ရခိုင်မှာ ရွေးကောက်ပွဲ ကျင်းပရေး လုံခြုံရေး တာဝန်ရှိသူတွေပေါ် မူတည်
2020.07.31
ရခိုင်ပြည်နယ်တွင်းက ဘယ်မြို့နယ်တွေမှာ ရွေးကောက်ပွဲ ကျင်းပမယ်၊ မကျင်းပဘူးဆိုတာဟာ ပြည်ထဲရေးအပါအဝင် လုံခြုံရေးတာဝန်ယူထားတဲ့ အဖွဲ့အစည်းတွေရဲ့ အဆုံးအဖြတ်ပေါ် မူတည်နေတယ်လို့ ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဒေါ်တင်လှိုင်က RFA ကို ပြောလိုက်ပါတယ်။ လတ်တလောမှာတော့ တပြည်နယ်လုံးမှာ ကျင်းပမယ်လို့ ရည်ရွယ်ထားပြီးတော့ မဲပုံးတွေ မဲရုံသုံးပစ္စည်းတွေကို မြို့နယ်အားလုံးမှာ စီစဉ်ထားပြီလို့လည်း ဆိုပါတယ်။ ရခိုင်ပြည်နယ်တွင်း ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ပြင်ဆင်နေတာတွေနဲ့ ပတ်သက်ပြီး ပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဒေါ်တင်လှိုင်ကို RFA ဝိုင်းတော်သား စောဖိုးခွား ဆက်သွယ်မေးမြန်းထားပါတယ်။
စောဖိုးခွား - ရခိုင်ပြည်နယ်မှာရွေးကောက်ပွဲကျင်းပဖို့အတွက် ဘာတွေပြင်ဆင်ပြီးပြီလဲ ပထမဆုံးပြောပြပေးပါခင်ဗျာ့။
ဒေါ်တင်လှိုင် - ကော်မရှင်အနေနဲ့ကတော့ ရခိုင်ပြည်နယ်အနှံ့ ၁၇ မြို့နယ်လုံးမှာ ရွေးကောက်ပွဲကျင်းပမယ် ဆိုတဲ့မူနဲ့ အကုန်လုံး စီစဉ်ထားတယ်။ မဲရုံးသုံးပစ္စည်းတွေအစ။ မဲရုံပေါင်းဆို ၂၆၀၀ ပြည့်ဖို့ လေးရုံပဲ လိုတယ်။ ၂၅၉၆ ရုံ ရှိတယ်။ အဲ့ဒီရုံတွေ အားလုံးအတွက် မဲရုံသုံးပစ္စည်းတွေ အကုန်လုံးအတွက် စီစဉ်ထားတယ်။
စောဖိုးခွား - မဲပေးခွင့်ရှိသူပေါင်းက ၁၆ သိန်းကျော် ရှိတယ်နော်။
ဒေါ်တင်လှိုင် - ဟုတ်တယ်။ မဲပေးခွင့်ရှိတဲ့သူဦးရေက ၁၆ သိန်း ၄ သောင်းကျော်၊ ဒါက အန်တီတို့က ပထမဆုံး ရွေးကောက်ပွဲကို ဒီဇင်ဘာ ၃၁ မှာလုပ်မယ်ဆိုပြီး စဉ်းစားခဲ့တာရှိတော့ အဲ့ဒီမှာ ၁၈ နှစ်ပြည့်တဲ့သူ စာရင်းပေါ့နော်။ အခုတော့ နိုဝင်ဘာ ၈ ဆိုတော့ ၁၈ ပြည့်တဲ့သူ အတိုးအလျှော့ နည်းနည်းပါးပါးပဲရှိမယ်။
စောဖိုးခွား - ရခိုင်မြောက်ပိုင်းမှာဆို လူတွေက တိုက်ပွဲကြား ပြေးလွှားနေရတာ၊ အိမ်တွေလည်း မီးထဲပါပေါ့။ အသက်လုပြေးရတာ မှတ်ပုံတင်တွေ ဘာတွေ ဘယ်ရှိပါတော့မလဲ။ အဲ့လိုလူတွေက ဘယ်လို မဲပေးရမလဲ။
ဒေါ်တင်လှိုင် - အဲ့ဒါကတော့ သူတို့ရဲ့မဲဆန္ဒပေးရမယ့်အချိန်မှာဖြစ်မယ့် တကယ့်အခြေအနေရှိမှာပေါ့နော်။ ဒါက အခုကြိုတင်ပြောလို့တော့မရဘူး။ မဲဆန္ဒရှင် အမှန်တကယ်ဖြစ်တယ် မဖြစ်ဘူးဆိုတာကတော့ အခုဒီ ၂၅ ရက်နေ့ကတည်းက ၂ ပတ်ကြာ အမည်စာရင်းပြုစုထားတာ ကပ်ထားတာရှိတယ်။ ဆိုတော့ အဲ့ဒီမှာစခန်းတာဝန်ခံတွေ၊ ရပ်ရွာအုပ်ချုပ်ရေးမှူး ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ပြန်စိစစ်ပြီးရမှာပေါ့။ အခုကတော့ ဖြစ်နိုင်ချေပဲ စဉ်းစားလို့ရသေးတာလေ။
စောဖိုးခွား - စစ်ဘေးဒုက္ခသည်ရှိတဲ့စခန်းတွေမှာ မဲပုံးတွေထောင်ပေးဖို့ တချို့ကိုယ်စားလှယ်တွေတောင်းဆိုနေကြတာတွေလည်း ရှိပါတယ်။ အဲ့ဒီလိုဖြစ်နိုင်သလား။
ဒေါ်တင်လှိုင် - တိုက်ပွဲရှောင်စခန်းဆိုတာ အစိုးရအသိအမှတ်ပြုရှိတယ်။ လူမှုအဖွဲ့တွေရဲ့ စခန်းတွေ ရှိတယ်။ မဲရုံအရေအတွက်ကလည်း စောစောကတည်းက ကြိုတင်ပြီးတော့ ဘယ်မြို့နယ်မှာ ဘယ်မဲဆန္ဒနယ်မှာ ဘယ်နှစ်ရုံဆိုပြီးရှိတယ်။ မဲရုံတွေမှာ လိုအပ်တဲ့ပစ္စည်းတွေဆိုတာကလည်း အတိအကျ စာရင်းပြုစုတောင်းခံထားတာတွေ ရှိတယ်လေ။ ဒါကြောင့်ဒုက္ခသည်စခန်းတွေ အကုန်လုံးမှာ လိုက်ဖွင့်ပေးဖို့ ချက်ချင်းစီစဉ်လို့မရဘူး။အခြေအနေတွေပေါ်အများကြီးမူတည်တယ်၊ လုံခြုံရေးကလည်း အရမ်းအရေးကြီးတယ်။ ဒီနေရာတွေမှာ ဖွင့်ဖို့ ဘာညာဆိုတာကတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်မှရမှာ။ အဲ့ဒီက အဆုံးအဖြတ်ပဲ။
စောဖိုးခွား - လုံခြုံရေး စိုးရိမ်ရတာဆိုတော့ ဘယ်မြို့နယ်တွေက လုံခြုံရေး အစိုးရိမ်ရဆုံးလဲ။
ဒေါ်တင်လှိုင် - လုံခြုံရေးစိုးရိမ်ရတယ်ဆိုတဲ့ စကားလုံးတော့ အန်တီကမသုံးဘူး။ လုံခြုံရေး အရေးကြီးတယ်လို့ ပြောတာ။ ဘယ်နေရာမှာ ရွေးကောက်ပွဲကျင်းပမလဲဆိုတာ အန်တီတို့ ဆုံးဖြတ်လို့မရဘူး။ လုံခြုံရေးနဲ့ ဆိုင်တဲ့အဖွဲ့တွေ ပြည်ထဲရေးတို့ ဘာတို့က သူတို့ရဲ့အမြင်နဲ့ ဒေသရဲ့လက်ရှိအခြေအနေပေါ် မူတည်ပြီး သူတို့ ဆုံးဖြတ်လိမ့်မယ်။ အဲ့ဒါကို ရွေးကောက်ပွဲကော်မရှင်ကနေပြီးတော့ ဘယ်မြို့နယ်၊ ဘယ်ရပ်ကွက်ကျေးရွာကို လုပ်မယ် မလုပ်ဘူးဆိုတာ အနားကပ်မှ ကြေညာလိမ့်မယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းကဆိုရင် အောက်တိုဘာနောက်ဆုံးပတ်လောက်မှ ကြေညာတာ တွေ့တယ်။ အခုက ကြေညာမှာ မဟုတ်ဘူး။ စောနေသေးတယ်။
စောဖိုးခွား - နောက်ဆုံးအနေနဲ့ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲကျင်းပနိုင်မယ်လို့ အာမခံနိုင်သလား။
ဒေါ်တင်လှိုင် - ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က အာမခံလို့မရဘူး။ ဘယ်မှာကျင်းပမယ်တို့ လုပ်မယ်တို့ မလုပ်ဘူးတို့ဆိုတာ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်လို့မရဘူး။