ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာနဲ့ ဗိုလ်ချုပ်ဂွမ်မော်တို့ မတက်ရောက်
2014.12.21
ရန်ကုန်မှာ တနင်္လာနေ့ကစပြီး ၂ ရက်ကြာ ကျင်းပမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို NCCT အဖွဲ့ ခေါင်းဆောင် နှစ်ဦးဖြစ်တဲ့ ဦးနိုင်ဟံသာနဲ့ ဗိုလ်ချုပ်ဂွမ်မော်တို့ မတက် ရောက်တာဟာ KIO ဌာနချုပ်ရှိရာ ကချင်ပြည်နယ် လိုင်ဇာမြို့အနီးကို အစိုးရစစ်တပ်က လက်နှက်ကြီးနဲ့ ပတ်ခတ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အစိုးရဖက်က အတိအကျအကြောင်းမပြန်သေးတာကြောင့် ဆိုတဲ့ အချက်ပါဝင်တယ်လို့ NCCT ခေါင်းဆောင် ဦးနိုင်ဟံသာက ပြောပါတယ်။
NCCT ခေါင်းဆောင် ဦးနိုင်ဟံသာကို မသင်းသီရိ ဆက်သွယ်မေးမြန်းထားပါတယ်။
မသင်းသီရိ။ ။ဟုတ်ကဲ့ပါရှင့် မနက်ဖြန် ရန်ကုန်မှာလုပ်မယ့် အပစ်အခတ်ရပ်စဲရေး လုပ်ငန်းဆွေးနွေးပွဲကို ဦးနိုင်ဟံသာနဲ့အတူ ဗိုလ်ချုပ်ဂွမ်မော်တို့လည်း မတက်ဘူးလို့ပြောလို့ ပြောပါတယ်၊ ဆိုတော့ဘာကြောင့်များ ဒီအစည်းအဝေးကို မတက်တာပါလဲရှင့်၊ အဲ့ဒါနဲ့ပတ်သက်ပြီး အရင်သိချင်ပါတယ်ရှင့်။
ဦးနိုင်ဟံသာ။ ။ဒီပွဲက ပွဲကြီးမဟုတ်သေးဘူးပေါ့နော်၊ ပွဲကြီးမဟုတ်ဘူးဆိုတာက တဘက်က လိုင်ဇာစစ်သင်တန်းကျောင်းကိစ္စကလည်း ရှင်းဖို့လိုသေးတယ်လို့ အန်ကယ်လ်တို့မြင်တယ်၊ အဲ့ဒီကိစ္စအပေါ်မှာ ကျနော်တို့ဘက်က ထိခိုက်သွားတဲ့အပေါ်မှာပေါ့လေ၊ မရှင်းသေးတာ ရှိပါတယ်၊ အဲ့ဒီအပေါ်မှာ ကျတော်တို့ကတောင်းဆိုထားတယ်၊ အစိုးရဘက်က ဒီကိစ္စကို တက်နိုင်တဲ့နည်းနဲ့ ဦးစားပေးဖို့ပေါ့နော်၊ အဲ့ဒါကို ကျနော်တို့ပြောလိုက်တော့ အစိုးရဘက်က ဝန်ကြီးဦးအောင်မင်းက စာရေးလာတယ်၊ ဒီအတွက် စိတ်မကောင်းဘူးဆိုပြီးတော့မှ အဲ့ဒီလောက်ပဲ ဝမ်းနည်းပါတယ်ဆိုတဲ့ ဆိုတဲ့စကားလောက်ပဲပြောတာကိုး အဲ့ဒီတော့ အန်ကယ်လ်တို့ကတော့ မပြေလည်ဘူး အဲ့ဒီကိစ္စအပေါ်မှာလေ၊ နောက်ထပ်ဒါတွေကို တွေ့ဆုံပြီးတော့မှ ရှင်းလင်းနိုင်ဖို့အတွက်ပေါ့လေ အန်ကယ်လ်တို့က ထပ်ပြီးတောင်းဆိုထားတယ်၊ အဲ့ဒီအပေါ်မှာ ၁ ချက်ပေ့ါ၊ နောက်ပြီးတော့မှ စက်တင်ဘာ ဆွေးနွေးပွဲတုန်းက တွေ့ဆုံနေတဲ့အချက်တွေအပေါ်မှာ အစိုးရလိုင်းကပေါ့နော် ဦးအောင်မင်းနဲ့ သမ္မတကြီးတို့လိုင်းက အဆိုပြုထားတဲ့အချက်တွေရှိပါတယ်၊ အဲ့ဒီအချက်တွေအပေါ်မှာ အန်ကယ်လ်တို့ဘက်ကအနေနဲ့ မေးတာကတော့ UPWC တစ်စုံလုံးတွေအနေနဲ့ပေါ့လေ တစုလုံးအနေနဲ့အဲ့ဒါဘယ်လို သဘောထားလဲ၊ အဲ့ဒီကိစ္စလည်းသူတို့ မပြန်ကြားသေးဘူး၊ အစိုးရဘက်ကလိုင်းနဲ့ချည်းပဲ သူတို့သဘောထားတွေ ထင်ဟပ်တယ်ဆိုတော့ ဒါဟာမပြည့်စုံသေးဘူးလေ၊ အခုကတော့ အလွတ်သဘောနဲ့ ညှိနှိုင်းတာကပိုပြီးတော့ကောင်းမယ်၊ အလွတ်သဘောနဲ့ ထိပ်တိုက်ညှိနှိုင်းပြီးတော့မှ လိုအပ်တဲ့အချိန်ကျမှပေါ့လေ အဖွဲ့အစုနဲ့တွေ့ဆုံဖို့ဆိုတဲ့ အစီအစဉ်မျိုးနဲ့ အဲ့ဒီလိုလုပ်လိုက်တာပါ။
မသင်းသီရိ။ ။ဟုတ်ကဲ့ ဒီတော့မနက်ဖြန် ရန်ကုန်မှာလုပ်မယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အန်ကယ်လ်တို့ မတက်ဘူးဆိုတာထဲမှာ ကချင်ပြည်နယ် လိုင်ဇာမှာကျတဲ့ လက်နက်ကြီးကိစ္စကို အစိုးရဘက်အတိအကျ မဖြေရှင်းတာကြောင့် တစ်ချက်ပါတယ်လို့ ပြောနိုင်မလားရှင့်။
ဦးနိုင်ဟံသာ။ ။ဟုတ်တယ် ဟုတ်တယ်၊ အစိုးရဘက်က ဒါကိုထိုက်သင့်တဲ့နည်းနဲ့ပေါ့လေ အဲ့ဒါကို ဝိုင်းဝန်းဦးစားပေးဖို့ အန်ကယ်လ်တို့ တောင်းဆိုထားတာ သူတို့အဖြေမသေးဘူးဖြစ်နေတယ်၊ သတင်းထဲမှာ လွှင့်နေတဲ့ဟာတွေက တကယ့်လက်တွေ့အနေအထားနဲ့ မကိုက်ညီဘူးလေ၊ တပ်ဘက်ကပြောနေတဲ့အပေါ်မှာပဲ အစိုးရဘက်ကလိုက်ပြောနေတာကတော့ မမှန်ကန်ဘူးလို့ အန်ကယ်လ်တို့ မြင်တယ်အဲ့ဒါ။
မသင်းသီရိ။ ။ဟုတ်ကဲ့ပါ အဲ့ဒီတော့အခု ဒီအပစ်ရပ်ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးနိုင်ဖို့ အခြေအနေနဲ့ အလားအလာဆိုရင် နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ဦးနိုင်ဟံသာ ဘယ်လိုများ သုံးသပ်ချင်ပါလည်းရှင့်။
ဦးနိုင်ဟံသာ။ ။ဒါကတော့ ပြောဖို့ခက်သေးတယ်၊ ဘာကြောင့်လဲဆိုတော့ ဦးအောင်မင်းတို့ဘက်ကနေပြီးတော့ ဒီကြားထဲမှာပြုထားတဲ့အဆိုတွေက တော်တော်လေးကို ကောင်းပါတယ်ဆိုတဲ့ ဆိုလို့ရပါတယ်၊ ဒါပေမဲ့ဒါက UPWC တစုလုံးရဲ့သဘောထား ဟုတ်မဟုတ်ဆိုတဲ့ဟာ မသိသေးတော့ ဒါကမသေချာသေးဘူးလို့ ပြောလို့ရပါတယ်။
မသင်းသီရိ။ ။ဟုတ်ကဲ့ ဝန်ကြီးဦးအောင်မင်း ဦးဆောင်တဲ့ဒီ အပစ်အခက်ရပ်စဲရေးဆိုင်ရာ သဘောထားတွေဟာ လွှတ်တော်ရဲ့သဘောထားနဲ့ တထပ်တည်းကျမယ်လို့ရော ဦးနိုင်ဟံသာ မြင်ပါလားရှင့်။
ဦးနိုင်ဟံသာ။ ။အဲ့လိုတော့မြင်လို့မရသေးဘူး၊ ဘာကြောင့်လဲဆိုတော့ ဦးအောင်မင်းတို့ကတော့ အစိုးရလိုင်းက ကိုယ်စားလှယ်တွေဖြစ်တယ်၊ သူတို့ပြောတာက အစိုးရလိုင်းက သမ္မတလိုင်းကနေသဘောထားဖြစ်တယ်၊ ဒါကြောင့် အန်ကယ်လ်တို့က တပ်မတော်လိုင်းက သဘောထားတွေထင်တယ်။
မသင်းသီရိ။ ။ဟုတ်ကဲ့ဆိုတော့ တပ်မတော်ကတော့ ပြီးခဲ့တဲ့ဆွေးနွေးပွဲမှာ တပ်ပိုင်းဆိုင်ရာကိစ္စမှာ အန်ကယ်လ်တို့အဖွဲ့တွေနဲ့ကြားမှာ သဘောထားတင်းမာမှု ရှိနေပါတယ်၊ သူတို့ဘက်ကရော ဒီသဘောထားတွေနဲ့ပတ်သက်ပြီးတော့ ပြောင်းလဲလာတာ လျော့ပေးလာတဲ့ အနေအထားမျိုတွေ တွေ့ရတာရှိပါသလား၊ အန်ကယ်လ်တို့ သိထားတာရော ရှိပါပြီလားရှင့်။
ဦးနိုင်ဟံသာ။ ။အဲ့ဒါကတော့ မသေချာသေးဘူးနော်၊ ဒါပေမယ့် MPC က ကိုယ်စားလှယ်တွေ ပြောပြချက်အရတော့ အပြောင်းအလဲတော့ရှိပါတယ်၊ ကောင်းလာတဲ့အနေအထား ရှိပါတယ်လို့ အဲ့ဒီလိုတော့ ပြောပါတယ်။
မသင်းသီရိ။ ။ဟုတ်ကဲ့ ၂ဝ၁၄ ခုနှစ်အတွင်းမှာ အပစ်အခက်ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲတွေဟာ မအောင်မြင်ဘူးဆိုတဲ့ သုံးသပ်ချက်တွေရှိနေပါတယ်၊ ဒီအပေါ်မှာ ဘယ်လိုများတုန့်ပြန်ချင်ပါလဲရှင့်။
ဦးနိုင်ဟံသာ။ ။ဟုတ်ပါတယ်၊ အစပိုင်းကနေတွက်လိုက်မယ်ဆိုရင်တော့နော် အန်ကယ်လ်တို့ ဒီ NCCT နဲ့စပြီးတော့ ဆွေးနွေးလာတာက ၂ဝ၁၃ မှာစဆွေးနွေးတယ်၊ စစချင်းပေါ့လေတွေ့တဲ့ပွဲမှာ အခြေအနေက သိပ်မကောင်းဘူး၊ နောက်ပိုင်းမှာ ပြန်လည်တွေ့ဆုံ ပိုပြီးတော့မှညှိနှိုင်းလာတာကတော့ သြဂုတ်လအထိကတော့ တော်တော်လေး ကောင်းလာတယ်၊ ဒါပေမယ့်ပေါလေ စက်တင်ဘာလကျတော့ အခြေအနေကပြန်ပြောင်းသွားပြန်ရော၊ အခြေအနေကတော့ နောက်ပြန်ဆုတ်သွားတဲ့ သဘောမျိုးဖြစ်နေတယ်၊ ဒါကြောင့်ခြုံလိုက်ရင်တော့ နောက်ပိုင်းမှာ ပြန်ဆုတ်သွားတဲ့သဘောတွေရှိတော့ တိုးတက်မှုကအရာမရောက်ဘူးလို့ ပြောရမှာပေါ့။
မသင်းသီရိ။ ။ဟုတ်ကဲ့ တပ်မတော်အပါအဝင် အစိုးရနဲ့ အပစ်ရပ်ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ကိစ္စတွေမှာ ဘယ်လိုအကြောင်းအရာတွေက အဓိကအခက်အခဲဖြစ်နေပါလဲရှင့်၊ အခုလိုမအောင်မမြင်ဖြစ်ရတာကရော ဘာ့ကြောင့်ပါလဲလို့ ဦးနိုင်ဟံသာ သုံးသပ်ချင်ပါလဲရှင်။
ဦးနိုင်ဟံသာ။ ။အခက်အခဲကပေါ့နော် အဓိကတပ်ပိုင်းဆိုင်ရာလို့ ပြောလို့ရပါတယ်၊ တဘက်ကနိုင်ငံရေးပိုင်းဆိုင်ရာဆိုရင် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ပေါ့နော်၊ အဲ့ဒါကို မူအရပေါ့လေ ဒါတော့ သဘောတူလာပြီ အဲ့ဒါကတော့ အထိုက်အလျောက်ကောင်းလာပါပြီလို့ ပြောလို့ရပါတယ်၊ ဒါပေမယ့် တဘက်က ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်မယ်ဆိုရင် အသွင်ပြောင်းဖို့လိုပါတယ်၊ အန်ကယ်လ်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တပ်တွေကိုလည်း အနာဂတ်မှာပေါ့လေ ပြည်ထောင်စုတပ်မတော်ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်ပူးပေါင်းပြီးတော့ မိမိတို့နိုင်ငံကို ကာကွယ်သွားဖို့၊ ပူးပေါင်းတဲ့နေရာမှာ ဘယ်လိုပူးပေါင်းမလဲဆိုတဲ့ အနေအထားမှာတော့နော် အမြင်မတူကြသေးဘူး၊ အဓိကအားဖြင့်ကတော့ အစိုးရဘက်က ကိုယ်စားလှယ်တွေ၊ တပ်ဘက်က ကိုယ်စားလှယ်တွေကျတော် သူတို့လက်ရှိပုံစံကို သူတို့မပြောင်းချင်ဘူး၊ အဲ့ဒါကတော့ အန်ကယ်လ်တို့မြင်တာကတော့ တပ်အနေအထားတွေကို အသွင်မပြောင်းရင် တဘက်ကဒီမိုကရေစီစနစ်နဲ့လည်း မကိုက်ညီဘူး၊ ဖက်ဒရယ်ပြည်ထောင်စု စနစ်နဲ့လည်း မကိုက်ညီဘူး၊ အဲ့ဒါဆိုရင် အန်ကယ်လ်တို့လည်း လက်ခံနိုင်ဖို့အနေအထားမရှိဘူး၊ ဒါကအဓိကအခက်အခဲတွေပါ။
မသင်းသီရိ။ ။ဟုတ်ကဲ့ အခုနိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေကို ၆ ပွင့်ဆိုင် နောက်တစ်ခါကျတော့ တိုင်းရင်းသားအားလုံးပါဝင်တဲ့ ၁၂ ပွင့်ဆိုင်ဆိုပြီးတော့ တောင်းဆိုမှုတွေရှိလာပါတယ်၊ ဒီတော့ မြန်မာ့နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အန်ကယ်လ် ဦးနိုင်ဟံသာတို့ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့တွေအနေနဲ့ရော ပါဝင်ဖို့အတွက် ဆန္ဒရှိပါသလား၊ ဒီလိုပါဝင်ဖို့ကိုရော တောင်းဆိုဖို့ အစီအစဉ်ရှိပါလားရှင့်။
ဦးနိုင်ဟံသာ။ ။ဒါကပြည်တွင်းမှာလုပ်နေတဲ့ ဒီ ၆ ပွင့်ဆိုင်တို့ ၁၂ ပွင့်ဆိုင်တို့ ပြောနေတဲ့ကိစ္စတွေလေ၊ အန်ကယ်လ်တို့ကိုလည်း ထည့်မတွက်ပါဘူး၊ အန်ကယ်လ်တို့လည်း ပါဝင်ချင်လို့လည်း မဟုတ်ပါဘူး၊ တကယ်ကတော့ အန်ကယ်လ်တို့မြင်တာကတော့ ဒီအန်ကယ်လ်တို့ နိုင်ငံရဲ့အဓိကပြဿနာက ဒီလက်နက်ကိုင် ပဋိပက္ခပဲ၊ ဒီလက်နက်ကိုင် ပဋိပက္ခကို မဖြေရှင်းနိုင်သမျှတော့ ကျနော်တို့ရဲ့နိုင်ငံက ဘယ်လိုမှမအေးချမ်းနိုင်ဘူး၊ ဖွံံ့ဖြိုးမတိုးတက်နိုင်ဘူး၊ အားလုံကဒီလက်နက်ကိုင် ပဋိပက္ခကိုဖြေရှင်းကို မဖြေရှင်းနိုင်သမျှတော့ သွားလို့မရဘူးလို့ အန်ကယ်လ်တို့မြင်တယ်၊ အဲ့ဒီကိုရောက်ဖို့လည်း အတွင်းကတော့ဘယ်လောက်ပဲ ဆွေးနွေးဆွေးနွေး အန်ကယ်လ်တို့နဲ့ ပြေလည်အောင်မဆွေးနွေးနိုင်သမျှတော့ အန်ကယ်လ်တို့ရဲ့နိုင်ငံဟာဘယ်လိုမှ မပြောင်းလဲနိုင်ဘူးလို့ အန်ကယ်လ်တို့မြင်တယ်။
မသင်းသီရိ။ ။ဟုတ်ကဲ့ပါရှင် အခုလိုဖြေပေးတာ ကျေးဇူးအများကြီးတင်ပါတယ်ရှင်။