သွေးသောက် လူသတ်အဖွဲ့နောက်မှာ စစ်ကောင်စီ ရှိတယ်လို့ ဝေဖန်ပြောဆိုနေ
2022.04.28

သွေးသောက်လို့ အမည်ပေးထားတဲ့အဖွဲ့တစ်ခုက မန္တလေးမြို့မှာ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း လူ ၈ ဦး ကို သတ်ဖြတ်ခဲ့ပါတယ်။ သတ်ဖြတ်ခံရသူတွေဟာ NLD ပါတီဝင်တွေနဲ့ သူတို့မိသားစုဝင်တွေ၊ ထောက်ခံသူတွေဖြစ်ပြီး အဲဒီသူတွေဟာ သေနတ်ဒဏ်ရာ၊ ဓားဒဏ်ရာတွေနဲ့ သေဆုံးတာဖြစ်ပါတယ်။
မန္တလေးက သွေးသောက်အဖွဲ့ဆိုတဲ့အမည်နဲ့ ဧပြီ ၂၁ ရက်နေ့မှာ တယ်လီဂရမ်က ထုတ်ပြန်တဲ့ ကြေညာချက်တစ်ခုမှာတော့ NLD ပါတီဝင်တွေ၊ ပါတီကိုထောက်ခံသူတွေ၊ PDF အဖွဲ့ဝင်တွေ၊ ဆက်နွှယ်သူတွေကို သတ်ဖြတ်ချေမှုန်းမယ်လို့ ပါရှိပါတယ်။
အခု အသတ်ခံရသူ တချို့ရဲ့ လည်ပင်းတွေမှာ သွေးသောက်အဖွဲ့လို့ ရေးထားတဲ့ ကတ်ပြားတွေကို ချိတ်ဆွဲထားတာ တွေ့ရပါတယ်။
ရန်ကုန်မြို့မှာလည်း ဧပြီလ ၂၈ ရက်နေ့က ရုပ်ရှင်မင်းသား ဟိန်းထက်ရဲ့နေအိမ်ကို လက်နက်ကိုင်တစ်စုဝင်ရောက်ပြီး သေနတ်နဲ့ ပစ်ခတ်လို့ သူ့ရဲ့ အဘိုးဖြစ်သူသေဆုံးသွားတယ်လို့ ကြားသိရပါတယ်။
မင်းသား ဟိန်းထက်ဟာ လက်ရှိ PDF အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။ ရန်ကုန်သွေးသောက်အဖွဲ့လို့ အမည်ပေးထားတဲ့အဖွဲ့က သူတို့လက်ချက်ဖြစ်တယ်လို့ ထုတ်ပြန်ပြောဆိုပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက သူတို့အနေနဲ့ ပြည်သူ့စစ်အဖွဲ့တစ်ခုပဲ ဖွဲ့စည်းထားပြီး တခြား မည်သည့်အဖွဲ့အစည်းကိုမျှ ဖွဲ့စည်းထားတာ မရှိဘူးလို့ ဧပြီလ ၂၇ ရက်နေ့က ပြောပါတယ်။ ဒါပေမဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းအောင်ကတော့ ဒါဟာ စစ်ကောင်စီရဲ့ လက်ချက်ပဲလို့ ဝေဖန်ပါတယ်။
“ဒီကိစ္စကတော့ စစ်ကောင်စီရဲ့ လက်ရာဆိုတာကတော့ လူတိုင်း သိပြီးသားပါ။ ဒါပေမဲ့လို့ ဒါတွေက သူဘယ်လောက်ထိ လူထုအပေါ် ဒီလို လုပ်နိုင်မှာလဲဗျာ၊ ဒါကို လူထုနဲ့ ပြည်သူကလည်း လက်မခံဘူး။ ကမ္ဘာကလည်း လက်ခံမှာ မဟုတ်ပါဘူး။ စစ်ကောင်စီကတော့ ဒီနေ့ ရှိနေတဲ့ ပြည်သူ့ ခုခံစစ်ကို မတွန်းလှန်နိုင်တာနဲ့၊ မချေမှုန်းနိုင်တာနဲ့ ဒီယုတ်မာတဲ့နည်းတွေ၊ ပက်စက်တဲ့နည်းတွေ သုံးလာတာပေါ့။ ဒါကို လူထုအားနဲ့ ကျော်လွှားနိုင်မှာပါ။”
ကျောက်တန်း PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ကိုဒီပါက ဒီသတ်ဖြတ်မှုတွေ နောက်ကွယ်မှာ စစ်တပ်နောက်ခံပြု ပျူစောထီးအဖွဲ့တွေ ရှိနိုင်တယ်။ ပြည်သူတွေအနေနဲ့ မိမိကိုယ်မိမိ ခုခံကာကွယ်နိုင်အောင် ပြင်ဆင်ထားကြပါလို့ အကြံပေးပါတယ်။
“ကျနော်တို့ လက်လှမ်းမီတဲ့နေရာတွေကနေတစ်ဆင့် တိုးပြီးတော့လည်း ပြည်သူတွေဘက်မှာ တစ်သားတည်း ရပ်တည်နေမှာပါ။ ကျနော်တို့ ကာကွယ်မှု လက်လှမ်းမမီတဲ့နေရာကျရင် ပြည်သူတို့ မိမိကိုယ်ကို ကာကွယ်ပိုင်ခွင့်ရှိတဲ့ ပြည်သူတွေအနေနဲ့ အမြဲတမ်း မိမိရပ်ကွက်၊ မြို့နယ် ခရိုင်အလိုက် မျက်ခြည်မပြတ်ဘဲ စောင့်ကြည့်နေပါ၊ သတိဝီရိယနဲ့ နေဖို့ မိမိကိုယ်ကို ခုခံကာကွယ်နိုင်အောင် ပြင်ဆင်ထားဖို့ တိုက်တွန်းချင်ပါတယ်။”
ဒီမိုကရေစီ ပြန်လည်ရရှိရေးလှုပ်ရှားသူ ဆရာတော် မင်းသုညကတော့ အခုလို တိုင်းပြည်မှာ ဖြစ်ပျက်နေတာကို ဗုဒ္ဓဘာသာ ဆရာတော်ကြီးတွေအနေနဲ့ အတိအလင်း ထုတ်ဖော်ဟောပြော ဆုံးမသင့်တယ်လို့ မိန့်ကြားပါတယ်။
“မြန်မာနိုင်ငံမှာရှိနေကြတဲ့ ဘုန်းကြီးတွေကလည်း လျစ်လျူရှုပြီး မနေသင့်ဘူး။ မိမိတို့ ကျေးဇူးရှင် ပြည်သူပြည်သားတွေ စစ်ကိုင်းမှာဆိုရင်လည်းပဲ ရွာလုံးကျွတ်တွေ မီးရှို့ အသတ်ခံနေရတယ်။ ဘာမှလည်း အပြစ်မရှိဘူး။ အခုလည်းပဲ ဒါသွေးသောက်အဖွဲ့ဟေ့ ဆိုပြီးတော့ မြို့လယ်ကောင်တွေအထိ ရက်ရက်စက်စက် ဝင်သတ်ဖြတ်နေတယ်ဆိုတာ ဒါဟာ စစ်မိစ္ဆာတွေက ခိုင်းနေတယ်ဆိုတာ သိနေတာပဲ။ မြန်မာနိုင်ငံမှာ ရဟန်း ၄ သိန်းကျော်ရှိနေတယ်၊ သီလရှင်ခြောက်သောင်းကျော် ရှိနေတယ်။ ပြည်သူလူထုတွေရဲ့ လှူဒါန်းတဲ့ ဆွမ်းတွေတော့ စားခဲ့ကြပြီးတော့ ပါးစပ်ပိတ်နေကြမယ်။ စစ်မိစ္ဆာတွေက တစ်တိုင်းပြည်လုံးကို သတ်ဖြတ်နေတယ် နောက်ထပ်လည်းပဲ အဖွဲ့တွေ ဖွဲ့ပြီးတော့ သတ်ဖြတ်ခိုင်းနေတယ်။ ဒါတွေကို သိနေတာကို ရေငုံ နှုတ်ပိတ်နေကြမယ်ဟေ့ဆိုရင်တော့ ဗုဒ္ဓလမ်းစဉ်တွေနဲ့ သွေဖည်နေတယ်။”
ပြည်သူ့ဘက်ပြောင်း CDM ဗိုလ်ကြီး ညီသုတကတော့ ဒီကိစ္စနောက်ကွယ်မှာ စစ်ကောင်စီ ထောက်ခံတဲ့ မဘသလို အဖွဲ့တွေ ရှိနိုင်တယ်။ ဒါဟာ နိုင်ငံတကာကိုလှည့်စားဖို့ စစ်ကောင်စီက ကြံစည်တာဖြစ်တယ်။ ဒီသတ်ဖြတ်မှုတွေဟာ သူတို့ စစ်ကောင်စီနဲ့ တစ်စုံတစ်ရာ ပတ်သက်ခြင်း မရှိဘဲ လူမှုအသိုင်းအဝန်းတွေအကြား ပေါ်ပေါက်တဲ့ ပြဿနာသတ်သတ်မျှ ဖြစ်ပါတယ်ဆိုပြီး ဝါဒဖြန့်နိုင်တယ်လို့ သုံးသပ်ပါတယ်။
“ကျနော်တို့သိထားသလောက်က အမျိုးဘာသာ သာသနာ စောင့်ရှောက်တဲ့ အဖွဲ့တွေနဲ့ နီးစပ်တယ်။ သူတို့ ကိုယ်တိုင် လုပ်တယ်လို့ ဝန်ခံထားတာတွေ ရှိတယ်လို့ တွေ့ရတယ်။ တချို့တွေလည်း စစ်တပ်ကနေပြီး သွယ်ဝိုက်ထောက်ပံ့မှုတွေ ရှိနိုင်တယ်ပေါ့ စစ်ကောင်စီအနေနဲ့ ဒီလိုမျိုး အရပ်သား အရပ်သားအချင်းချင်း ဖြစ်တဲ့ ပုံစံမျိုး ပဋိပက္ခဆိုတာမျိုး နိုင်ငံတကာကို ပြတယ်ဆိုရင် သူတို့အတွက် ပိုပြီးကောင်းတယ်ပေါ့ဗျာ။ နိုင်ငံတကာကလည်း ဒါသည် အယူအဆမတူတဲ့သူတွေကြားထဲက ပဋိပက္ခလို့ မြင်သွားနိုင်တာမျိုးလည်းရှိပါတယ်။ စစ်တပ်နဲ့ ပြည်သူနဲ့ ဖြစ်တဲ့ အခြေအနေနဲ့ ပြည်သူကြားထဲမှာမှ စစ်တပ်ကမဟုတ်တဲ့ တခြားအဖွဲ့တွေနဲ့ ဖြစ်တဲ့ ပုံစံကျတော့ နိုင်ငံတကာ ရှုမြင်ပုံလည်း ကွာသွားနိုင်ပါတယ်။”
ဒါ့အပြင် ဗိုလ်ကြီး ညီသုတ က စစ်ကောင်စီနဲ့ ပတ်သက်နေတဲ့အဖွဲ့အစည်းတွေရော ဒီမိုကရေစီ ပြန်လည်ရရှိရေးလှုပ်ရှားနေတဲ့အဖွဲ့အစည်းတွေပါ လက်နက်ကိုင်ဆောင်ခြင်းမရှိတဲ့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း မပြုလုပ်ဘူးဆိုတဲ့အချက်ကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောကြားသင့်တယ်လို့လည်း တိုက်တွန်းပါတယ်။