၂ဝ၁၅ ရွေးကောက်ပွဲဆိုင်ရာ လုံ ခြုံရေးအသိပညာပေး သင်တန်း အကြောင်း မေးမြန်းချက်


2015.02.23

၂ဝ၁၅ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးအသိပညာပေး သင်တန်းတွေကို စစ်တွေ၊ မြစ်ကြီးနားနဲ့ မုံရွာမြို့မှာ ဒီနေ့ကစပြီး ၅ ရက်ကြာ ကျင်းပနေပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ရဲတပ်ဖွဲ့မှူးရုံးမှာ သင်တန်းပေးနေတဲ့ ဒုတိယရဲမှုးကြီး တင့်လွင်ကို RFA သတင်းထောက် မဇာဏီထွဏ်းက ဆက်သွယ်မေးမြန်းထားပါတယ်။

ဒုတိယရဲမှုးကြီး တင့်လွင်နဲ့ မေးမြန်းချက်အပြည့်အစုံ

ဇာဏီထွဏ်း။        ။ ရွေးကောက်ပွဲလုံခြုံရေး အသိပညာပေး သင်တန်းကိုဘာကြောင့် ဖွင့်ဖြစ်တာလဲ သိပါရစေရှင်။

ဒုတိယရဲမှုးကြီး တင့်လွင်။           ။ ကျနော်တို့ဒီသင်တန်းကို ဖွင့်တဲ့ရည်ရွယ်ချက်ကတော့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေးနဲ့ ပတ်သက် ပြီးတော့ အကြမ်းဖက်လာနိုင်တဲ့ အနှောက့်အယှက်ပြုလာနိုင်တဲ့ စိန်ခေါ်မှုမှန်သမျှကို ဆောင်ရွက်နိုင်အောင် လုံခြုံရေးအောက်ခြေ အဆင့်ထိ အသိပေးမှာဖြစ်ပါတယ်၊ လောလောဆယ်ကတော့ ခရိုင်ရဲတပ်ဖွဲ့မှူးများ၊ ဒုတိယ ခရိုင်မှူးများကို တိုင်းတပ်ဖွဲ့ မှူးရုံးမှာ ခေါ်ယူပြီးတော့ သင်တန်းပေးခြင်းဖြစ်ပါတယ်၊ ပြီးရင်ခရိုင်လိုက်ဆက်ပြီးတော့ သင်တန်းများကိုပို့ချပေးမှာဖြစ်ပါတယ်၊ ပြည်သူနဲ့ဆက်ဆံတာကအစ၊ နောက်တစ်ခါ ရွေးကောက် ပွဲကော်မရှင်နဲ့ တခြားသောလူမှုအဖွဲ့အစည်းတွေနဲ့ ဆက်ဆံတဲ့နေရာက လုံခြုံရေးပိုင်းဆိုင်ရာမှာ လုံခြုံရေးအပြည့်အဝဆောင်ရွက်နိုင်ရေးအတွက် အခုတည်းက သင်တန်းပို့ချပေးတာဖြစ်ပါတယ်။

ဇာဏီထွဏ်း။        ။လုံခြုံရေးအတွက်ပေးတယ်ဆိုတော့ အရင်ရွေးကောက်ပွဲတွေတုန်း က ဆရာတို့လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမျိုးကြုံခဲ့ရလို့လဲရှင့်။

ဒုတိယရဲမှုးကြီး တင့်လွင်။           ။ အရင်ရွေးကောက်ပွဲတွေတုန်းက ဟုမ္မလင်းဖက်မှာ မဲရုံကိုရိုက်ခွဲတယ်၊ မဲရုံကစာရေးဝန်ထမ်းကို တွန်းထိုးတာတွေဖြစ် ခဲ့ဘူးတယ်၊ ဒါကတော့ ၂၀၁၀ ပေါ့၊ ၂၀၁၂ ကျတော့ ပုလဲမြို့နယ်က မဲရုံမှာ ဗီဒီယိုပြသရာကနေ အချင်းများ ပြီးတော့ လူသတ်မှုတစ်ခုဖြစ်ခဲ့တယ်၊ ဒါတွေကိုလဲ ကျနော်တို့က သာဓကထားပါတယ်၊

ဇာဏီထွဏ်း။        ။ လုံခြုံရေးဆိုတာ ဘယ်လိုလုံခြုံရေးကို အဓိကထားတာလဲရှင့်။

ဒုတိယရဲမှုးကြီး တင့်လွင်။           ။ လုံခြုံရေးဆိုတာကတော့ အရမ်းကျယ်ပြန့်တယ်၊ ရွေးကောက်ပွဲမှာ အကုန်လုံးပေါ့လေ၊ ဘာတစ်ခုမှမဖြစ်အောင် ကျနော်တို့လုံခြုံရေး ဆောင်ရွက်ရမှာပေါ့၊ ခုနကပြောတဲ့မဲရုံပဲဖြစ်ဖြစ်၊ ရွေးကောက်ပွဲအကြိုကာလလုံခြုံရေးက စပြီးတော့ ရွေးကောက်ပွဲပြီးသည်အထိပေါ့၊ အဓိကခေါင်းစဉ်ကတော့ ရွေးကောက်ပွဲ မတိုင်မီကာလမှာ လုံခြုံရေးဆောင်ရွက်မယ်၊ ရွေးကောက်ပွဲကာလမှာ လုံခြုံရေး ဆောင်ရွက်မယ်၊ ရွေးကောက်ပွဲ ပြီးနောက်လုံခြုံရေးဆောင်ရွက်မယ်၊ ဒါတွေကိုတာဝန်ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် လုံခြုံရေးနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ရဲကဆောင်ရွက်သွား မှာဖြစ်ပါတယ်။

ဇာဏီထွဏ်း။        ။ အဲ့ဒီသင်တန်းမှာကျတော့ရော ဘယ်လိုတွေသင်ပေးမှာလဲ၊ ဘယ်အချက်အလက်တွေကို သင်ပေးမှာလဲရှင့်။

ဒုတိယရဲမှုးကြီး တင့်လွင်။           ။ အချက်အလက်တွေကတော့ ဒုတိုင်းရဲတပ်ဖွဲ့မှူးကြီး သင်ကြားပို့ချပေးနေတာဖြစ်တဲ့အတွက် အသေးစိတ်ကတော့ သူမှပဲ သိမယ်၊ ကျနော်တို့ကတော့ လုံခြုံရေးအပိုင်းဆောင်ရွက်ရမှာကတော့ ၁၀ ပိုင်းလောက်ရှိတာပေါ့။

ဇာဏီထွဏ်း။        ။ သင်ပေးတာကရော ဘယ်သူတွေကသင်ပေးမှာလဲရှင်။

ဒုတိယရဲမှုးကြီး တင့်လွင်။           ။ အဓိကကတော့ ကျနော်ခုနကပြောတဲ့ ဒုတိုင်းရဲတပ်ဖွဲ့မှူး ကြီးကနေပြီးတော့ အလုပ်ရုံဆွေးနွေးပွဲသွားရောက်တက်ခဲ့တဲ့ အတွေ့အကြုံနဲ့ပြန်ပြီး တော့ ဆွေးနွေးပို့ချပေးမှာဖြစ်ပါတယ်။

ဇာဏီထွဏ်း။        ။ တက်ရောက်တဲ့သင်တန်းသားဦးရေ ဘယ်လောက်ရှိလဲဆရာ။

ဒုတိယရဲမှုးကြီး တင့်လွင်။           ။ စုစုပေါင်းသင်တန်းသား ၅၀ ဦးဖြစ်ပါတယ်၊

ဇာဏီထွဏ်း။        ။ သင်တန်းကာလ ၅ ရက်က သင်ကြားပို့ချမှုအတွက် လုံလောက်မှုရှိရဲ့လားဆရာ။

ဒုတိယရဲမှုးကြီး တင့်လွင်။           ။ ကျနော်တို့ပို့ချမှုနဲ့ပတ်သက်မှုကတော့ လုံလောက်ပါတယ်။

ဇာဏီထွဏ်း။        ။ အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်နော်ဆရာ။

ဒုတိယရဲမှုးကြီး တင့်လွင်။           ။ ဟုတ်ကဲ့ပါဗျာ၊ ဟုတ်ကဲ့ပါ။

 

 

 

 

 

 

 

 

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။