ဧရာဝတီ ကျောင်းသားသပိတ် စစ်ကြောင်း အခြေအနေ


2015.02.06

ဧရာဝတီတိုင်း ပန်းတနော်မြို့ကို မနေ့ညကရောက်ရှိခဲ့တဲ့ ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်း အခြေအနေနဲ့ ပတ်သက်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုပိုင်ရဲသူကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။

ကိုနေရိန်ကျော်။                   ။ကိုပိုင်ရဲသူတို့ သပိတ်စစ်ကြောင်း ဒီညဘယ်မှာနားလဲဗျ။

ကိုပိုင်ရဲသူ။               ။ကျနော်တို့ ပန်းတနော်မှာရှိတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ကျနော်တို့နားတာပါ၊ မနက်ဖြန်ကျရင် ညောင်တုန်းမြို့ကို ဆက်လက်ချီတက်သွားမှာပါ။

ကိုနေရိန်ကျော်။                   ။ညောင်တုန်းကို မနက်ဖြန်သွားမယ်ဆိုတော့ ရန်ကုန်တောင်နီးနေပြီပဲ။

ကိုပိုင်ရဲသူ။               ။ဟုတ်ကဲ့ပါ၊ ဟုတ်။

ကိုနေရိန်ကျော်။                   ။ရန်ကုန်ကိုတော့ ဘယ်နေ့ဝင်ကြမှာလဲ။

ကိုပိုင်ရဲသူ။               ။အဲ့ဒါတော့ ကျန်တဲ့စစ်ကြောင်းနဲ့ ချိန်ကြည့်ပြီးတော့ပဲ စဉ်းစားရမှာပဲ ရန်ကုန်အဝင်ကို။

ကိုနေရိန်ကျော်။                   ။ဆိုတော့ အခုလောက်ထိပေါ့ဗျာ ပန်းတနော်လောက်အထိ ခရီးမှာပေါ့ ဘာတွေကြုံတွေ့ခဲ့ရလဲ နည်းနည်းပြောပြပါဦး။

ကိုပိုင်ရဲသူ။               ။စစ်ကြောင်းမှာပါလာတဲ့ ကျောင်းသူ ကျောင်းသားတွေရဲ့မိဘတွေကို ဧရာဝတီတိုင်း ဝန်းကြီးချုပ်က တွေ့ပြီးတော့ ဧရာဝတီတိုင်းထဲမှာတော့ သူတာဝန်ယူပါတယ်၊ ဧရာဝတီတိုင်းအပြင်ရောက် လို့ရှိရင်တော့ သူတာဝန်မယူပါဘူးဆိုတဲ့ မိဘတွေကိုခေါ်ပြောတော့ မိဘတွေက စစ်ကြောင်းကိုလာ ပြီး ကျောင်းသားတွေကို ခေါ်သွားတာတော့ရှိတယ်၊ ကျောင်းသားတွေနဲ့ ကျောင်းသားမိဘတွေနဲ့ အဲ့ဒါတွေပြောပြီးတော့ ပြန်သွားတဲ့အပိုင်းတွေလည်းရှိတယ်။

ကိုနေရိန်ကျော်။                   ။ဆိုတော့ ကျောင်းသားတွေက ဘယ်လိုပြောလိုက်လဲ မိဘတွေကိုလေ။

ကိုပိုင်ရဲသူ။               ။သူတို့ကို မေးတယ် စိတ်ကောက်နေတာမဟုတ်ပါဘူး၊ သပိတ်မှောက်နေတာပါ လို့ ပြန်ပြီးတော့ အမေတို့ ပြန်ပါလို့ပြောလိုက်တယ်။

ကိုနေရိန်ကျော်။                   ။အဲ့ဒီတော့ အခုကိုပိုင်ရဲသူတို့ ဒီသပိတ်စစ်ကြောင်းမှာ အားလုံး ဘယ်လောက်လောက်ပါလဲ ကျောင်းသားက။

ကိုပိုင်ရဲသူ။               ။ကျောင်းသားသက်သက်ကို ၆ဝ ရှိတယ်။

ကိုနေရိန်ကျော်။                   ။ဆိုတော့ မြို့လူထုတွေရဲ့ အခြေအနေကရော။

ကိုပိုင်ရဲသူ။               ။ဒီနေ့ ပန်းတနော်မြို့ အဝင်ဆိုလို့ရှိရင် ကြိုကြတာ၊ မြို့အဝင်ကနေစပြီး လူထုပါလာ တယ်ပေါ့နော်၊ မြို့ထဲမြို့ပတ်တယ်၊ အဲ့ဒါပြီးရင် တောက်လျှောက်ပါလာတယ် နောက်က၊ ကျနော်တို့တည်းမယ့် ဘုန်းကြီးကျောင်းရောက်မှ ပြန်လှည့်သွားကြတယ်ပေါ့၊ လိုက်ပို့ပြီးတော့မှ အစားအသောက်တွေနဲ့ ယူလာပြီးတော့ ထမင်းတွေ၊ ကြက်ဥတွေကျွေးတယ်၊ နားတော့မှ ပြန်ထွက်သွားကြတယ်။

ကိုနေရိန်ကျော်။                   ။ရဲကားတို့ဘာတို့ ရဲတို့ အဲ့လိုမျိုးတွေရောတွေ့ရသေးလား။

ကိုပိုင်ရဲသူ။               ။တာဝန်အရ လာစစ်ရတာပါလို့ အဲ့လိုပြောပြီး ပြန်ထွက်သွားကြပါတယ်၊ အောင်မြင်ပါစေ ဆိုပြီးတော့။

ကိုနေရိန်ကျော်။                   ။အဲ့ဒီတော့ ဒီနေ့သမ္မတရုံးကနေပြီးတော့ ထုတ်ပြန်တဲ့ ကြေညာချက်ရော ခင်ဗျားတို့ သိပြီးပြီလား။

ကိုပိုင်ရဲသူ။               ။ဟုတ်ကဲ့ သိပြီးပါပြီ။

ကိုနေရိန်ကျော်။                   ။ဆိုတော့ အဲ့ကြေညာချက်ရဲ့ အပေါ်မှာရောခင်ဗျားတို့ ဘယ်လိုသဘောရလဲ။

ကိုပိုင်ရဲသူ။               ။သူတို့ကတော့ ကျနော်တို့ကို ဆူပူမှုလုပ်နေတယ်လို့တော့ မြင်တာပေါ့၊ ပြည်သူလူထုအနေနဲ့ သူတို့အစိုးရအဖွဲ့နဲ့ ပူးပေါင်းပြီးတော့ ဆူပူမှုတွေမဖြစ်အောင်လို့ ဝိုင်းဝန်းတားဆီးပေးပါဆိုပြီးတော့ အဲ့လိုကြေညာ ချက်ထုတ်ထားတာ၊ ကျနော်တို့ကို ဆူပူမှုလုပ်နေတယ်လို့ အဲ့လိုမြင်တာ သူတို့ဘက်က။

ကိုနေရိန်ကျော်။                   ။ဆိုတော့ ဒီဆွေးနွေးပွဲကရော ဘယ်လိုမှန်းထားလဲ။

ကိုပိုင်ရဲသူ။               ။ဒီဆွေးနွေးပွဲနေပြီးတော့ အဖြေရှာလို့ရမယ်လို့ ကျနော်တို့အနေနဲ့ ယုံကြည်တယ် ဆိုတော့ ဆွေးနွေးပွဲမဖြစ်ဖြစ်အောင်တော့ တိုက်တွန်းသွားပါမယ်၊ ဆွေးနွေးပွဲဖြစ်မှ အာမခံချက် ကောင်းကောင်း ရလိမ့်မယ်လို့ မြင်တယ်။

ကိုနေရိန်ကျော်။                   ။ဟုတ်ကဲ့ ကိုပိုင်ရဲသူရေ ကျေးဇူးပါပဲဗျ၊ ခင်ဗျားတို့လည်း ပင်ပန်းနေတယ် ဆိုတော့လေ၊ နားပါဦးဗျ နော။

ကိုပိုင်ရဲသူ။               ။ဟုတ်ကဲ့ဗျ၊ ဟုတ်ကဲ့။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။