အမေရိကန်နဲ့ တရုတ် တွေ့ချိန် ဆီးရီးယားကို ပစ်ခတ်ချိန်နဲ့ တိုက်ဆိုင်
2017.04.07
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီဂျင်းပင်တို့ တွေ့ဆုံချိန်ဟာ သမ္မတ ထရမ့်ရဲ့ အမိန့်ပေး ချက်အရ အမေရိကန်ရေတပ်က ဆီးရီးယားကို ပဲ့ထိန်းဒုံးပျံတွေ ပစ်ခတ်ခဲ့ချိန်နဲ့ တိုက်ဆိုင်နေပါတယ်။
ဒါဟာ ဆီးရီးယားကိုသာမက တရုတ်ပြည်ရဲ့ မဟာမိတ် မြောက်ကိုရီးယားကိုလည်း သွယ်ဝိုက်သတိပေးရာ ကျတယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။ နောက်ဆုံးရသတင်းတွေကနေ ဦးခင်မောင်စိုး ကောက်နှုတ် တင်ပြထားတာကို နားဆင်ပါ။
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တရုတ်သမတ ရှီဂျင်းပင်နဲ့တွေ့ဆုံပွဲကနေ ၂ နိုင်ငံ ဆက်ဆံရေးအတွက် အထူးတိုးတက်မှုရရှိခဲ့ကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ တရုတ်သမ္မတနဲ့ ဖလော်ရီဒါပြည်နယ်က မာရာလားဂို ကမ်းခြေ အပန်းဖြေစခန်းမှာ သောကြာနေ့က ဒုတိယနေ့အဖြစ် ဆက်လက်တွေ့ဆုံခဲ့ပြီးနောက် သမ္မတ ထရမ့်က အခု လိုပြောကြားခဲ့တာပါ။ ပြဿနာ အမြောက်အများကို အနာဂတ်မှာ ဆက်လက်ဖြေရှင်းနိုင်မယ်လို့ သူယုံကြည်ကြောင်း လည်း သမ္မတ ထရမ့်က ပြောပါတယ်။
သမ္မတ ရှီဂျင်းပင်ကလည်း မိမိတို့ နားလည်ယုံကြည်မှုတွေ ပိုမိုရရှိခဲ့ကြောင်းနဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုပ်နှံမှုတွေ ပိုမိုပြုလုပ်ဖု့ိ သမ္မတ ထရမ့်ကို တိုက်တွန်းခဲ့ကြောင်း ပြောပါတယ်။ တရုတ်သမ္မတနဲ့ တွေ့ဆုံပွဲမှာ ကုန်သွယ်ရေးအရ တဘက်သပ်ဖြစ်နေတာတွေနဲ့ မြောက်ကိုရီးုယား ပြဿနာတွေကို ဆွေးနွေးမယ်လို့ သမ္မတ ထရမ့်က ကြိုတင်ပြော ကြားခဲ့ပါတယ်။
နိုင်ငံရေးအကဲခတ်တွေကတော့ အိမ်ရှင်ဖြစ်တဲ့ ထရမ့်ဟာ အရင်ကလို ပြင်းထန်တဲ့ အသုံးအနှုန်းနဲ့ အမူအယာတွေ မရှိဘဲ တရုတ်သမ္မတနဲ့အဖွဲ့ကို ဧည့်ဝတ်ကျေဖို့ ကြိုးစားခဲ့သလို တရုတ်သမ္မတကလည်း ကမ္ဘာမြေ ငြိမ်းချမ်းရေး အတွက် မိမိတို့ သမိုင်းတာဝန်ကျေဖို့ ကြိုးစားကြမှာဖြစ်တယ်ဆိုတဲ့ ယေဘုယျဆန်ဆန် စကားတွေနဲ့ အပြု သဘော ပြောကြားခဲ့တယ်လို့ ဝေဖန်ကြပါတယ်။
သမ္မတ ရှီဂျင်းပင်က တရုတ်ပြည်လာရောက်ဖု့ိ ပြန်လှန်ဖိတ်ကြားခဲ့တာကို သမ္မတ ထရမ့်က လက်ခံခဲ့ကြောင်းနဲ့ ဒီနှစ်မကုန်ခင် သွားရောက်လည်ပတ်မှာဖြစ်ကြောင်းလည်း သိရပါတယ်။
တရုတ်သမ္မတ ရှီဂျင်းပင်နဲ့ သမ္မတ ထရမ့်တို့ ဖလော်ရီဒါ အပန်းဖြေစခန်းကို ရောက်ရှိခဲ့တဲ့ ကြာသပတေးနေ့ညနေ ဟာ သမ္မတ ထရမ့်ရဲ့ အမိန့်အရ ဆီးရီယားအစိုးရ လေတပ်စခန်းကို အမေရိကန် ရေတပ်သဘောၤတွေက Tomashawk တွမ်ဟော့ခ် အမျိုးအစား ပဲ့ထိန်းဒုံးကျည် ၅၉ စင်း ပစ်ခတ်ခဲ့ချိန်နဲ့ တိုက်ဆိုင်နေပါတယ်။
ဆီးရီးယားသမ္မတ Bashar al-Assad ဘာရှား အယ်လ် အဆတ်ဒ် အစိုးရက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ တော်လှန်ရေး သူပုန်တွေလက်ထဲ ကျရောက်နေတဲ့ Khan Sheikhun ခန် ရှိတ်ခွန် မြို့ကို ဓါတုဗေဒ အဆိပ်ငွေ့ဗုံးတွေကြဲချခဲ့လို့ အရပ်သား ၈၆ ဦး သေဆုံးခဲ့ပြီး အများအပြား ဆေးရုံတင်ထားရပါတယ်။ သေဆုံးသူတွေထဲမှာ ကလေး ၂၇ ဦး ပါဝင်ပါတယ်။
ဒီကိစ္စကို လူမဆန်မှုအဖြစ် အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံအများအပြားက ဆန့်ကျင်ရုတ်ချခဲ့ပါတယ်။ သမ္မတ ထရမ့်က ဆီးရီယားရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာဓါတုဗေဒ လက်နက်သုံးစွဲမှု ပိတ်ပင်ရေးပဋိဉာဏ်ကို ချိုးဖေါက် တာဖြစ်ကြောင်း၊ ဒါကြောင့် အမျိုးသမီးနဲ့ ကလေးတွေအပေါ် အခုလို လူမဆန်စွာတိုက်ခိုက်ခဲ့မှုကို အရေးယူတဲ့ အနေနဲ့ အဲဒီ တိုက်ခိုက်မှုကို ဆောင်ရွက်ခဲ့တဲ့ ဆီးရီးယားလေတပ်စခန်းကို အကန့်အသတ်နဲ့ ဗုံးကြဲဖို့ မိမိ အမိန့်ပေးခဲ့ကြောင်း ကြေညာခဲ့ပါတယ်။
အမေရိကန်လွတ်တော် ၂ ရပ်လုံးမှာ ရှိတဲ့အမတ်တွေက အခုတိုက်ခိုက်မှုကို ထောက်ခံခဲ့ကြပါတယ်။ အထက် လွှတ်တော် အမတ် မစ်ချ် မက်ကောနယ်က ဒါဟာ သမ္မတ အဆတ်ကို သူလုပ်ချင်တိုင်း လုပ်လို့မရဘူးဆိုတာ သတိပေးလိုက်တာပဲလို့ ပြောပါတယ်။
တချို့အမတ်တွေကတော့ ဆီးရီးယားကို နောက်ထပ် တိုက်ခိုက်မှုမယ်ဆိုရင် လွတ်တော်နဲ့ တိုင်ပင်ဖို့ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မနေ့က ဆွေးနွေးပါတယ်။ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတွေက အမေရိကန်ပြည်ထောင်စုကို ထောက်ခံခဲ့ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterrres အန်တိုနီးယို ဂူတဲရက်စ်က ဆီးရီးယားငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရ အဖြေရှာဖို့ တိုက်တွန်းခဲ့ပါတယ်။
ဒီအတွင်း ဂျပန်နဲ့ ဂျာမဏီအပါအဝင် အမေရိကန်ရဲ့ တခြားမဟာမိတ်နိုင်ငံတွေကလည်း တိုက်ခိုက်မှုကို ထောက် ခံကြောင်း ထုတ်ဖေါ်ပြောကြားကြပါတယ်။ ရုရှားအစိုးရကတော့ ဒါဟာ နိုင်ငံတစ်ခုရဲ့ အချုပ်အချာအာဏာပိုင်ဆိုင်မှု ကို ကျူးကျော်ထိပါးတာဖြစ်တယ်၊ အဲဒီလုပ်ရပ်ရဲ့ အကျိုးဆက်ကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ရင်ဆိုင်ရလိမ့် မယ်လို့ ပြောပါတယ်။
အမေရိကန် ဒုံးပျံတွေပစ်ခတ်ခဲ့ချိန်က အဲဒီ ဆီးရီးယားလေတပ်စခန်းမှာ အာဆတ်အစိုးရကို သွားရောက်ကူညီနေတဲ့ ရုရှားအထူးတပ်ဖွဲ့တွေနဲ့ စစ်ရဟတ်ယာဉ်တွေ ရှိပါတယ်။ ရုရှား ဝန်ကြီးချုပ် Dmitry Medvedev ဒမီတရီ မက်ဗဲ ဒက်ဗ်က တိုက်ခိုက်မှုကြောင့် အမေရိကန်နဲ့ ရုရှားအကြား စစ်ရေးအရ ထိပ်တိုက်တွေ့ဖု့ိ လက်တကမ်းအလို ကို ရောက်ရှိသွားခဲ့ကြောင်း ပြောပါတယ်။ အမေရိကန်အရာရှိတွေကတော့ အခုလိုတိုက်ခိုက်မယ့်အကြောင်း ရုရှားတွေကို ကြိုတင်အသိပေး ရှောင်ရှားခိုင်းခဲ့တယ်လို့ ပြောကြပါတယ်။
အခုလို ဆီးရီးယားကို အမေရိကန်က တိုက်ခိုက်လိုက်တာဟာ တရုတ်ရဲ့ မိတ်ဆွေ မြောက်ကိုရီးယား အစိုးရကို သွယ်ဝိုက်ပြီး သတိပေးရာကျသလို တပြိုင်နက်မှာပဲ သူတို့လုပ်နေတဲ့ နျူးကလီးယားလက်နက် စီမံကိန်းတွေကို ပိုမိုမြန်ဆန်စွာဆောင်ရွက်ဖို့အာဏာရှင် ကမ်ဂျုံးအန်ကို တွန်းအားပေးလိုက်ရာလည်း ကျစေတယ်လို့ ဝေဖန်သူ တချို့က ပြောပါတယ်။