မွန်ညီညွတ်ရေးပါတီရဲ့ မော်လမြိုင် အမတ်လောင်းနဲ့ ဆက်သွယ်မေးမြန်းချက်

မင်းခိုင်စိုးလင်း
2020.10.26

မွန်ပါတီနှစ်ခု ပေါင်းစည်းလိုက်တဲ့ မွန်ညီညွတ်ရေးပါတီကို မွန်လူထု ထောက်ခံမှုတွေ အားကောင်းလာပေမယ့် ကပ်ရောဂါကာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲနေ့မှာ မဲဆန္ဒရှင်အားလုံး မဲရုံတွေကို သွားရောက်မဲပေး နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်ချက်ရှိနေတယ်လို့ မွန်ပြည်နယ်၊ မော်လမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂) ကနေ မွန်ညီညွတ်ရေး ပါတီကို ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါက်တာဟိန်းပိုင်ထူးချစ် ကပြောပါတယ်။

မွန်လူထုရဲ့လိုအပ်ချက်၊ အကောင်အထည်ဖော် ဆောင်ရွက်ချင်တဲ့အပိုင်းနဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်နေတဲ့ အနေအထားတွေနဲ့ပတ်သက်လို့ ကိုယ်စားလှယ်လောင်း ဒေါက်တာ ဟိန်းပိုင်ထူးချစ်ကို RFA သတင်းထောက် ကိုမင်းခိုင်စိုးလင်းက တွေ့ဆုံမေးမြန်းထားပါတယ်။

ဒေါက်တာ ဟိန်းပိုင်ထူးချစ်အနေနဲ့ ဒီနှစ်ရွေးကောက်ပွဲမှာ ပထမဆုံးအတွေ့အကြုံနဲ့ အရွေးကောက်ခံမယ် ဆိုတော့ လူငယ်တစ်ယောက်အနေနဲ့ ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင် ဖြစ်တာလဲ။

လူငယ်တစ်ယောက်အနေနဲ့ ဘာလို့ဝင်ပြိုင်လဲဆိုတော့ အနာဂတ်အတွက်ပေါ့နော်။ ကျွန်တော်တို့စပြီး ကျောင်းပြီး ကတည်းက လူငယ်နဲ့ ပတ်သက်တဲ့ဖွံ့ဖြိုးရေး အလုပ်တွေလုပ်တယ်။ မော်လမြိုင်မြို့ရဲ့ အနာဂတ်ကိုစဉ်းစားတဲ့ Future Thinking ပုံစံမျိုးတွေ အလုပ်ရုံဆွေးနွေးပွဲတွေ ကျွန်တော်လုပ်တယ်။ လူငယ်အများကြီးနဲ့ ကျွန်တော် စကားပြောတယ်။ သုတေသနတွေလုပ်ဖြစ်တယ်။ လုပ်ဖြစ်တော့ ကျွန်တော်တို့ တွေ့တဲ့ဟာ တစ်ချက်က ငါးနှစ် ဆယ်နှစ်ဆိုရင် ဘာဖြစ်မှာလဲဆိုတဲ့ ပုံစံမျိုးပေါ့နော်။ ကျွန်တော်တို့မြို့ရဲ့ ကျွန်တော်တို့ ပြည်နယ်ရဲ့ အနာဂတ်ကို စဉ်းစားတဲ့အခါကျတော့ အားလုံးပါဝင်နိုင်ပြီးတော့ ကျွန်တော်တို့ အတူတည်ဆောက်မယ့် အနာဂတ်တစ်ခုကို မြင်ယောင်နိုင်တဲ့ဟာမျိုးကို နည်းနေတဲ့သဘော သွားတွေ့ရတယ်။ ကျွန်တော်တို့ စဉ်းစားတာက ဒါလေးကို လုပ်ဖို့လိုပြီး အဲဒီတော့ ဘာတွေလုပ်ကြမလဲပေါ့။ ဆိုတော့ ဒါလေး တွေးကြည့်လိုက်တယ်။ တွေးကြည့်မြင်ကြည့်တဲ့ အခါကျတော့ ကျွန်တော်တို့အနေနဲ့ ဒီပိုပြီးတော့ ကောင်းမွန်တဲ့ အနာဂတ်တစ်ခုကို ဖန်တီးဖို့အတွက် လူငယ်တွေ ပါဖို့လိုတယ်။ ကျွန်တော်တို့ ဆုံးဖြတ်ချက် ချမှတ်တဲ့နေရာမှာ ဒါကို စိတ်ဝင်းစားတဲ့ ဒါကို လုပ်နိုင်စွမ်းရှိတဲ့ လူငယ်တွေ များများပါဝင်လာနိုင်ဖို့ လိုအပ်တယ်လို့ ယူဆတဲ့အတွက် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်တဲ့ နေရာမှာ ကျွန်တော်တို့ မွန်ပြည်နယ်လည်း မကျန်ခဲ့ရအောင်ပေါ့။ ကျွန်တော်က ဒီရွေးကောက်ပွဲကို တတ်နိုင်သမျှ ကိုယ်စွမ်းရှိသမျှ ဝင်ပြိုင်ပြီးတော့ နောက်ထပ် ပြည်သူတွေရဲ့ အကျိုးစီးပွားတွေကို ဖန်တီးဖို့အတွက်ပေါ့နော် မျှော်လင့်ပြီးတော့ ဝင်လာတာပါခင်ဗျာ။

လက်ရှိ ပြည်နယ်အစိုးရနဲ့ ပြည်နယ်လွှတ်တော်ရဲ့ အပြန်အလှန် ထိန်းကျောင်းနေမှုကို ဒေါက်တာ ဟိန်းပိုင်ထူးချစ်အနေနဲ့ ဘယ်လိုသုံးသပ်မိလဲ။

အပြန်အလှန် ထိန်းကျောင်းမှုလို့ပြောရင် ဒါက အရေးကြီးတယ်။ ဒီမိုကရေစီရဲ့မွေးရာပါ လက္ခဏာပေါ့နော်၊ ဆိုတော့ အာဏာကို ခွဲထုတ်လိုက်တဲ့အချိန်ကျရင် အချင်းချင်း ပြန်ပြီးထိန်းရမယ့်ကိစ္စက ကျွန်တော်တို့ နိုင်ငံတစ်နိုင်ငံက ဒီမိုကရေစီကို ပြောင်းလဲနေတာက ယဉ်ကျေးမှု တစ်ခုအနေနဲ့ တည်ဆောက်ရမယ့် ဟာမျိုးဖြစ်နေတယ်။ အဲဒီတော့ လွှတ်တော်မှာ ဘာဖြစ်သွားလဲဆိုတော့ လွှတ်တော်တွေဘက်က မေးခွန်း မေးမြန်းတယ်ပေါ့နော်၊ ဒါပေမဲ့ အစိုးရတွေဘက်က ပြန်လည်ဖြေကြားပေးတဲ့ ဟာမျိုးတွေရှိသလို ပြန်လည် မဖြေကြားတဲ့ ဟာမျိုးတွေလည်းရှိတယ်။ နောက်ပြီးတော့ လွှတ်တော်မှာ မေးသင့်တဲ့ မေးခွန်းတွေကို မေးသင့်ပါလျက်နဲ့ မမေးလိုက်တာမျိုးတွေလည်း ကျွန်တော်တို့ မြင်နေရရတယ်။ အဲဒီတော့ ပြန်ပြောမယ် ဆိုလို့ရှိရင် အခုမေးတဲ့မေးခွန်းက မဏ္ဍိုင်နှစ်ခုပေါ့နော်၊ ဒီဘက်က အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ ဒီဘက်က လွှတ်တော် ဘက်ကပေါ့နော်၊ ဒီနှစ်ခုရဲ့ အပြန်အလှန် ထိန်းကျောင်းမှုအားကို ပြောရမယ်ဆို ထင်သလောက်တော့ ခရီးမပေါက်ခဲ့ဘူး။ ရှိတော့ရှိတယ် ဒါပေမဲ့ ဒီထက်ကောင်းအောင် လုပ်လို့ရတယ်ဆိုတာ ကျွန်တော်မြင်ရပါတယ်။

မော်လမြိုင်မြို့နယ်မှာ ပါတီကြီးတွေကပဲ အားသာနေတယ်။ မွန်နိုင်ငံရေးပါတီအနေနဲ့လည်း တစ်ခါမှ အနိုင်မရဖူးဘူး။ ဒီတော့ ဒီနှစ်ရွေးကောက်ပွဲမှာ မော်လမြိုင်မြို့နယ်မှာ မွန်နိုင်ငံရေးပါတီတွေ အနိုင်ရရှိမယ်လို့ ယုံကြည်ထားလား။ ဘယ်လောက်အထိ ယုံကြည်ထားလဲ။

ပထမဆုံးပြောရရင် ကျွန်တော်အမြင်အရပေါ့နော်၊ Stay at home မဖြစ်ခဲ့ဘူး။ ကိုဗစ်ရောဂါရဲ့ ရိုက်ခတ်မှုကို ကျွန်တော်တို့ မခံခဲ့ရဘူးဆိုရင် ကျွန်တော် အပြည့်အဝယုံကြည်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့မှာ ရှိနေတဲ့ မူဝါဒခိုင်မာမှုတွေ ကျွန်တော်တို့မှာရှိနေတဲ့ နိုင်ငံရေးအသိအမြင်ခိုင်မာမှုတွေ လုံဝအားကိုးထားတယ်။ ဒါက လုံဝယုံကြည်ထားတယ်။ ပြည်သူတွေနဲ့ ကျွန်တော်ထိတွေ့ပြီးတော့ ကျွန်တော်တို့ရဲ့ မူဝါဒတွေအကြောင်း ကျွန်တော်တို့ လုပ်ချင်တဲ့ဆောင်တာတွေအကြောင်း ချပြပေးနိုင်ရင် အခု ကျွန်တော်တို့ခံနေရတဲ့ သတင်းအမှား ကိစ္စတွေ ကျွန်တော်တို့ မခံရလောက်ဘူး။ ဒါက ကျွန်တော် သေချာပေါက်နိုင်မယ်လို့ ယုံကြည်တယ်။ တစ်ဖက်က Stay at home အမိန့်ကြာလာတာမျိုးတွေ ဒီကိုဗစ်ရောဂါရဲ့ ရိုက်ခတ်မှုတွေကြောင့်ပေါ့နော်၊ ဒါတွေကြောင့် ကျွန်တော်တို့ စည်းရုံးမှုတွေ တော်တော်လေးခက်သွားတယ်။ ခက်သွားတဲ့နေရာမှာ ဘယ်လောက်အထိ ခက်သွားလဲဆိုတော့ နောက်ဆုံးမဲစာရင်း စစ်ပေးဖို့ အနေအထားတောင်မှ အခက်အခဲဖြစ်လာတဲ့ အနေအထား ဖြစ်လာတယ်။ ဥပဒေအရတော့ ဒါမျိုး အိမ်တွေသွားလုပ်လို့မရတဲ့ အနေအထားမျိုးဖြစ်ပေမယ့် ကျွန်တော်တို့က ဒါလေးပိုပြီး ထောက်သွားတဲ့အခါကျတော့ လူတွေ နောက်ထပ်မဲပေးနိုင်မယ့် အနေအထားကို ပြန်ပြီးတွေးနေရတာ ပေါ့နော်။ ထောက်ခံမှုက ကျွန်တော်တို့ အများကြီးရလာတယ်။ သို့သော် ဒီလူတွေအားလုံးက မဲရုံးသွားပြီး မဲပေးနိုင်မလားပေါ့နော်၊ မဲရုံးမှာ တန်းစီပြီး အချိန်ကြာကြီးစောင့်ရမယ်ဆိုရင် သူတို့ဘယ်လိုခံစားရမလဲ။ ဒါလေးတွေကို ကျွန်တော်တို့ ပြန်ပြီးတွေးလိုက်တဲ့ အခါကျတော့ ထောက်ခံမှုတွေ များလာသော်ငြာလည်း မဲပေးရမယ့်သူတွေကို အများကြီး အားကိုးရအုံးမယ်ဆိုတာ တွေ့ရပါတယ်။

ဒေါက်တာ ဟိန်းပိုင်ထူးချစ်အနေနဲ့ နိုင်ငံရေးတွေ့အကြုံ သိပ်မရှိသေးဘူး။ အဲဒီတော့ ဒေါက်တာ ဟိန်းပိုင်ထူးချစ်ကို ဘာလို့ မဲပေးသင့်လဲ။

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ပတ်သက်ပြီး ကျွန်တော်သင်တန်းပေးခဲ့တဲ့ လူငယ်တွေ ၁၈၀၀ ကျော်၊ ၁၉၀၀ လောက်ဖြစ်နေပြီးဆိုတော့ ဒါတွေကို ပြန်ကြည့်လိုက်မယ်ဆိုရင်ဖြစ် နိုင်ငံရေး အတွေ့အကြုံအားဖြင့်ကတော့ အရမ်းကြီးနည်းပါးတယ်လို့ ကျွန်တော်မစဉ်းစားဘူးပေါ့နော်။ လွှတ်တော်နိုင်ငံရေးပိုင်းကတော့ တစ်ကဏ္ဍပေါ့၊ အဲဒီမှာ ကျွန်တော်တို့ ဝင်ပါလိုက်ခြင်းကိုက ဘာဖြစ်လာလဲဆိုတော့ နိုင်ငံရေးမှာ လူငယ်ပါဝင်မှုဆိုတာ တက်သွားတယ်။ အဲဒီတော့ ကျွန်တော်ကို မဲပေးလိုက်တာနဲ့တင် မွန်ပြည်နယ်မှာ အနာဂတ်ကို ဆုံးဖြတ်ချက် ချမယ့် လွှတ်တော်မှာ လူငယ်ပါဝင်မှုတက်တယ်။ ဒါက လူငယ်ရဲ့ ကောင်းတဲ့အချက် နံပါတ်တစ်၊ နံပါတ်နှစ်က ကျွန်တော်က နည်းပညာကို နားလည်တယ်။ သဘာဝပတ်ဝန်းကျင်ကို ကျွန်တော်ချစ်တယ်။ အဲဒီတော့ လက်ရှိ ပြိုင်ဘက် ကိုယ်စားလှယ်တွေကို ပတ်ပြီးကြည့်လိုက်မယ် ဆိုလို့ရှိရင် နည်းပညာနဲ့ပတ်သက်ပြီး အမြင်ရှိတဲ့သူ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီးတော့ တကယ့်ချစ်မြတ်နိုးတဲ့ သူတွေက ကျွန်တော်တို့ မွန်ပါတီမှာ ရှိတယ်။ ဒါက အရေးကြီးတဲ့အချက်ပေါ့နော်၊ ကျွန်တော်တို့ မွန်ညီညွတ်ရေးပါတီရဲ့ ဆက်ပြီးသွားမယ့် ဖက်ဒရယ် ပြည်ထောင်စု အမြော်အမြင်ပေါ့နော်၊ ရည်မှန်းချက်က ဖြစ်နိုင်ချေအများဆုံး အနာဂတ်နိုင်ငံရေးကို ဦးတည်ပြီး သွားနေတာဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ကို မဲပေးလိုက်ခြင်းဟာ ခုနက ပြောတဲ့အချက်တွေ အပါအဝင်ပေါ့နော်၊ အများကြီးပြည်သူတွေအတွက် တစ်ခါတည်း ပါဝင်ပြီးတော့ အထောက်အကူပေးပြီးသား ဖြစ်သွားပြီးဆိုတာ သွားတွေ့ရတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်ကို မဲပေးလိုက်ဖို့ မဲဆန္ဒရှင်တွေကို ကျွန်တော် တိုက်တွန်းပါတယ်။

ဒေါက်တာဟိန်းပိုင်ထူးချစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်တွေမှာ လူထုတွေရဲ့လိုအပ်ချက်၊ လူထုတွေရဲ့ ဆန္ဒတွေကော ဘာတွေဖြစ်မလဲလို့ သုံးသပ်မိလဲ။

လူတွေက မူးယစ်ဆေးဝါးတွေ လျော့ကျချင်တယ်။ မဲဆန္ဒရှင်တွေအနေနဲ့က ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို သူတို့က ပိုပြီးတော့ ကောင်းချင်တယ်။ သဘာဝဘေးနဲ့ ပတ်သက်ပြီးတော့ သူတို့ ခံနိုင်ရေပိုပြီးတော့ ကောင်းချင်တယ်။ စိတ်မညစ်ချင်တော့ဘူးပေါ့။ ဒါနဲ့ ပတ်သက်ပြီးတော့ ပညာရေးနဲ့ ပတ်သက်ပြီးတော့ မော်လမြိုင်ပညာရေးနဲ့ ပတ်သက်တဲ့ မြို့တိုရစ်စင်ပေါ့ အရင်တုန်းက ကျွန်တော်တို့ ခရီးသွားကဏ္ဍ ကိုဗစ် မတိုင်ခင်က ဒါလေးကို တော်တော်လေးကို ပြောခဲ့ကြတယ်။ မော်လမြိုင်မှာ ခရီးသွားကဏ္ဍနဲ့ ပတ်သက်ပြီးတော့ မဲဆန္ဒရှင်တွေ အများကြီးမြင်ချင်တယ်။ အဓိက ကျွန်တော်တို့ လူတွေအားလုံး လိုအပ်တဲ့ကိစ္စကတော့ ကိုယ့်ဒေသသည် ဖွံ့ဖြိုးပြီးတော့၊ တိုးတက်ပြီးတော့ ငြိမ်းချမ်းတဲ့ဒေသတစ်ခု ဖြစ်ချင်တာပေါ့လေ၊

ကိုယ်စားလှယ်တွေက ရွေးကောက်ပွဲကာလမှာ လူထုတွေနဲ့ တွေ့ဆုံမှုများနေပေမယ့် ရွေးကောက်ပွဲ ပြီးတဲ့အချိန် အရွေးချယ်ခံရပြီးတဲ့ အချိန်မှာတော့ လူထုနဲ့ တွေ့ဆုံမှု အားနည်းလာတာကို ဝေဖန်မှုတွေ ရှိနေတယ်။ ဒီအပေါ်မှာ ဘယ်လိုသုံးသပ်မိလဲ။

ကျွန်တော်တို့ စစ်တမ်းတွေ ရှိတာပေါ့နော်။ တချို့စစ်တမ်းတွေအရ ဘာပြောလဲဆိုတော့ လူ ၁၀ ယောက်ထဲက ရှစ်ယောက် ကိုးယောက်လောက်က ကိုယ်မဲပေးရွေးချယ်ခဲ့တဲ့ ကိုယ်စားလှယ်ကို မမြင်ဖူးဘူး။ မသိဘူး။ တချို့ဆို နာမည်တောင် မပြောပြနိုင်တာ အများကြီးပဲ။ ဒါလေးတွေကိုတွေ့ရတယ်။ အဲဒီတော့ ကျွန်တော်တို့ ကိုယ်စားလှယ် အများစုက လူထုနဲ့ သိပ်ပြီးဆက်စပ်မှု မရှိတဲ့ကိစ္စမှာ ကျွန်တော်တို့ ပြန်ပြင်ဖို့လိုပါတယ်။ ရပ်ရွာမှာ ရှိနေတဲ့ ပြည်သူတွေနဲ့ ကိုယ်စားလှယ်တွေနဲ့က ကျွန်တော်ဆိုရင် ပုံမှန်တွေ့ဖို့ စဉ်းစားထားတာရှိတယ်။ အမြဲတမ်းသွားပြီး စကားပြောမယ့်ကိစ္စတွေ သူတို့ရဲ့အမြင်တွေကို ကိုယ်တိုင်မပြောနိုင်တာတောင်မှ ကိုယ့်ရဲ့အဖွဲ့တွေ သုတေသနကနေ တစ်ဆင့် ပြောဖို့လိုအပ်တဲ့ကိစ္စတွေ ဒါတွေက တိုက်တိုက်တွန်းတွန်း လုပ်ရမယ့် လိုအပ်ချက်တွေပါ။

အခုလို အချိန်ပေးဖြေကြားပေးတဲ့အတွက် ကျွန်တော်တို့ RFA သတင်းဌာနက ဒေါက်တာ ဟိန်းပိုင်ထူးချစ်ကို ကျေးဇူးတင်ပါတယ်။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက် အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။