတဲ့ ကရင်ပြည်နယ်ထဲက သက်တမ်းအရှည်ဆုံး စစ်ဗျူဟာစခန်းဖြစ်တယ်လို့ ဆိုပါတယ်။

သင်္ဃန်းညီနောင် စစ်ဗျူဟာကုန်းစခန်းက ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတော့ ကရင်နယ်ခြားစာင့်တပ် (BGF) ထိမ်းချုပ်နယ်မြေ ရွှေကုက္ကိုမြို့သစ်က စာသင်ကျာင်းဆောင်မှာ ယာယီထိမ်းသိမ်း စောင့်ရှောက်ထားတယ်လို့ မြဝတီမြို့က BGF တပ်နဲ့နီးစပ်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက အတည်ပြုပြောပါတယ်။

ကရင်ပြည်နယ် မြ၀တီမြို့နယ်က သင်္ဃန်းညီနောင် စစ်ဗျူဟာကုန်းတိုက်ပွဲအတွင်း လက်နက်ချခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့အား KNU မှ ၂၀၂၄ ခုနှစ် ဧပြီလ ၆ ရက်နေ့တွင် ထုတ်ပြန်ထားစဉ်။ (Photo: KNU)
ကရင်ပြည်နယ် မြ၀တီမြို့နယ်က သင်္ဃန်းညီနောင် စစ်ဗျူဟာကုန်းတိုက်ပွဲအတွင်း လက်နက်ချခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့အား KNU မှ ၂၀၂၄ ခုနှစ် ဧပြီလ ၆ ရက်နေ့တွင် ထုတ်ပြန်ထားစဉ်။ (Photo: KNU)

မြဝတီမြို့နဲ့ အနီးဆုံးနေရာန စစ်ကောင်စီရဲ့ ခလရ ၂၇၅ တပ်ရင်းထဲက စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ နီးပါး လက်နက်ချဖို့ KNLA စစ်ကြောင်းတာဝန်ရှိသူတွေ၊ BGF တပ်ဖွဲ့တာဝန်ရှိသူတွေနဲ့ စစ်ကောင်စီတပ်ရင်းက အရာရှိတွေ ညှိနှိုင်းနေတဲ့ အခြေအနေအပေါ် RFA က သီးခြားအတည်ပြုနိုင်ဖို့ ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။

လတ်တလော မြဝတီမြို့မှာ နှစ်ဘက်တိုက်ပွဲတွေ ဆက်ဖြစ်နေရာကနေ မြဝတီမြို့တွင်းနေရာတွေကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းက ဗုံးကြဲတာတွေ လုပ်ဆောင်လာမှာ စိုးရိမ်နေရတယ်လို့ မြဝတီမြို့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

"လေကြောင်းရန် အခြေအနေကတော့ သူတို့ကတော့ အကုန်လုံးစိတ်ပူနေကြတယ်၊ တစ်ခုခုသူတို့ဘက်က ဆုံးရှုံးရင်တော့ မယုံရဲဘူးလေ၊ တစ်ခါမှလည်း သူတို့ကို ယုံကြည်လို့မရဘူးလေ၊ အဲ့လိုလုပ်နေကြပဲ ဆိုတော့လေ"

ကရင်ပြည်နယ် မြ၀တီမြို့နယ်က သင်္ဃန်းညီနောင် စစ်ဗျူဟာကုန်းအား မဟာမိတ်ပူးပေါင်းတပ်များမှ သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများအား ၂၀၂၄ ခုနှစ် ဧပြီလ ၆ ရက်နေ့တွင် ထုတ်ပြန်ထားစဉ်။ (Photo: KNU)
ကရင်ပြည်နယ် မြ၀တီမြို့နယ်က သင်္ဃန်းညီနောင် စစ်ဗျူဟာကုန်းအား မဟာမိတ်ပူးပေါင်းတပ်များမှ သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများအား ၂၀၂၄ ခုနှစ် ဧပြီလ ၆ ရက်နေ့တွင် ထုတ်ပြန်ထားစဉ်။ (Photo: KNU)

မြဝတီမြို့က စစ်ကောင်စီရဲ့ သင်္ဃန်းညီနောင် စစ်ဗျူကုန်းစခန်းအပါအဝင် ခမရ ၃၅၅၊ ၃၅၆၊ ၃၅၇ တပ်ရင်းတွေကို KNLA မဟာမိတ်တပ်တွေ တိုက်ခိုက်သိမ်းပိုက်တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသလို ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းကျော်သူကို တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

ဧပြီလ ၆ ရက်နေ့မှာ သင်္ဃန်းညီနောင်ကျေးရွာဘက်က KNLA မဟာမိတ်တပ်တွေ စစ်ရေးလှုပ်ရှားတဲ့နေရာတွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်ရှိနေသလို ကော့ကရိတ်မြို့နဲ့ ဖာပွန်မြို့ဘက်မှာလည်း လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာ၊ လေယာဉ် ကင်းထောက်ပျံသန်းတာတွေ ဆက်ရှိနေ တယ်လို့ KNLA ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။