ကမ္ဘာ့လူဦးရေ နှစ်ဘီလီယံကျော် ရေရရှိရေးနဲ့ ရေဘေးအတွက် စိတ်ဖိစီးနေရ
2023.10.16

၂ဝ၂၃ ခုနှစ် အောက်တိုဘာ ၁၆ ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့စားနပ်ရိက္ခာနေ့အတွက် ဆောင်ပုဒ်က Water is life, water is food/ Leave no one behind ရေဟာ အသက်၊ ရေဟာ ရိက္ခာ၊ ဘယ်သူမှ မရမရှိစေရ ဖြစ်ပါတယ်။
ကမ္ဘာ့ရိက္ခာနေ့အထိမ်းအမှတ် ဗွီဒီယိုမှတ်တမ်းမှာလည်း ရေအရေးပါပုံကို ဇောင်းပေးဖော်ပြပါတယ်။
“ကျွန်မတို့ဂြိုဟ်ကို ကမ္ဘာမြေလို့ ခေါ်တွင်နိုင်ပေမဲ့ မြေမျက်နှာပြင်က ရေထုနဲ့ အများဆုံးဖွဲ့စည်းထားတာပါ။ ရေက ကျွန်မတို့ထဲ စီးဆင်းနေပြီး သဘာဝအားလုံးရဲ့မောင်းနှင်အား ဖြစ်ပါတယ်။ ရေဟာ ရိက္ခာ၊ စည်ပင်ဝပြောရေး၊ စွမ်းအင်၊ ဘဝ ပါ။ ရာစုနှစ်တွေချီလို့ ရေဟာ ရိက္ခာအတွက် အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ လူအတော်များများ ရေမရကြပါဘူး။ တချို့လူတွေကတော့ ရေကို လွယ်လွယ်လေး ရကြပြီး အလေးမထားကြပါဘူး။ မြို့ပြတွေ အမြန်တိုးလာတာ၊ လူဦးရေနဲ့ စီးပွားရေးတိုးပွားလာတာ၊ ရာသီဥတု ပြောင်းလဲလာတာတွေက ရေရရှိရေးအတွက် ဖိစီးလာပါတယ်"
ကမ္ဘာ့ လူဦးရေ ၂ ဒသမ ၄ ဘီလီယံဟာ ရေအတွက် စိတ်ဖိစီးနေရတဲ့ နိုင်ငံတွေမှာ နေထိုင်နေရပြီး သန်း ၆၀၀ ကတော့ ရေထုညစ်ညမ်းမှု၊ ဂေဟစနစ်ကျဆင်းမှုနဲ့ ရာသီဥတုပြောင်းလဲမှု ဂယက်နဲ့ရင်ဆိုင်နေရတဲ့ ရိက္ခာထုတ်လုပ်ရေးစနစ်ကို အားထားနေရတယ်လို့ FAO ကမ္ဘာ့စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့က ပြောပါတယ်။
ရေနဲ့ရိက္ခာ ဆက်စပ်နေပြီး ရိက္ခာအဓိကထုတ်လုပ်တဲ့ စိုက်ပျိုးရေးကဏ္ဍကလည်း ရာသီဥတုဖောက်ပြန်ရင် ဖြစ်ဖြစ် သဘာဝဘေးအန္တရာယ်ကျရောက်ရင်ဖြစ်ဖြစ် ထိခိုက်နစ်နာဆုံးရှုံးရပြန်ပါတယ်။
FAO က ခုနောက်ဆုံး ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၃ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာသစ်မှာ လွန်ခဲ့တဲ့ နှစ် ၃၀ အတွင်း သဘာဝဘေးအန္တရာယ်ကျရောက်တဲ့အတွက် သီးနှံနဲ့ မွေးမြူရေးထုတ်ကုန် ၃ ဒသမ ၈ ထရီလီယံ ဖိုး ဆုံးရှုံးရတယ်လို့ ဖော်ပြပါတယ်။ သဘာဝဘေးအန္တရာယ်ကျရောက်ရင် စိုက်ပျိုးရေးက အများဆုံး ထိခိုက်ရတဲ့ကဏ္ဍတစ်ရပ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဆုံးရှုံးရတဲ့ ပမာဏက တစ်နေရာနဲ့တစ်နေရာ မတူဘဲ အာရှတိုက်မှာ စီးပွားရေးအရဆုံးရှုံးတယ်လို့လည်း ဖော်ပြပါတယ်။ သဘာဝဘေးအန္တရာယ် ကျရောက်နိုင်တယ်လို့ ပညာရှင်တွေခန့်မှန်းထားတဲ့ မြန်မာနိုင်ငံမှာ ဒီနှစ်မုတ်သုန်ရာသီကုန်ခါနီးမှ ပဲခူးမှာ နှစ် ၆၀ အတွင်း မကြုံစဖူးရေကြီးခဲ့ပါတယ်။
ပဲခူးတိုင်း အရှေ့ခြမ်းက ရေဘေးမသင့်ဘဲ အနောက်ခြမ်းက ရေဘေးသင့်တာဖြစ်ပြီး ပျက်စီးသွားတဲ့ စိုက်ဧကသိရအောင် ပဲခူးတိုင်း စစ်ကောင်စီ လယ်ယာစိုက်ပျိုးရေးဦးစီးဌာနကို ဆက်သွယ်ဖို့ ကြိုးစားပေမဲ့ မအောင်မြင်ပါဘူး။ ဌာနအင်တာနက် စာမျက်နှာမှာတော့ တိုင်းဒေသကြီး စစ်ကောင်စီဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရေကြီးနစ်မြုပ်ခဲ့သည့် မိုးစပါးများအတွက် ထိခိုက်ပျက်စီးမှ အနည်းဆုံးဖြင့် ရိတ်သိမ်းနိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့တယ်လို့ အောက်တိုဘာ ၁၆ နေ့ရက်စွဲနဲ့ ဖော်ပြထားပါတယ်။
ဒီသတင်းဖော်ပြတဲ့ အောက်တိုဘာ ၁၆ ရက်ဟာ ကမ္ဘာ့စားနပ်ရိက္ခာနေ့ဖြစ်ပြီး မြန်မာနိုင်ငံက အောက်ခြေလူတန်းစားအလွှာတစ်လွှာနဲ့ ရိက္ခာပြဿနာကို တောင်သူလယ်သမားအကျိုးဆောင်ကွန်ရက် တာဝန်ခံ ဦးဇော်ရမ်းက မျက်မြင်ကြုံခဲ့ရပါတယ်။
“စားနပ်ရိက္ခာနေ့ဆိုလို့ အမှိုက်ကောက်တဲ့ မိန်းကလေးတွေနဲ့ တွေ့တယ်။ လူမသိ သူမသိ ငတ်နေတာ။ ကျွန်တော်တို့ စားတဲ့ဆန်က ဆန်ချော။ တစ်သိန်းနဲ့ နှစ်သောင်း၊ သူတို့စားတဲ့ ဆန်က နှစ်ထောင့်လေးရာ လောက်တဲ့။ ဘယ်လောက်ကြမ်းမလဲ စဉ်းစားကြည့်ပေါ့နော်။ ဈေးဖိုးလည်း မရှိဘူးတဲ့။ အဲဒီလိုဖြစ်နေတဲ့ လူတွေက အများကြီး”
ဒီနှစ် အောက်တိုဘာ ၁၆ ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့စားနပ်ရိက္ခာနေ့မှာ အသက်တမျှ အရေးပါတဲ့ ရေကို အလေးပေးပါတယ်။ ပဲခူးတိုင်းမှာ မုတ်သုန်ကုန်ခါနီး ရေဘေးသင့်တဲ့အတွက် ရေဘေးကြောင့် ပျက်စီးသွားတဲ့ စိုက်ခင်းတွေ ပြန်စိုက်မယ်ဆိုရင် အောင်ရေရဖို့ မလွယ်တော့ဘူးလို့လည်း ဦးဇော်ရမ်းက ပြောပါတယ်။
စိုက်ပျိုးရေးမှာ အောင်ရေရဖို့ အရေးကြီးတဲ့ ရေကို ရေအသက် တစ်မနက်လို့လည်း တင်စားပြီး ရေဟာ ရန်သူမျိုးငါးပါးမှာ တစ်ပါး အပါအဝင် ဖြစ်နေပြန်ပါတယ်။