စစ်ပွဲတွေနောက်ဆက်တွဲ မြန်မာပြည်သူတွေ စားနပ်ရိက္ခာပြဿနာ ရင်ဆိုင်နေရ

စမ်းစမ်းတင် (ဝါရှင်တန်ဒီစီ)
2024.06.07
စစ်ပွဲတွေနောက်ဆက်တွဲ မြန်မာပြည်သူတွေ စားနပ်ရိက္ခာပြဿနာ ရင်ဆိုင်နေရ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် နောင်းချိန်းကျေးရွာကို ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့က တွေ့ရစဉ်။
Facebook/ Nawnghkying Buga Hkalup Hpung

မဖြစ်သင့်တဲ့စစ်ပွဲတွေကြောင့် ဖွံ့ဖြိုးတိုးတက်ရေး နောက်ပြန်ဆွဲရုံမက လူသားချင်းစာနာမှု အကူအညီလိုအပ်သူတွေ တိုးလာတဲ့အပြင် စားနပ်ရိက္ခာ ပြဿနာလည်း ရှိလာပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းပြီး သုံးနှစ်ကျော်လာချိန်မှာ လူ ၁၈ ဒဿမ ၆ သန်းအတွက် လူသားချင်းစာနာမှု အကူအညီလိုအပ်တယ်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ် ဂျိမ်းစ်ကာရီယူကီ(James Kariuki ) က ဒီနှစ် မေ ၂၉ ရက်က ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံက လူသားချင်းစာနာရေး ပြဿနာကို မနှစ်က မေလတုန်းက ကျွန်တော်တို့ဆွေးနွေးခဲ့ပါတယ်။ လူသားချင်းစာနာမှု အကူအညီလိုအပ်တဲ့ဦးရေက ၁၇ ဒသမ ၆ သန်းရှိခဲ့ရာက ဒီ ၁၂ လ အတွင်း ခု ၁၈ ဒသမ ၆ သန်း ရှိလာပါတယ်။ ပြည်တွင်းနေရပ်ရွှေ့ပြောင်းရသူကလည်း ခု ၃ သန်း ရှိပါတယ်။ မနှစ်ကတော့ ၁ ဒသမ ၈ သန်း ရှိခဲ့ပါတယ်။”

ကုလလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေနဲ့ အဖွဲ့ဝင်မဟုတ်သူတွေ ပါဝင်ပြီး ဗြိတိန်နိုင်ငံက ကမကထလုပ်တဲ့ Arria-formula ဆွေးနွေးပွဲမှာ ပြောခဲ့တာပါ။

“ဒီနှစ်ထဲ မြန်မာနိုင်ငံက လူ ၁၃ သန်းကျော် စားနပ်ရိက္ခာ အထူးတလည် ပြတ်လပ်ပြီး ကလေးသူငယ်တွေလည်း ကျန်းကျန်းမာမာနဲ့ ကြီးထွားဖွံ့ဖြိုးနိုင်ဖို့ အာဟာရ လိုအပ်သလောက် မရဘဲ မိသားစု ဝန်ထုပ်ဝန်ပိုးလျော့သွားအောင် ကလေးတွေဟာ လက်နက်ကိုင်အဖွဲ့တွေထဲ အဓမ္မဝင်ခိုင်းခံရဖွယ် ဒါမှမဟုတ် အတင်းအကျပ် ထိမ်းမြားခံရဖွယ် ရှိပါတယ်။”

ဒါတွေဟာ ပြည်တွင်း ပဋိပက္ခတွေရဲ့ အကျိုးဆက်လို့ ပြောနိုင်ပါတယ်။ လူ့သမိုင်းတလျှောက် ဘယ်လိုပဋိပက္ခမျိုးပဲဖြစ်ဖြစ် ဆင်းရဲခြင်းနဲ့ ငတ်မွတ်ခြင်းကို မွေးဖွားစေတယ်လို့လည်း ဗြိတိန်စီးပွားရေးပညာရှင် Paul Collier က ပြောဖူးပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း တိုက်ပွဲတွေကြောင့်ထက် ငတ်မွတ်လို့ ဒါမှမဟုတ် ငတ်မွတ်မှုနဲ့ ဆက်နွယ်တဲ့ ရောဂါတွေကြောင့် လူတွေပိုလို့ သေဆုံးခဲ့ရတာကိုလည်း သူက ဥပမာပေးပါတယ်။

ငတ်မွတ်ခြင်းနဲ့ ရိက္ခာမလုံလောက်ရင် နိုင်ငံကို ဘယ်လိုနည်းနဲ့မှ တည်ငြိမ်စေမှာမဟုတ်ဘဲ ပဋိပက္ခနဲ့ ငတ်မွတ်မှုကလည်း ဒွန်တွဲနေပါတယ်။

ဆီဆိုင်မြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ် မတ်လ ၁၃ ရက်နေ့က တွေ့ရစဉ်။ (Photo : Citizen Journalist)
ဆီဆိုင်မြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ် မတ်လ ၁၃ ရက်နေ့က တွေ့ရစဉ်။ (Photo : Citizen Journalist)

ဒီအခြေအနေမျိုးကို ကရင်ပြည်နယ် ကော့ကရိတ်မြို့မှာ ကြုံနေရတဲ့ ဒေသခံတစ်ယောက်က -“ နေရာတိုင်းမှာ တိုက်ပွဲဖြစ်တယ်။ ဆန်စပါးတွေလည်း ရှားပါးနေတဲ့အခါမှာ စားနပ်ရိက္ခာ အတော်လေး အခက်အခဲရှိတယ်။”

ဒီနှစ်ဆန်းကစပြီး ကော့ကရိတ်မြို့မှာ စစ်ကောင်စီနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မဟာမိတ်အဖွဲ့တွေ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။

ခေတ်သစ် ပဋိပက္ခတိုင်းလိုလို အကြောင်းချင်းရာ တစ်ရပ်တည်းကို အခြေပြုပြီး ပေါ်ပေါက်လာတာ မဟုတ်ဘူးလို့ အမေရိကန် အခြေစိုက် မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးဌာန (CSIS) က ဒီနှစ် ဧပြီ ၂၁ ရက်က ဖော်ပြတဲ့ သုံးသပ်ချက် ဆောင်းပါးမှာ ပါရှိပါတယ်။

ပဋိပက္ခတစ်ရပ်မှာ စားနပ်ရိက္ခာ မဖူလုံမှုက ပြာဖြစ်ရင်လည်း ဖြစ်သွား၊ မီးတောက်ရင်လည်း မီးတောက်နိုင်တဲ့ မီးပွားတစ်စသာ ဖြစ်ပါတယ်။ ဒါပေမဲ့ ရိက္ခာမလောက်ငှတာနဲ့ ကြီးမားသထက်ကြီးမားလာတဲ့ လူမှုရေး၊ နိုင်ငံရေးနဲ့ စီးပွားရေး အကျပ်အတည်းလို အကြောင်းချင်းရာတွေ ပေါင်းစုံ စေ့ဆော်တဲ့အခါ ပဋိပက္ခပေါက်ဖွားလာပါတော့တယ်။ ပဋိပက္ခနောက်မှာလည်း လူသားချင်း စာနာရေး အကူအညီလိုအပ်တာနဲ့ ရိက္ခာပြဿနာကပ်လျက်ပါလာပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။