မြန်မာ့အရေး လုံခြုံရေးကောင်စီ ဆောင်ရွက်ချက်ကို စိတ်ပျက်မိကြောင်း ဦးကျော်မိုးထွန်းပြော

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2025.01.30
မြန်မာ့အရေး လုံခြုံရေးကောင်စီ ဆောင်ရွက်ချက်ကို စိတ်ပျက်မိကြောင်း ဦးကျော်မိုးထွန်းပြော ၂ဝ၂၅ ခုနှစ် ဇန်နဝါရီလ ၃ဝ ရက်နေ့က ကျင်းပသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ညီလာခံအပြီး သတင်းစာရှင်းလင်းပွဲ တက်ရောက်လာသည့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း။
Photo: UN

ကုလသမဂ္ဂနဲ့ နိုင်ငံတကာအနေနဲ့ စစ်ကောင်စီ ကျင်းပမဲ့ ‘အတုအယောင်’ ရွေးကောက်ပွဲကို လက်မခံကြဖို့နဲ့ မြန်မာစစ်တပ်ကို လက်နက်နဲ့ လောင်စာဆီ ရောင်းချမှုတွေ ရပ်တန့်ကြဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

ဇန်နဝါရီလ ၃၀ ရက်နေ့က  ကုလသမဂ္ဂလုံခြုံရေးကောင်စီ ညီလာခံအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တောင်းဆိုခဲ့တာပါ။

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းကာလ လေးနှစ်ပြည့်ခါနီးအချိန်မှာ မြန်မာပြည်သူတွေ နေ့တိုင်းဒုက္ခဆင်းရဲတွေ ခံစားနေရပြီး၊ အသက်ပေါင်းများစွာ သေကျေပျက်စီးနေကြရတယ်လို့လည်း ဆိုပါတယ်။

ဒီအခြေအနေတွေကြားမှာပဲ စစ်ကောင်စီဟာ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုအပါအဝင် ဆိုးဝါးပြင်းထန်တဲ့ ရာဇဝတ်မှုတွေကို ဆက်လက်ကျူးလွန်နေကြောင်း ဦးကျော်မိုးထွန်းက ပြောပါတယ်။

မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကို ရပ်တန့်ဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာက ထိရောက်တဲ့ ဆောင်ရွက်မှုမရှိတာကိုလည်း ထောက်ပြပါတယ်။

"အစပိုင်းမှာ မြန်မာပြည်သူတွေဟာ ကုလသမဂ္ဂကနေ ကတိပေးထားတဲ့အတိုင်း မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ ပြည်သူတွေရဲ့ အသက်တွေကို အကာအကွယ်ပေးဖို့ ဆောင်ရွက်နိုင်လိမ့်မယ်လို့ ထင်ခဲ့ကြပါတယ်။ တဖြည်းဖြည်းနဲ့ ကုလသမဂ္ဂ အပေါ်မှာ အထူးသဖြင့် လုံခြုံရေး ကောင်စီအပေါ်မှာ ထားတဲ့ သူတို့ရဲ့ မျှော်လင့်ချက်နဲ့ ယုံကြည်ချက်တွေ လျော့ပါးလာပါတယ်။ မြန်မာနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ ကို ချမှတ်နိုင်ခဲ့တာတောင်မှ အကောင်အထည် မဖော်နိုင်သေးပါဘူး။ မြန်မာပြည်သူတွေဟာ နိုင်ငံတကာက ထိရောက်တဲ့ ဆောင်ရွက်ချက်တွေ မရှိတဲ့အတွက် အလွန် စိတ်ပျက်နေတဲ့အကြောင်း ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကလည်း ဒီနေရာမှာတင် ကျွန်တော်ပြောခဲ့ပြီး ဖြစ်ပါတယ်"

မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ဆန့်ကျင်ရှုတ်ချပြီး၊ ချက်ချင်းရပ်တန့်ဖို့ တိုက်တွန်းကြောင်း ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်နိုင်ငံ ဒုတိယသံအမတ်ကြီးက သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။


ဆက်နွှယ်သောသတင်းများ

အဖိနှိပ်ခံ မြန်မာပြည်သူတွေကို ထောက်ခံအားပေးဖို့ ကုလအထူးကိုယ်စားလှယ် တိုက်တွန်း

ကုလအတည်ပြုလိုက်တဲ့ မြန်မာ့အရေးမူကြမ်းအပေါ် စိတ်ပျက်မိကြောင်း ဦးကျော်မိုးထွန်း ပြော

ကုလသမဂ္ဂမှာ မြန်မာကိုယ်စားပြုခွင့် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရရှိ


လုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက်ချဖို့ ဗြိတိန်နိုင်ငံက ဦးဆောင်ကြိုးပမ်းခဲ့ပေမဲ့ အဖွဲ့ဝင်တချို့ရဲ့ကန့်ကွက်မှုကြောင့် မအောင်မြင်ခဲ့တဲ့အကြောင်း ဒုတိယသံအမတ်ကြီးက ဂျိန်းစ် ကရီယူကီက ပြောသွားပါတယ်။

"လွန်ခဲ့တဲ့ ငါးလကပဲ မြန်မာနိုင်ငံက သက်ဆိုင်တဲ့ အဖွဲ့အားလုံး အရပ်သားပြည်သူတွေအပေါ် တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့၊ နိုင်ငံတကာဥပဒေတွေကို လိုက်နာဖို့နဲ့ စစ်တပ်ကို လက်နက်နဲ့လောင်စာဆီ ရောင်းချမှုတွေ ရပ်တန့်ဖို့ တိုက်တွန်းထားတဲ့ resolution ဆုံးဖြတ်ချက် မူကြမ်းတစ်စောင်ကို ဗြိတိန်နိုင်ငံကနေ ဖြန့်ချိခဲ့ပါတယ်။ လုံခြုံရေးကောင်စီအတွင်းက လူနည်းစုတချို့ကြောင့် ဒီအတိုင်း မလုပ်ဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် အခုမြန်မာပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခဆင်းရဲတွေက လုံခြုံရေးကောင်စီ အခုချက်ချင်း ဆောင်ရွက်ဖို့ တောင်းဆိုနေပါတယ်။ လုံခြုံရေးကောင်စီ အဖွဲ့ဝင်အများစုက ဒီအတိုင်း လုပ်ပေးချင်ကြပါတယ်။ အာဆီယံကတောင်မှ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ ပြောထားပါတယ်"

ကုလသမဂ္ဂနဲ့ အာဆီယံအနေနဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ အကျိုးကို ရှေးရှုပြီး၊ မြန်မာနိုင်ငံအကျပ်အတည်းပြေလည်အောင် ရေရှည်တည်တံ့မဲ့ ဖြေရှင်းနည်းရှာဖွေရာမှာ အထောက်အကူဖြစ်စေတဲ့ အခန်းကဏ္ဍကနေ ပါဝင်ကြဖို့ လိုတယ်လို့ ဦးကျော်မိုးထွန်းက ပြောသွားပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံထဲက တစ်နိုင်ငံက တားဆီးထားတဲ့အတွက် ရှေ့ဆက်တိုးလို့မရတဲ့ အခြေအနေကို ဘယ်လိုတုံ့ပြန်မလဲဆိုတဲ့ သတင်းထောက်တစ်ဦးရဲ့ မေးခွန်းနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအထွေထွေညီလာခံအပါအဝင် အခြားနည်းလမ်းတွေကို ရှာဖွေသွားဖို့လိုတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဖြေကြားသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။