ဗြိတိန်သံအမတ်ကြီး Dan Chugg နဲ့ RFA သီးသန့်တွေ့ဆုံမေးမြန်းခန်း
2020.02.05
မြန်မာနိုင်ငံဖွံ့ဖြိုးမှုနောက်ကျတာ၊ ပြဿနာတွေနဲ့ ရုန်းကန်နေရတာတွေဟာ ဗြိတိသျှကိုလိုနီ ဆိုးမွေကြောင့် မဟုတ်ဘဲ၊ အုပ်ချုပ်မှုညံ့ဖျင်းတဲ့အစိုးရ စနစ်တွေကြောင့်သာဖြစ်တယ်လို့ ဗြိတိန်သံအမတ်ကြီး Mr. Dan Chugg က RFA နဲ့ သီးသန့်အင်တာဗျူးမှာ ပြောဆိုလိုက်ပါတယ်။
၂၀ ရာစုခေတ် အလွန်မှာတော့ မြန်မာနိုင်ငံဟာ သူ့နိုင်ငံသားတွေကို ကျွေးမွေးနိုင်ရေးအတွက် ရုန်းကန်ခဲ့ရပြီး အဆင်းရဲဆုံးနိုင်ငံအဖြစ် ရောက်သွားပါတယ်။ အဲဒီရလဒ်က ကိုလိုနီအုပ်ချုပ်ရေးစနစ်ကြောင့် မဟုတ်ဘဲ အုပ်ချုပ်မှုညံ့ဖျင်းတဲ့ အစိုးရစနစ်တွေကြောင့်လို့ပဲ ကျနော် မြင်ပါတယ်။
RFA: ရိုဟင်ဂျာ လူ့အခွင့်ရေးတွေနဲ့ပတ်သက်ရင် မြန်မာတွေရဲ့ တုံ့ပြန်ချက်က နိုင်ငံတကာအသိုင်းအဝိုင်း ရပ်တည်ချက်နဲ့ အတော်လေးကွာခြားပါတယ်။ တချို့ဆိုလို့ရှိရင် ဒီကနေ့ မြန်မာရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေဟာ ဗြိတိသျှကိုလိုနီ အုပ်ချုပ်ရေးစနစ်ဆိုးရဲ့ နောက်ဆက်တွဲတွေ စသဖြင့် ပြစ်တင် ဝေဖန်ကြလေ့ရှိပါတယ်။ ဒီအမြင်ကို သဘောတူပါသလား။
Dan Chugg : ကိုလိုနီခေတ်က ပြီးဆုံးသွားတာ အတော်လေး ကြာခဲ့ပါပြီ။ နှစ်ပေါင်း ၇၀ ကျော်ခဲ့ပါပြီ။ အဲဒီကိုလိုနီ အတိတ် ကာလတွေကို ဗြိတိသျှက ပြန်ကြည့်တဲ့အခါ အဲဒီကာလနဲ့ မကိုက်ညီတဲ့ ဆောင်ရွက်တာမျိုး ကျနော်တို့ အမှားလုပ်ကောင်း လုပ်ခဲ့နိုင်ပါတယ်။ ဒါပေမဲ့ ကျနော်ပြောချင်တာက နှစ်ပေါင်း ၇၀ ဆိုတာ အကြာကြီးပါ။ ခင်ဗျားပြန်ကြည့်မယ်ဆိုရင် အဲဒီကာလတုန်းက ဖွံ့ဖြိုးတိုးတက်မှုတွေကိုလည်း မြင်ရမှာပါ။ ကိုလိုနီစနစ် ပြီးဆုံးချိန်၊ ဒုတိယကမ္ဘာစစ်ကာလမှာ မြန်မာနိုင်ငံဟာ ချမ်းသာတဲ့နိုင်ငံတစ်ခုပါ။ မြန်မာဟာ အရှေ့တောင်အာရှရဲ့ စပါးကျည်လို့တောင် တင်စားခဲ့ကြပါတယ်။ ၂၀ ရာစုခေတ် အလွန်မှာတော့ မြန်မာနိုင်ငံဟာ သူ့နိုင်ငံသားတွေကို ကျွေးမွေးနိုင်ရေးအတွက် ရုန်းကန်ခဲ့ရပြီး အဆင်းရဲဆုံးနိုင်ငံအဖြစ် ရောက်သွားပါတယ်။ အဲဒီရလဒ်က ကိုလိုနီအုပ်ချုပ်ရေးစနစ်ကြောင့် မဟုတ်ဘဲ အုပ်ချုပ်မှုညံ့ဖျင်းတဲ့ အစိုးရစနစ်တွေကြောင့်လို့ပဲ ကျနော် မြင်ပါတယ်။
RFA: မြန်မာအပေါ် နိုင်ငံတကာတရားရုံး ICJ က ချမှတ်လိုက်တဲ့ ကြားဖြတ်စီရင်ချက်တွေကို ဗြိတိန်အစိုးရက ကြိုဆိုတယ်ဆိုတဲ့ လတ်တလောထုတ်ပြန်ချက်ကို ကျနော်တို့ သတိထားမိပါတယ်။ တခြားနိုင်ငံတွေလိုမဟုတ်ဘဲ ဘာကြောင့် ဗြိတိန်အစိုးရက ဒီ ICJ ကိစ္စကို အရေးတယူ ဆောင်ရွက်ရတာပါလဲ။
Dan Chugg : ICJ ကိစ္စနဲ့ပတ်သက်ပြီး အရေးကြီးတဲ့အချက်က မြန်မာဟာ အဲဒီကိစ္စကို အရေးတယူဆောင်ရွက်တဲ့ အချက်ပါ။ အဲဒါကို ကျနော်တို့ သတိပြုမိတယ်။ အထူးသဖြင့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးစီးပြီးတော့ ဦးကျော်တင့်ဆွေနဲ့အတူ နိုင်ငံတကာတရားရုံးကို သွားရောက်ဖြေရှင်းခဲ့ပါတယ်။ ICJ က ချမှတ်လိုက်တဲ့ ကြားဖြတ်စီရင်ချက်တွေကို တရားရင်ဆိုင်နေတုန်း မြန်မာအကောင်အထည်ဖော်ဖို့က အင်မတန်အရေးကြီးပါတယ်။ အမှုကလည်း နှစ်ပေါက်အောင်ကြာနိုင်တာပါ။ တကယ်တော့ ICJ ကြားဖြတ်စီရင် ချက်ဆိုတာကလည်း ဂျီနိုဆိုက် ကွန်ဗင်းရှင်း (Genocide Convention ) လူမျိုးတုံးသတ်ဖြတ်တားဆီးရေးဆိုင်ရာ သဘောတူညီချက်ထဲမှာ နိုင်ငံတွေက လိုက်နာဆောင်ရွက်ရမယ့် တာဝန်ဝတ္တရားတွေ၊ ကိုယ့်နိုင်ငံသားတွေကို ဆိုးရွားတဲ့ ရာဇဝတ်ပြစ်မှုတွေကနေ ကာကွယ်ပေးရမယ်ဆိုတဲ့ အချက်တွေကိုရေးထားတာပါ။ မြန်မာကလည်း အဲဒါတွေကို ဆောင်ရွက်မယ်ဆိုတာ ကျနော်သေချာပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာအစိုးရကိုယ်တိုင်က သူကျင့်သုံးနေတဲ့ ဝတ္တရားအတိုင်း ဆောင်ရွက်နေတာတွေရှိလို့ပါ။ ကျနော်တို့ ICJ ဆုံးဖြတ်ချက်ကို ကြိုဆိုရတဲ့ အကြောင်းအရင်းက တရားရုံးကလည်း ဒီကိစ္စတွေကို အရေးတယူဆောင်ရွက်တာရယ်၊ မြန်မာကလည်း ဒီကိစ္စကို အရေးတကြီး လိုက်ပါဖြေရှင်းတာရယ်၊ ICJ က ချမှတ်လိုက်တဲ့ ကြားဖြတ်စီရင်ချက်တွေကလည်း လူတွေကို ကာကွယ်ပေးရမယ်ဆိုတဲ့ အချက်တွေကြောင့်ပါ။
RFA : သံအမတ်ကြီး အစောပိုင်းတုန်းက ပြောခဲ့သလိုပေါ့။ ၂၀၁၇ ရခိုင်မြောက်ပိုင်း ရှင်းလင်းရေးစစ်ဆင်ရေးမှာ ရိုဟင်ဂျာတွေအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက စစ်ရာဇဝတ်ပြစ်မှု ကျူးလွန်ခဲ့သူတွေကို အရေးယူဖို့ စစ်တရား ရုံးမှာ ဆောင်ရွက်နေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ICJ မှာ ပြောဆိုခဲ့တာရှိပါတယ်။ အဲဒီ စစ်တရားရုံး စီရင်ချက်က ရိုဟင်ဂျာတွေအပေါ် တရားမျှတမှု တကယ်ပဲ ဆောင်ယူပေးနိုင်မယ်လို့ ယုံကြည်ပါ သလား။
Dan Chugg : တရားမျှတမှုနဲ့ တာဝန်ခံမှုကိစ္စကို နိုင်ငံတကာပြောတဲ့အချက်တွေကို ခင်ဗျားကြည့်မယ်ဆိုရင် အဲဒီမှာ သူတို့ပြောဆိုကြတဲ့ အချက်တွေက အများကြီးပါ။ အဲဒါက ရာဇဝတ်ကျူးလွန်မှုကို လူထုရဲ့လက်ခံမှု၊ တောင်းပန်မှု၊ ထွက်ပြေးခဲ့ရသူတွေ နေရပ်ပြန်လာဖို့ ခွင့်ပြုတာ၊ အလုပ်လုပ်ခွင့်ပေးတာ၊ လျော်ကြေးပေးတာ၊ ဆေးကုသခွင့်ပေးတာ၊ စိတ်ဒဏ်ရာတွေကို ပြန်လည်ကုစားပေးတဲ့အပိုင်း၊ တရားဥပဒေတွေက ခွဲခြားဆက်ဆံမှု မရှိတာ၊ တရားဥပဒေစိုးမိုးရေးနဲ့ တပ်မတော်ဟာ အရပ်သားအစိုးရ အုပ်ချုပ်ရေးအောက် ရောက်ရှိရေးစတဲ့ ကဏ္ဍတွေ အမျိုးမျိုးရှိပါတယ်။ အဲဒီအချက်အားလုံးက တရားမျှတမှုနဲ့ တာဝန်ခံမှုဆိုတဲ့အပိုင်းနဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ အယူအဆတွေဖြစ်ပါတယ်။ ဒီအချက်တွေ မြန်မာမှာဖြစ်ပေါ်လာဖို့က လုပ်စရာတွေ အများကြီး ရှိနေတယ်လို့ ကျနော်မြင်ပါတယ်။ ပြစ်မှုကျူးလွန်သူတွေကို ဖော်ထုတ်ပြီးတော့ တရားရုံးစွဲတင်အရေးယူတဲ့ အပိုင်းဖြစ်ပေါ်လာဖို့ကလည်း အဲဒီလိုလုပ်ငန်းစဉ်ထဲက အရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါတယ်။ ကျနော်အမြင် ကတော့ အဲဒီအပိုင်းကို တပ်မတော်ဘက်က လုပ်ပေးရမှာဖြစ်ပြီးတော့၊ အရေးယူမှုအပိုင်းကလည်း ယုံကြည် ကိုးစားရလောက်တဲ့ အနေအထားဖြစ်ဖို့လိုပါတယ်။ ပွင့်လင်းမြင်သာမှုရှိရှိ လုပ်ဖို့လည်းလိုအပ်ပါတယ်။ ဒါမှလည်း ပြောထားတဲ့အချက်ကို ဘယ်လောက်ထိလုပ်တယ်ဆိုတာ လူတွေက မြင်နိုင်မှာပါ။ သက်သေခံ အချက်အလက်တွေ၊ တရားရုံးဆုံးဖြတ်ချက်တွေ ပွင့်လင်းမြင်သာအောင် ချပြပေးဖို့လိုပါတယ်။ ကျနော်မြင်တာက ဒါတွေက တရားဥပဒေအရေးမှာ အရေးကြီးတဲ့အချက်တွေပါ။
RFA : ရိုဟင်ဂျာအရေး၊ နိုင်ငံတကာတရားရုံးကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက်တွေကို သံအမတ်ကြီးအနေနဲ့ ဘယ်လိုနားလည်ပါသလဲ ခင်ဗျား။
Dan Chugg : မြန်မာအစိုးရနဲ့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံတကာတရားရုံးမှာ ပြင်းထန်တဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရခိုင်မြောက်ပိုင်းမှာ ကျူးလွန်ခဲ့တယ်ဆိုတာကို သူတို့ သိရှိနားလည်ပါတယ်လို့ ထွက်ဆိုတဲ့အချက်ပါ။ အဲဒါက အင်မတန်အရေးကြီးတဲ့ ကနဦး ခြေလှမ်းဖြစ်ပါတယ်။ အဲဒီကနေ နောက်တဆင့် တက်လှမ်းနိုင်မယ့် အခွင့်လည်းရှိသွားမှာပါ။ တရားရုံးမှာ လူမျိုးတုံးသတ်ဖြတ်မှုတော့ မကျူးလွန်ခဲ့ဘူး၊ ဒါပေမဲ့ ပြင်းထန်တဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေတော့ ရှိခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ထွက်ဆိုတဲ့အချက်ကို အနောက်တိုင်းက မီဒီယာတွေ ရေးသားခြင်းမရှိတာကိုလည်း ကျနော်တို့ သတိပြုမိ ပါတယ်။
RFA: ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဒေးဗစ်ကင်မရွန်း လက်ထက်တုန်းက မြန်မာအပေါ်ချမှတ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ရုပ်သိမ်းဖို့ အားတက်သရော ဆောင်ရွက်ခဲ့တာရှိပါတယ်။ အဲဒါကို Burma Campaign UK လိုအဖွဲ့တွေက မြန်မာအပေါ် ချမှတ်ထားတဲ့ ဗြိတိန်ရဲ့ နိုင်ငံခြားရေးမူဝါဒကို ပြန်လည်သုံးသပ်သင့်တယ်လို့ ထောက်ပြနေတာရှိတယ်။ ဘာလို့လဲဆိုတော့ မြန်မာမှာလူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်တိုက်ဆို သလိုဖြစ်နေလို့ စသဖြင့်ပေါ့။ ဗြိတိန်က အဲဒီမူဝါဒကို ပြန်သုံးသပ်ဖို့ရော ရှိပါသလား။
Dan Chugg : ဗြိတိန်ဝန်ကြီးချုပ်က ဘိုးရစ်ဂျွန်ဆင်ဖြစ်ပြီးတော့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူပါ။ ဘိုးရစ်ဂျွန်ဆင်ဟာနိုင်ငံခြားရေးဝန်ကြီးရာထူးနဲ့ မြန်မာပြည်ကို နှစ်ကြိမ်လည်ပတ်ဖူးခဲ့ပါတယ်။ ပြီးတော့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတဲ့သူပါ။ အခုကတော့ သူ ဝန်ကြီးချုပ်ပေါ့။ ကျနော်တို့ရဲ့ နိုင်ငံခြားရေးမူဝါဒက သိသိသာသာ ပြောင်းလဲစရာအကြောင်းမရှိဘူးလို့ ထင်ပါတယ်။ ကျနော်တို့ရဲ့ မူဝါဒက မြန်မာကို ငြိမ်ချမ်းပြီး ဖွံ့ဖြိုးတိုး တက်တဲ့၊ သာယာဝပြောပြီး အောင်မြင်တဲ့ နိုင်ငံတစ်ခုအဖြစ်ပါ။ မူးယစ်ဆေးကုန်ကူးမှု ထူပြောပြီး အကြမ်းဖက် တိုက်ခိုက်မှုတွေများတဲ့ နိုင်ငံတစ်ခုအဖြစ် မမြင်ချင်ပါဘူး။ ကျနော်တို့နဲ့ ကောင်းမွန်တဲ့ မိတ်ဖက်ကုန်သွယ်ရေးနဲ့ ကောင်းမွန်တဲ့ နိုင်ငံရေးမိတ်ဆွေကောင်းအဖြစ် မြင်ချင်ပါတယ်။ အဲဒါကြောင့် ကျနော်တို့ကလည်း ကူညီနိုင်တဲ့ အပိုင်းတွေကနေ မြန်မာကိုအောင်မြင်အောင် ကူညီချင်ပါတယ်။ မြန်မာမှာ ကျနော်တို့က ဂျပန်နိုင်ငံပြီးရင် ဒုတိယ အလှူဒါန်းဆုံးနိုင်ငံထဲမှာ ပါပါတယ်။