တိုက်ပွဲတွေမဖြစ်ရေး တွေ့ဆုံညှိနှိုင်းဖို့ KNU ကမ်းလှမ်းချက် တပ်မတော် အကြောင်းမပြန်သေး

2021.01.08

ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ တပ်မတော်ကြား တိုက်ပွဲတွေမဖြစ်ရေး တွေ့ဆုံညှိနှိုင်းဖို့ အကြောင်းကြားပေမယ့် တပ်မတော်ဘက်က အကြောင်းမပြန်ဘူးလို့ KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမှူးက ပြောပါတယ်။

နှစ်ဖက်တပ်တွေ နေရာချထားရေး အပါအဝင် တပ်မတော်နဲ့ KNU ကြားတွေဆုံဖို့ နိုဝင်ဘာလ ၂၂ ရက်နေ့က အကြောင်းကြားခဲ့ပေမယ့် တပ်မတော်ဘက်က အကြောင်းမပြန်ဘူးလို့ ပဒိုစောတာဒိုမှူးက ဆိုပါတယ်။

အကြောင်းမပြန်ပေမယ့် အရှေ့တောင်တိုင်း စစ်ဌာနချုပ်က ရိက္ခာပို့ဖို့ လမ်းပြင်ရမယ်ဆိုတဲ့ အသိပေးစာပေးပို့ခဲ့ပါတယ်။ ဒီကိစ္စဟာ အသိပေးရုံနဲ့မရဘဲ NCA အပစ်ရပ်စာချုပ်အရ ဆွေးနွေးညှိနှိုင်းဖို့ လိုအပ်တာကြောင့် တွေ့ဆုံဆွေးနွေးဖို့ တပ်မတော်နဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ကို KNU က ကမ်းလှမ်းထားတယ်လို့လည်း သိရပါတယ်။ NRPC ကတော့ တွေ့ဆုံဆွေးနွေးဖို့ သဘောတူကြောင်း အကြောင်းပြန်စာရထားကြောင်း ပဒိုစောတာဒိုမှူးက ပြောပါတယ်။

တပ်မတော်ဘက်က နှစ်ဖက်တွေ့ဆုံရေးကို လျစ်လျူရှုပြီး စစ်ရေးလှုပ်ရှားတာ၊ အင်အားတိုးချဲ့တာတွေကြောင့် KNU အောက်ခြေတပ်တွေက ပြန်လည်ခုခံတဲ့အခါ တိုက်ပွဲတွေဖြစ်နေတာလို့လည်း ပဒိုစောတာဒိုမှူးက စွပ်စွဲထားပါတယ်။

အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်တွေအပေါ် ယုံကြည်မှုကျဆင်းလာတာနဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ပြင်းပြင်းထန်ထန်ပြန်မဖြစ်ဖို့ အပစ်အခတ်ရပ်စဲရေးစာချုပ်ပါ ပြဌာန်းချက်ကိုအခြေခံတဲ့ နှစ်ဖက်တွေ့ဆုံညှိနှိုင်းအဖြေရှာဖို့လည်း ကရင်အမျိုးသားအစည်းအရုံး KNU က ဒီနေ့ တိုက်တွန်းထားပါတယ်။

ကရင်ပြည်နယ် ဖာပွန်ခရိုင်နဲ့ ညောင်လေးပင်ခရိုင်မှာ တပ်မတော်က တပ်စခန်းတိုးချဲ့တာ၊ စစ်ရေးလှုပ်ရှားတာတွေကြောင့် ပြည်သူတွေက တပ်စခန်းတွေရုပ်သိမ်းပေးဖို့ ဆန္ဒပြတောင်းဆိုတာတွေ ဆက်တိုက်ရှိနေပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းကိုတော့ RFA က ဆက်သွယ်လို့ မရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။