မြန်မာကိုလည်းကူညီကြဖို့ နိုင်ငံတကာကို ယူကရိန်းလွှတ်တော်အမတ်တိုက်တွန်း
2023.09.13

မြန်မာပြည် လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေသူတွေကို အားပေးကူညီဖို့ ယူကရိန်းလွှတ်တော်ထဲမှာ အငယ်ဆုံးအမတ်ဖြစ်တဲ့ မစ္စတာ ဗာတိုစလဗ်ရာရှခ် က နိုင်ငံတကာကို တိုက်တွန်းလိုက်ပါတယ်။ သူဟာ သမ္မတဇာလန်းစကီးရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး မန်နေဂျာလည်းဖြစ်၊ နိုင်ငံတကာဆက်ဆံရေးလွှတ်တော်ကော်မတီအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သလို လက်ရှိရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်နေသူလည်းဖြစ်ပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်သဘောထားတွေကို RFA သတင်းထောက် စောဖိုးခွားမေးမြန်းထားပါတယ်။
_____________
RFA - RFA နဲ့ အခုလိုအချိန်ပေးပြီး စကားပြောတဲ့အတွက် ကျေးဇူးတင်ပါတယ်။
Sviatoslav Yurash - ကျွန်တော်ကလည်း ခင်ဗျားနဲ့ အချိတ်အဆက်ရတာ ဝမ်းသာပါတယ်။ကျွန်တော်တို့ နှစ်နိုင်ငံကြား တူညီတဲ့အဖြစ်အပျက်တွေရှိပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် အချိတ်အဆက်မရခဲ့ကြတာ ဝမ်းနည်းစရာပါပဲ။
RFA - ဟုတ်ပါတယ်။ အခု ခင်ဗျားတို့နိုင်ငံမှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာ တစ်ကမ္ဘာလုံးက သိကြတယ်။ ခင်ဗျားဆို အသက် ၂၆ နှစ်ပဲရှိသေးတယ်။ ယူကရိန်းလွှတ်တော်ထဲမှာ အသက်အငယ်ဆုံး လွှတ်တော်အမတ်လည်း ဖြစ်တယ်၊ ဂျန်နရေးရှင်းဇီတစ်ယောက် အခုနိုင်ငံအတွက် လက်နက်ကိုင်နေတယ်။ ပထမဆုံး ကျွန်တော်မေးချင်တာ တော်လှန်ရေးဆိုတာကို ခင်ဗျားဘယ်လိုအဓိပ္ပါယ်ဖွင့်မလဲ ၊ တော်လှန်ရေးတစ်ခုအောင်ဖို့ ဘာတွေက အရေးကြီးပါသလဲ ...
Sviatoslav Yurash - တော်လှန်ရေးလို့ပြောရင် ခွဲပြီးပြောဖို့တော့လိုပါလိမ့် မယ်။ ကျွန်တော်တို့ဆီမှာ ၂ဝ၁၄ တုန်းကလည်း အစိုးရကို တော်လှန်ပုန်ကန်မှု ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းကတော့ ကျွန်တော်က အိန္ဒိယ၊ ကာလကတ္တားမှာ ပညာသင်နေတယ်။ ယူကရိန်းမြို့တော်မှာ လူသောင်းချီဆန္ဒပြကြတာကို အစိုးရက ရိုက်နှက်နှိပ်စက်တဲ့သတင်းတွေ ကျွန်တော်မြင်ခဲ့ကြားခဲ့ရတယ်။ အဲဒီလိုတွေဖြစ်တော့ ကျွန်တော်ဘယ်လိုမှ ပညာဆက်မသင်နိုင်ဘူး။ ကျွန်တော့်ကို မထိခိုက်ဘူးဆိုပြီး ထိုင်နေလို့ မဖြစ်ဘူးလေ။ အဲဒီတော်လှန်ရေးက ကျွန်တော်တို့ နိုင်ငံအတွက် သမိုင်းဝင်ပဲ။ ကျွန်တော်လည်း ကျွန်တော့်ပြည်သူပြည်သားတွေနဲ့ အတူ အဲဒီတော်လှန်ရေးမှာ ပါဝင်ချင်ခဲ့တယ်။ ဒီလိုနဲ့ ကာလကတ္တားကနေ ကျွန်တော့်ရဲ့ မြို့တော်ကို ပြန်တယ်။ ကျွန်တော့်ရည်ရွယ်ချက်က ရှင်းရှင်းပဲ၊ ကျွန်တော်တို့ တိုင်းပြည်ရဲ့အနာဂတ်အတွက် တော်လှန်ရေးမှာ ပါဝင်ချင်တယ်ဆိုတာပဲ။ တော်လှန်ရေးထဲ ပါတဲ့အခါမှာတော့ ကျွန်တော်က အင်္ဂလိပ်စကားကောင်းတယ်လေ။ အဲဒါကြောင့် အင်္ဂလိပ်စကားနဲ့ ကျွန်တော်တို့နိုင်ငံမှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာ ကမ္ဘာကြီးက သိအောင်လုပ်ရမယ်လို့ မြင်ခဲ့တယ်။ ဒီလိုနဲ့ပဲ နိုင်ငံခြားဘာသာစကား တတ်တဲ့သူတွေစုပြီး တစ်တိုင်းပြည်လုံးအနေနဲ့ အဖွဲ့တစ်ဖွဲ့ဖွဲ့ဖို့ ကျွန်တော်အကြံပေးခဲ့တယ်။ အဲဒီအဖွဲ့ကပဲ ကျွန်တော်တို့ ယူကရိန်းနိုင်ငံမှာ ဘာတွေ ဖြစ်နေပျက်နေလဲ၊ ကျွန်တော်တို့ ယူကရိန်းပြည်သူတွေရဲ့အိပ်မက်၊ ပန်းတိုင်၊ ဘာကြောင့် ကျွန်တော်တို့ တိုက်နေရလဲဆိုတာ ကမ္ဘာကြီးက သိမြင်လာအောင်၊ ကမ္ဘာ့သတင်းမီဒီယာတွေမှာပါအောင် လုပ်ခဲ့ကြတယ်။ ဒါက ၂ဝ၁၄ အရေးအခင်းပေါ့ဗျာ။ အခုခင်ဗျား မေးနေတဲ့ ကျွန်တော်တို့နိုင်ငံ စစ်ထိုးခံရတဲ့ ဒီနေ့ တော်လှန်ရေးအခင်းအကျင်းကတော့ လုံးဝမတူဘူး။ အခုက တစ်ကမ္ဘာလုံး သိကြတဲ့အတိုင်း သမ္မတ ဇာလန်းစကီးလည်း သမ္မတဖြစ်လာပြီ။ ကျွန်တော်က လွှတ်တော်အမတ်တစ်ယောက်ဖြစ်နေပြီ ။ ဒီတစ်ခေါက်ကတော့ ကျွန်တော့်အတွက် အင်မတန်မှရှင်းပါတယ်။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ကံကြမ္မာကို ကျွန်တော်တို့ ပြည်သူတွေလက်ထဲမှာပဲ ရှိရမယ်ဆိုတာပါပဲ၊ ကိုယ့်တိုင်းပြည်ရဲ့ ကံကြမ္မာအတွက် အဆုံးအဖြတ်တိုက်ပွဲဝင်ရမယ့်အချိ န်မှာ ကျွန်တော်ဒီကနေ ထွက်ပြေးသွားလို့မရပါဘူး။ တစ်နေရာရာမှာ သွားပုန်းနေဖို့လည်း ဆန္ဒမရှိပါဘူး။ ကျွန်တော်တို့ တိုင်းပြည်ကို ရုရှားက ကျူးကျော်စစ်ထိုးချိန်၊ ကျွန်တော်တို့ မြို့တော်မြောက်ပိုင်းထိ တက်ပြီးတိုက်ပွဲတွေ ဖန်တီးလာချိန်မှာတော့ ကျွန်တော်ကိုယ့်ကိုယ်ကိုယ် သိလိုက်ပြီ။ ကျွန်တော်စစ်ပွဲမှာ ဝင်ပြီးတိုက်မယ်ဆိုတာပါပဲ။
"ခင်ဗျားတို့ရဲ့အောင်ပွဲဟာ တစ်ချိန်မှာ အာရှမှာတင်မက ကမ္ဘာကြီးမှာပါ နာမည်တွင်ကျန်ရစ်ပါလိမ့်မယ်။ ခင်ဗျားတို့ တော်လှန်ရေးတိုက်ပွဲ အောင်နိုင်မယ်လို့ ကျွန်တော်ဆုတောင်းနေပါတယ်"
RFA - ၂ဝ၁၄ တော်လှန်ရေးပြီးနောက်ပိုင်းမှာပဲ ခင်ဗျားနိုင်ငံရေးသမားတစ်ယောက် ဖြစ်လာတော့တာပေါ့။ ခင်ဗျား သမ္မတဇာလန်စကီးအကြောင်း ပြောသွားတာ ကျွန်တော်သတိထားမိပါတယ်။ ပြီးတော့ ခင်ဗျားက သမ္မတဇာလန်စကီးရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး မန်နေဂျာတစ်ယောက်လည်း လုပ်ခဲ့တယ်လို့ ကျွန်တော်သိထားတယ်။ လက်ရှိသမ္မတ ဇာလန်းစကီးရဲ့ ခေါင်းဆောင်မှုကို ခင်ဗျားဘယ်လို အဓိပ္ပါယ် ဖွင့်ချင်ပါသလဲ။
Sviatoslav Yurash - သမ္မတဇာလန်းစကီးရဲ့ ခေါင်းဆောင်ပိုင်းကတော့ လူမှန်နေရာမှန်လို့ ပြောရမယ်။ ကျွန်တော်တို့ တိုင်းပြည်ကံကြမ္မာအတွက် သူအကောင်းဆုံး ဆုံးဖြတ်ချက်တွေ ချနိုင်ခဲ့တယ်။ တိုက်ပွဲတွေပြင်းထန်နေတဲ့အချိန် မှာတောင် သူက ဒီယူကရိန်းမြို့တော်မှာပဲ နေခဲ့တယ်။ တစ်ကမ္ဘာလုံးက ရက်ပိုင်းအနည်းငယ်လေးအတွင်းမှာ ယူကရိန်းကို ရုရှားက သိမ်းပိုက်လိုက်တော့မယ်လို့ ထင်နေကြချိန်မှာတောင် သူဘယ်မှ ထွက်မပြေးသွားဘူး။ ကိုယ့်တိုင်းပြည်မှာပဲ နေပြီး ရုရှားကိုပြန်တိုက်မယ်ဆိုတဲ့ သူ့ရဲ့ရဲရင့်ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကြောင့် ကျွန်တော်တို့ တိုင်းသူပြည်သားတွေအားလုံးလဲ စည်းလုံးသွားတယ်။ ရုရှားအတွက် ယူကရိန်းမှာ မြေမရှိဘူးဆိုတာလည်း ကမ္ဘာကြီးကသိသွားတယ်။ ရုရှားရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ဒီအတိုင်းကြည့်နေမလား၊ ကျွန်တော်တို့နဲ့ ပူးပေါင်းမလားဆိုတာ ကျွန်တော်တို့ ကမ္ဘာကြီးကိုပြသနိုင်ခဲ့တယ်။
RFA - ရုရှားအစိုးရကို ခင်ဗျားဘယ်လိုထင်မြင်ယူဆပါသလဲ။
Sviatoslav Yurash - ရုရှားဟာ နယ်ချဲ့ရေးမူဝါဒ၊ ပြန်လည်စိုးမိုးရေးမူဝါဒကို ကျင့်သုံးနေတယ်။ နိုင်ငံတကာ နယ်နိမိတ်သတ်မှတ်စည်းမျဉ်းတွေကို ပြန်လည်ပြင်ဆင်ဖို့ ကြိုးစားနေတာပဲ။ ရုရှားသမ္မတပူတင်ဟာ အာဏာတည်မြဲရေးကို လက်ကိုင်ထားပြီး အာဏာရှင်နိုင်ငံ ထူထောင်ဖို့ ကြိုးစားနေတာပါ။ သူ့ရဲ့ ဦးဆောင်မှုနဲ့အတိုက်အခံတွေကို ဖိနှိပ်ပြီး ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်။ ရုရှားအနီးဝန်းကျင်မှာ စစ်ပွဲတွေဖန်တီးပြီး ဖျက်စီးရေး၊ သတ်ဖြတ်ရေးကိုပဲ လက်ကိုင်ထားတဲ့ အာဏာရှင်ယဉ်ကျေးမှုတစ်ခုဖန်တီး နေတာပါ။ အခုယူကရိန်းစစ်ထိုးခံရတာကိုကြည့်ရင် ဒါဟာ ထင်ရှားပါတယ်။
RFA - ဒီတိုက်ပွဲအောင်မယ်လို့ ခင်ဗျားယုံလား၊ ဒီလောက်အချိန်အကြာကြီး တောင့်ခံပြီး ပြန်တိုက်နေကြတဲ့ ယူကရိန်းပြည်သူတွေရဲ့ ယုံကြည်ချက်က ဘာဖြစ်မလဲ။
Sviatoslav Yurash - ကျွန်တော်တို့ ယူကရိန်းပြည်သူတွေအတွက်က ရှင်းပါတယ်။ ကိုယ့်တိုင်းပြည်ရဲ့ကြမ္မာ ကိုယ်ဖန်တီးချင်တာပါပဲ။ ဘယ်တိုင်းပြည်တစ်ပြည်ကမှ လာပြီး နယ်ချဲ့တာကို လက်မခံပါဘူး။ အင်ပါယာဟောင်း ကနေလာပြီး ကျွန်တော်တို့ပြည်သူတွေကို အာဏာရှင်ဆန်ဆန် လုပ်တာကို ခွင့်မပြုနိုင်ပါဘူး။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ ၊ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက် ဖို့ ကျွန်တော်တို့ တည်ထောင်လာခဲ့တာ လွတ်လပ်ရေးရပြီးကတည်းကဆိုရင် အခုနှစ် ၃ဝ ရှိပါပြီ။ ဒါကို လက်လျှော့အရှုံးမပေးလိုက်နိုင် ပါဘူး။ လွတ်လပ်ရေးရဖို့အတွက် ကျွန်တော်တို့ဘိုးဘွားတွေ အသက်နဲ့ရင်း တိုက်ပွဲဝင်ခဲ့ကြရတာပါ။ ဒီလွတ်လပ်ရေးကို ကျွန်တော်တို့မျိုးဆက်မှာ အာဏာရှင်က တိုင်းတစ်ပါးကနေ ပြန်လုယူသွားတာမျိုးမဖြစ်စေရပါ ဘူး။ ဒါကြောင့် ကျွန်တော်တို့ တိုက်ပွဲဝင်နေတာပါ။
RFA - ဟုတ်ကဲ့၊ အခုတော့ ကျွန်တော်တို့မြန်မာပြည်နဲ့ ဆက်နွှယ်ပြီးပြောရအောင်ပါ။ ယူကရိန်းနိုင်ငံရေးသမားတစ်ယောက်အနေနဲ့ မြန်မာနိုင်ငံမှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာ သိနေကြားနေမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်နေပျက်နေတာတွေကို ခင်ဗျား ဘယ်လိုမြင်လဲ။
Sviatoslav Yurash - မြန်မာနိုင်ငံမှာ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ဖို့ ကြိုးစားခဲ့သမျှ အာဏာရှင်တွေကြောင့် နောက်ပြန်ဆုတ်သွားတာကို မြင်ရတာ ဝမ်းနည်းစရာပါပဲဗျာ။ မြန်မာပြည်အကြောင်းပြောရင် ကျွန်တော်ရင်းနှီးကျွမ်းဝင်ခဲ့တာကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အကြောင်းပါပဲ။ သူနေအိမ်အကျယ်ချုပ်ကလွတ်လာချိန် မှာ ပြည်သူလူထုက တော်တော်လေးမျှော်လင့်ခဲ့ကြတယ်။ သူရွေးကောက်ပွဲနိုင်ပြီးနောက် မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်လာတာကို တွေ့ခဲ့ရတယ်။ အဲဒီလိုအားတက်စရာတွေက မြန်မာစစ်တပ်အာဏာသိမ်းလိုက်ချိန်မှာတော့ ပျက်စီးသွားရတယ်။ ကျွန်တော့်ရဲ့ အမြင်အရပြောရရင် မြန်မာစစ်တပ်ကို ပစ်မှတ်ထားပိတ်ဆို့တာတွေ လုပ်ရပါမယ်။ မြန်မာနဲ့ အနီးအနားက တိုင်းပြည်တွေ ဥပမာ - အာဆီယံပေါ့ဗျာ၊ မြန်မာစစ်တပ်ကို ဖယ်ကြဉ်ထားဖို့ လုံးဝအထီးကျန်အောင် ပြတ်ပြတ်သားသားလုပ်ဖို့လိုပါမယ် ။ ကိုယ့်ပြည်သူတွေကိုကိုယ် အာဏာရှင်ဆန်ဆန် လုပ်ချင်တိုင်းလုပ်နေတာကို ကမ္ဘာကြီးက လက်ပိုက်ကြည့်မနေဘူးဆိုတာ ထင်ရှားပါတယ်ဗျာ။ ကမ္ဘာကြီးအနေနဲ့လည်း ဒီလိုဖြစ်ရပ်တွေကို ခွင့်မပြုဖို့လိုပါတယ်။ မြန်မာပြည်သူတွေရဲ့ မျှော်လင့်ချက်အိပ်မက်တွေ၊ လွတ်လပ်ခွင့်တွေကို စစ်တပ်က ဖျက်ဆီးနေတာကိုတွေ့နေရတာ တော်တော်ဝမ်းနည်းစရာကောင်းပါတယ် ။ မြန်မာပြည်သူပြည်သားတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီကို ရွေးကောက်ပွဲမှာ မဲပေးရွေးချယ်ခဲ့ပြီး သူတို့ရဲ့ ယုံကြည်ချက်တွေကို ရှင်းရှင်းလင်းလင်းပြောထားပြီးပြီလေ။
RFA - ခင်ဗျားလည်းသိတဲ့အတိုင်းပဲ မြန်မာစစ်တပ်နဲ့ ရုရှားကြားမှာ တော်တော်ကို နီးကပ်တဲ့ ဆက်ဆံရေးရှိကြပါတယ်။ မြန်မာစစ်ခေါင်းဆောင်ဟာဆိုရင် ရုရှားသမ္မတပူတင်ကို ကမ္ဘာ့ခေါင်းဆောင်လို့တောင် လူသိရှင်ကြား ထုတ်ပြောခဲ့ဖူးပါတယ်။ သူတို့တွေရဲ့ ဆက်ဆံရေး ခင်ဗျားဘယ်လိုမြင်ပါသလဲ။
Sviatoslav Yurash - အဲဒါကတော့ အရမ်းရှင်းပါတယ်။ အဲဒီလိုအာဏာရှင်တွေက တစ်ယောက်နဲ့တစ်ယောက်ပေါင်းကြံကြတာပဲ။ တစ်ယောက်နဲ့တစ်ယောက် အချိတ်အဆက်ထားကြတာပဲ။ ဒါတွေကို ကျွန်တော် အံ့အားမသင့်ပါဘူး။ ရုရှားကတော့ သူကိုယ်သူ ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံး အာဏာရှင်အဖြစ်ပြဖို့ နည်းလမ်းပေါင်းစုံနဲ့ သူလုပ်ပြနေတာ အံ့သြစရာတော့ မဟုတ်ပါဘူး။ သူတို့တွေမှာ ဒီလိုအချိတ်အဆက်တွေရှိနေတာက စိတ်မကောင်းစရာပါ။

RFA - မကြာသေးခင်ကပဲ အစီရင်ခံစာတစ်ခုထွက်ထားတာရှိပါ တယ်။ ရုရှားဟာ မြန်မာစစ်တပ်ဆီကနေ လက်နက်တွေပြန်ဝယ်ပြီး ခင်ဗျားတို့ ယူကရိန်းပြည်သူတွေကို တိုက်ခိုက်နေတယ်လို့ ဖော်ပြထားပါတယ်။ မြန်မာစစ်ကောင်စီကို နိုင်ငံတကာက လက်နက်တင်ပို့ရေး ပိတ်ဆို့ရေးမှာ ယူကရိန်းက ဘယ်လိုရပ်တည်ချက်ရှိပါသလဲ။
Sviatoslav Yurash - ဒဏ်ခတ်ပိတ်ဆို့မှု ဆန်ရှင်တွေ၊ လက်နက်အရောင်းအဝယ် ပိတ်ဆို့ရေးတွေနဲ့ ပတ်သက်လာရင် ကျွန်တော်တို့ ဒီယူကရိန်းနိုင်ငံအတွက်လည်း စိုးရိမ်စရာဖြစ်ပါတယ်။ လူ့အခွင့်အရေးအကြောင်းပြောဖို့ ဆိုရင်တောင် မဖြစ်နိုင်တော့တဲ့ ခင်ဗျားတို့ မြန်မာပြည်တွင်း ဒီနေ့ဖြစ်ပျက်နေတာတွေဟာ ဆန်ရှင်တွေချမှတ်ဖို့၊ လက်နက်ရောင်းဝယ်ရေးတွေပိတ်ဆို့ ဖို့ လိုနေတယ်ဆိုတာ အထင်အရှားပြသနေပါတယ်။ ကျွန်တော် ယူကရိန်းလွှတ်တော်နိုင်ငံခြားရေးကော်မတီအဖွဲ့ဝင်တစ်ဦးအနေနဲ့ မြန်မာစစ်တပ်ကို ဒဏ်ခတ်ပိတ်ဆို့ဖို့၊ လက်နက်တင်ပို့ရောင်းချတာတွေ ပိတ်ဆို့ ဖိအားပေးမှာပဲ။ မြန်မာစစ်တပ်ဟာ ၂၁ ရာစုမှာ မရှိမဖြစ်လိုနေတဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ လူ့အခွင့်အရေးတွေကို ချိုးဖောက်ဖျက်ဆီးနေတာပါ။
RFA - ခင်ဗျားကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကျွန်တော်ပြောချင်တာတစ်ခုက ခင်ဗျားတို့ ယူကရိန်းဟာလည်း မြန်မာစစ်တပ်ကို လက်နက်ရောင်းခဲ့ဖူးတဲ့ ရာဇဝင်ရှိပါတယ်။ အဲဒါကို မြန်မာပြည်သူလူထုက တော်တော်လေးစိတ်မကောင်းဖြစ်ကြပါတယ်။ ဒါပေမဲ့ အခုခင်ဗျားတို့ကို ရုရှားက စစ်ထိုးချိန်မှာတော့ ယူကရိန်းပြည်သူတွေနဲ့ အတူရပ်တည်နေတုန်းပဲလို့ ကျွန်တော်ပြောချင်တယ်။ ယူကရိန်းအနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဘယ်လိုရပ်တည်ပါသလဲ။
Sviatoslav Yurash -ဒါအရင်တုန်းက ရှိခဲ့တဲ့ ဆက်ဆံရေးတွေပါ။ ဒီမိုကရေစီဆိုတဲ့ထုံးစံအတိုင်း လူအမျိုးမျိုးဟာ မတူတဲ့ဆုံးဖြတ်ချက်တွေ ရှိခဲ့တာပါပဲ။ အဲဒီဆုံးဖြတ်ချက်တွေဟာ မှားကောင်းမှားနိုင်ပါတယ်။ ကျွန်တော်ရှင်းပြနိုင်တာတစ်ခု ကတော့ ယူကရိန်းမှာလည်း ၂ဝ၁၉ မှာ သမ္မတဇာလန်းစကီး အနိုင်ရပြီးမှ အစိုးရကောင်းတစ်ရပ်ဖွဲ့နိုင်ခဲ့တာပါ။ ဒီမိုကရေစီအစိုးရ၊လွှတ်တော်ကို ဖွဲ့နိုင်တာပါ။ အဲဒီနောက်မှာမှ ရှေးကလုပ်ခဲ့သမျှ အာဏာရှင်နိုင်ငံတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ခဲ့တာတွေကို ပြန်လည်သုံးသပ်ရတာ ဖြစ်ပါတယ်။ ယူကရိန်းပြည်သူတွေက ရှေးကလူတွေလုပ်ခဲ့တဲ့ လုပ်ရပ်တွေကို မလိုလားတာအမှန်ပါပဲ။
RFA - ခင်ဗျားရှေ့မှာပြောခဲ့သလိုပဲ ယူကရိန်းနဲ့ မြန်မာကြားမှာ တူညီတာတွေရှိပါတယ်။ မြန်မာနိုင်ငံမှာလည်း ခင်ဗျားအသက်အရွယ် လူငယ်တွေအများကြီးပဲ အခုဆို လက်နက်ကိုင်ပြီး ဒီမိုကရေစီရေး၊ ကိုယ့်ရဲ့လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေကြပါတယ်။ ခင်ဗျား အဲဒီလူငယ်တွေကိုရော ဘယ်လိုသတင်းစကားပေးချင်ပါသလဲ။
Sviatoslav Yurash - ခင်ဗျားတို့တွေ တိုက်ပွဲဟာ အောင်မြင်လိမ့်မယ်ဆိုတာ ရှင်းပါတယ်ဗျာ။ သမိုင်းကြောင်းတွေကိုပဲ ပြန်ကြည့်ပါ။ တစ်ချိန်တုန်းက အာဏာရှင်ဖြစ်ခဲ့ပေမဲ့ အခုဆိုရင် လူ့အခွင့်အရေးစံတွေကို အခိုင်အမာတည်ဆောက်ထားတဲ့ ဒီမိုကရေစီစနစ်ဖြစ်နေပါပြီ။ ခင်ဗျားတို့ ဒီနေ့တိုက်နေသလိုပဲ တိုက်ယူခဲ့လို့ ဒီလိုအောင်မြင်မှုရခဲ့တာပါ။ အာရှမှာဆိုရင်လည်း ကြည့်လိုက်ပါ။ တောင်ကိုရီးယားတို့ ထိုင်ဝမ်တို့မှာ ဆိုရင်လည်း ပြည်သူလူထုရဲ့တိုက်ပွဲကြောင့်ပဲ အာဏာရှင်အစိုးရကနေ ဒီမိုကရေစီအစိုးရဆီကို ကူးပြောင်းခဲ့တာပါ။ ဒါတွေကို ကြည့်လိုက်ခြင်းအားဖြင့် ခင်ဗျားတို့ ဒီနေ့တိုက်ပွဲဟာ အောင်မြင်မယ်ဆိုတာ အထင်အရှားပါပဲ။ ခင်ဗျားတို့ ကျွန်တော်တို့တွေရဲ့ အနာဂတ်အိပ်မက်တွေ အကောင်အထည်ပေါ်လာမှာပါ။ ခင်ဗျားတို့ရဲ့အောင်ပွဲဟာ တစ်ချိန်မှာ အာရှမှာတင်မက ကမ္ဘာကြီးမှာပါ နာမည်တွင်ကျန်ရစ်ပါလိမ့်မယ်။ ခင်ဗျားတို့ တော်လှန်ရေးတိုက်ပွဲ အောင်နိုင်မယ်လို့ ကျွန်တော်ဆုတောင်းနေပါတယ်။

RFA - ခင်ဗျားလည်းသိတဲ့အတိုင်းပဲ၊ တစ်ကမ္ဘာလုံးက အခုဆိုရင် ယူကရိန်းကိုပဲ အာရုံစိုက်နေကြပါတယ်။ မြန်မာပြည်သူတွေကလည်း ယူကရိန်းလို အကူအညီတွေလိုချင်ပါတယ်။ ယူကရိန်းမှာရနေတဲ့ အကူအညီ တစ်ရာခိုင်နှုန်းလောက်တောင် မရပါဘူး
Sviatoslav Yurash - နိုင်ငံတကာအနေနဲ့ အထူးသဖြင့်အနောက်နိုင်ငံတွေကနေ မြန်မာပြည်ရေးအတွက် တိုက်ပွဲဝင်နေသူတွေကို ထိထိရောက်ရောက် မကူညီတာတွေ့ရတာ ဝမ်းနည်းစရာပါဗျာ။ ကမ္ဘာကြီးအနေနဲ့ မျက်စိမှိတ်မထားဖို့ ရှင်းရှင်းလင်းလင်းပြောချင်ပါတယ်။ ဒီကိစ္စကို ကျွန်တော် ရှေ့ဆက်ဆွေးနွေးသွားပါ့မယ်။ မြန်မာပြည်လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေသူတွေကို ကူညီဖို့အရေးကြီးကြောင်း နိုင်ငံတကာကိုသတိပေးဖို့ အခုလို ကျွန်တော့်ကို မေးမြန်းတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
RFA - နောက်ဆုံးမေးခွန်းပါခင်ဗျာ။ တကယ်လို့ခင်ဗျားသာ မြန်မာပြည်သူတွေကို ကူညီခွင့်ရမယ်ဆိုရင် ဘယ်လိုကူညီချင်ပါသလဲခင်ဗျာ ...
Sviatoslav Yurash - ကျွန်တော်တို့မှာ လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်ခဲ့တဲ့ နှစ်နဲ့ချီတဲ့ အတွေ့အကြုံတွေရှိပါတယ်။ ဒီနှစ်တွေမှာရရှိခဲ့တဲ့ ရုရှားက ယူကရိန်းအပေါ် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထိုးနှက်မှုတွေနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေလည်းရှိပါတယ်။ ရှေ့တန်းအတွေ့အကြုံပဲဖြစ်ဖြစ် တော်လှန်ရေးအတွေ့အကြုံပဲဖြစ်ဖြစ် အတွေ့အကြုံတွေအများကြီးပါ။ ကျွန်တော်ဆိုလိုတာက ဒီအတွေ့အကြုံတွေကို ရင်းပြီး ကျွန်တော်ပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ ယူကရိန်းနိုင်ငံသားတွေပဲဖြစ်ဖြစ် တတ်နိုင်တဲ့ဘက်က လက်တွဲပြီး ခင်ဗျားတို့ မြန်မာတွေ ဒီနေ့ရင်ဆိုင်နေရတဲ့တိုက်ပွဲအတွက် အကြံဉာဏ်တွေ ပေးနိုင်ပါတယ်။ ဒါမှကျွန်တော်တို့တောင်းဆိုနေတဲ့ လွတ်လပ်ခွင့်တွေ ရရှိနိုင်မှာပါ။