မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီတံခါးပိတ်ဆွေးနွေး

စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2024.02.05
မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီတံခါးပိတ်ဆွေးနွေး ၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးပွဲအပြီး ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ တက်ရောက်လာသော ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း။
Photo: UN

ဒီတံခါးပိတ်အစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် အာလွန်ကယ်ကစ်တစ်ခွန်က အဓိကဆွေးနွေးတင်ပြခဲ့တာပါ။ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်တွေဖြစ်တဲ့ ဗြိတိန်၊ အမေရိကန်၊ ပြင်သစ်နဲ့ အလှည့်ကျ အဖွဲ့ဝင်ခြောက်နိုင်ငံပေါင်းပြီး ဆွေးနွေးပွဲအပြီး ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ရုရှားနဲ့ ကျန်တဲ့အလှည့်ကျအဖွဲ့ဝင် လေးနိုင်ငံကတော့ ကြေညာချက်ထုတ်တဲ့အထဲမှာ မပါပါဘူး။

"ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားတာ သုံးနှစ်ပြည့်သွားပါပြီ၊ ဒီနေ့ထိ တိုင်းပြည်တွင်း အခြေအနေဟာ ဆိုးရွားနေဆဲ ဖြစ်ပါတယ်။ မြန်မာစစ်တပ်က လေကြောင်းသုံးပြီး အရပ်သားပြည်သူတွေကို ဆက်လက်တိုက်ခိုက်နေတာကို အပြင်းအထန် ရှုတ်ချပါတယ်" လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ် ဘာဘရာ ဝုထ်ဝါ့ထ် (Barbara Woodward) က ပြောပါတယ်။

"သုံးနှစ်အတွင်းမှာ လူသန်းပေါင်း ၁၈ သန်းကျော် လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေပါတယ်။ လူသန်းပေါင်း နှစ်သန်းခွဲကျော်ဟာလည်း နေရပ်စွန့်ခွာ ထွက်ပြေးနေရဆဲပါ။ အမျိုးသမီးတွေ ကလေးငယ်တွေအပါအဝင် လူနည်းစုတိုင်းရင်းသားဒေသတွေအထိ အကူအညီပေးရေးပစ္စည်းတွေ အဟန့်အတားမရှိ ပို့ခွင့်ရဖို့ ထပ်မံတောင်းဆိုပါတယ်။ အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်သွားပြီးနောက် ရခိုင်ပြည်နယ်တွင်းက အခြေအနေတွေကိုလည်း အထူးစိုးရိမ်လျှက်ရှိပါတယ်။ ဆယ်စုနှစ်နဲ့ချီ စနစ်တကျ ခွဲခြားဆက်ဆံခံခဲ့ရတဲ့ ရိုဟင်ဂျာတွေဟာ ပဋိပက္ခတွေကြောင့် ဒုက္ခပိုခံနေကြရပါတယ်"

"ကုလလုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက် ၂၆၆၉ မှာ ပါတဲ့အတိုင်း အကြမ်းဖက်မှုအားလုံးကို ရပ်တန့်ဖို့၊ သမ္မတဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးထားသူတွေအားလုံးကို ပြန်လွှတ်ဖို့၊ မြန်မာပြည်သူတွေရဲ့ စိတ်ဆန္ဒနဲ့ လွတ်လပ်မှု အခြေခံအခွင့်အရေးတွေကို သက်ဆိုင်သူအားလုံးက လိုက်နာဖို့ ထပ်မံတောင်းဆိုပါတယ်။ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို မြန်မာစစ်တပ်က အခုထက်ထိ လိုက်နာဆောင်ရွက်တာ မရှိသေးတဲ့အပေါ် အထူးစိုးရိမ်ပါတယ်"

"မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ထောက်ခံကြောင်းနဲ့ အပြည့်အဝ ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ အာဆီယံဘုံသဘောတူညီချက်တွေကို လိုက်နာအကောင်အထည်ဖော်ဖို့လည်း တိုက်တွန်းလိုပါတယ်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အနေနဲ့လည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အမြန်ဆုံးပြန်ခန့်အပ်ဖို့လည်း တောင်းဆိုပါတယ်" လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ် ဘာဘရာ ဝုထ်ဝါ့ထ် (Barbara Woodward) က ပြောပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းကလည်း သတင်းစာရှင်းလင်းပွဲလုပ်ပြီး နိုင်ငံတကာအနေနဲ့ မြန်မာစစ်တပ်ကို အမြန်ဆုံးထပ်တိုးအရေးယူဖို့၊ မြန်မာပြည်သူတွေရဲ့ အသက်ကိုကယ်တင်ဖို့ ပြောဆိုလိုက်ပါတယ်။

"လုံခြုံရေးကောင်စီက ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှာ ဆုံးဖြတ်ချက်တစ်ရပ်ချခဲ့ပေမဲ့ စစ်ကောင်စီဟာ ပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ဆက်လက်ကျူးလွန်နေဆဲဖြစ်ပါတယ်။ ဆုံးဖြတ်ချက်မလိုက်နာတဲ့ စစ်တပ်ကို လုံခြုံရေးကောင်စီက အခုထက်ထိဘာမှ အရေးမယူနိုင်သေးပါဘူး။ ဒါတွေကို လိုက်မလုပ်ရင် ဘယ်လိုအရေးယူမယ်ဆိုတဲ့ enforceable resolution အရေးယူဆုံးဖြတ်ချက်တစ်ရပ်ကို ကျွန်တော်တို့ လိုလားပါတယ်"

"မြန်မာစစ်တပ်ဟာ ဂျက်တိုက်လေယာဉ်တွေ၊ ဟယ်လီကော်ပတာတွေသုံးပြီး အရပ်သားပြည်သူတွေနေတဲ့နေရာတွေ၊ ကျောင်းတွေ၊ ဆေးရုံတွေ၊ ဘာသာရေးအဆောက်အဦတွေကို တိုက်ခိုက်နေဆဲဖြစ်ပါတယ်။ ဒီနေ့မှာတင် ကရင်နီပြည်နယ်က ကျောင်းတစ်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေ အများအပြားသေဆုံးခဲ့ရပါတယ်။ မြန်မာစစ်တပ်ဆီ လေယာဉ်ဆီတွေ မရောက်အောင်လုပ်ဖို့ လုပ်ဖို့ အရေးတကြီးလိုနေပါတယ်။ မြန်မာပြည်သူတွေရဲ့ အသက်တွေကို ကာကွယ်ပေးဖို့ ဘာတွေထပ်စောင့်နေကြတာလဲလို့ ကျွန်တော်ထပ်ပြီး မေးခွန်းထုတ်ချင်ပါတယ်"

"အခုအချိန်မှာ ဒီမိုကရက်တစ်အင်အားစုတွေဘက်က နေ့တိုင်း နယ်မြေစိုးမိုးမှုတွေတိုးလာနေပြီး၊ စစ်တပ်ဘက်က နေ့တိုင်း ကျရှုံးလာနေပါတယ်။ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က စတဲ့ ၁ဝ၂၇ စစ်ဆင်ရေးနောက်ဆက်တွဲကိုကြည့်ရင် မြန်မာစစ်တပ်ဟာ သိပ်ပြီးမခိုင်မာဘူး၊ ပြိုလဲနိုင်တဲ့အဖွဲ့ဆိုတာ သေချာပါတယ်။ ကျွန်တော်တို့ရဲ့ တော်လှန်ရေးဟာ ကိုယ့်နိုင်ငံသားတွေ ကိုယ့်ပြည်သူလူထုကို အခြေပြုတဲ့ တော်လှန်ရေးဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာအကူအညီလိုပါတယ်။ ဒါကြောင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာပြည်သူတွေရဲ့ အသက်ကိုကယ်ဖို့ ချပြီးသားဆုံးဖြတ်ချက်ကို ပြန်သုံးသပ်ဖို့နဲ့ ဖြစ်နိုင်ချေရှိတဲ့ ဆုံးဖြတ်ချက်သစ်တစ်ခု ချမှတ်ပေးဖို့ တောင်းဆိုပါတယ်"

၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးပွဲအပြီး ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ တက်ရောက်လာသော ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ် ဘာဘရာ ဝုထ်ဝါ့ထ် (Barbara Woodward)။ (Photo: UN)
၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးပွဲအပြီး ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ တက်ရောက်လာသော ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ် ဘာဘရာ ဝုထ်ဝါ့ထ် (Barbara Woodward)။ (Photo: UN)

မနေ့က တံခါးပိတ်အစည်းအဝေးကို ဗြိတိန်နိုင်ငံက ဦးဆောင်တာဖြစ်ပြီး ဘာတွေဆွေးနွေးခဲ့ကြလဲဆိုတာတော့ အသေးစိတ်မရှိရသေးပါဘူး။ ကုလလုံခြုံရေးကောင်စီဟာ ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလက မြန်မာ့အရေးနဲ့ပတ်သက်ပြီး ပထမဆုံး ဆုံးဖြတ်ချက်တစ်ရပ်ချခဲ့ပေမဲ့ ဒီဆုံးဖြတ်ချက်ကို စစ်ကောင်စီဘက်က လိုက်နာဆောင်ရွက်တာ မရှိဘူးလို့ နိုင်ငံရေးလေ့လာသူတွေက ထောက်ပြကြပါတယ်။

မနေ့က လုံခြုံရေးကောင်စီတွင်း တံခါးပိတ်ဆွေးနွေးနေချိန်မှာတောင် စစ်ကောင်စီက အကြမ်းဖက်လုပ်ရပ်တွေ ရပ်မသွားဘဲ ကရင်နီဒေသက ကျောင်းတစ်ကျောင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် လေးဦး သေဆုံးပြီး ဆယ်ဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ ဒါပေမဲ့ စစ်ကောင်စီကတော့ ဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက်မဟုတ်ဘူးလို့ ငြင်းချက်ထုတ်ပြန်ထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ထိန်းချုပ်နယ်မြေတွေကို စွန့်လွှတ်မှာမဟုတ်ကြောင်း TNLA ပြော
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

မောင်ကိုကိုနိုင်
2024-02-05 19:01

မျက်နှာခြင်းဆိုင်တွေ့ပြီးခင်ဗျားဘာလုပ်ပေးနိုင်သလဲမေးတာကမှ တိုတက်မှုရှိအုံးမယ်။လုပ်ဆောင်ရာ၌တိုးတက်မှုလုံဝဥဿုံမရှိပါ