တပ်မတော် တာဝန်ခံမှုရှိရေးကြိုးပမ်းချက် အမေရိကန် ထောက်ခံ

မိုးမြင့်
2019.11.01

ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေက တပ်မတော်ကို နိုင်ငံတကာရာဇဝတ်ခုံရုံး ICC တင်နိုင်ရေး ကြိုးပမ်းချက်နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ တာဝန်ခံမှု တရားမျှတမှုဖြစ်ပေါ်လာရေး ဘယ်ကြိုးပမ်းချက်မဆို အမေရိကန်က ထောက်ခံကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး စကော့မာစီရယ်က RFA ကို ပြောပါတယ်။

RFA- သံအမတ်ကြီးက မြန်မာကိုရောက်နေတာ ၂၀၁၆ ကတည်းကပေါ့။ အဲဒီ ၃ နှစ်အတွင်းမှာ  မြန်မာနိုင်ငံရဲ့ အခြေအနေ ဘယ်လောက်ထိ တိုးတက်ပြောင်းလဲသွားတယ်လို့ မြင်ပါသလဲ။

Scot - ဒီသုံးနှစ်အတွင်းမှာ သိသာတဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို တွေ့ရပါတယ်။ စီးပွားရေးတိုးတက်မှု ကလည်း ရှေ့ကိုဆက်သွားနေတော့ ကောင်းတဲ့အခြေအနေလို့ ပြောရမှာပါ။ ကံမကောင်းတဲ့ အချက်ကတော့ ကျနော်တို့တင်မက လူတိုင်း မြင်တွေ့ချင်နေတဲ့ မြန်မာ့ငြိမ်းချမ်းရေးက ထင်သလောက်ခရီးမပေါက်ဘဲ နှေးကွေးနေ တာပါ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေက ရှုပ်ထွေးနက်နဲပြီးတော့ အဲဒါက အချိန်ယူရမယ်ထင်ပါတယ်။ ကျနော် မြန်မာကိုရောက်ဖို့ ရက်သတ္တပတ် အလိုမှာ လက်ရှိအာဏာရပါတီက အုပ်ချုပ်ရေးယန္တရားကို စတင်လွှဲပြောင်းယူတဲ့ အချိန်ဖြစ်ပါတယ်။ ဒီလို ဒီမိုကရေစီနည်းလမ်းနဲ့အညီ ရွေးကောက်တင်မြောက်ပြီး ဖြစ်ပေါ်လာတဲ့ အစိုးရတရပ်ကို မြင်တွေ့ရတာ ကောင်းပါတယ်။ ဒါပေမဲ့ ပိုပြီးတော့ အားကောင်းတဲ့ ဒီမိုကရေစီအစိုးရတစ်ရပ်ဖြစ်လာဖို့ ပိုပြီးတော့ အားထုတ်ရမယ့်အပိုင်းတွေ ကျန်နေပါသေးတယ်။ ဒီမိုကရေစီအပြည့်အဝရှိတဲ့ နိုင်ငံတွေမှာ လွှတ်တော်ထဲရှိတဲ့ လွှတ်တော်အမတ်တိုင်းဟာ ပြည်သူက ရွေးချယ်တင်မြှောက်တဲ့ သူတွေဖြစ်သင့်ပြီးတော့ လွှတ်တော်ထဲမှာ တပ်မတော်သားတွေဟာ ပြည်သူတင်မြှောက်တဲ့ အမတ်တွေရဲ့ မေးခွန်းတွေကို ဖြေပေးမယ့်သူတွေဖြစ်လာ တာမျိုးပေါ့။ အဲဒီဟာက မလွယ်ကူဘူူးဆိုတာ ကျနော်တို့ သိပါတယ်။

RFA- တချို့ဝေဖန်ကြတာက အမေရိကန်ဟာ မြန်မာနဲ့ပတ်သက်ရင် စိတ်ဝင်စားမှုနှုန်းက တခြားနိုင်ငံတွေ ဥပမာ ထိုင်း၊ ဗီယက်နမ်တို့လောက် အားမကောင်းဘူး။ ဆိုတော့ အဲလိုအခြေအနေတွေက အမေရိကန်သံအမတ်အဖြစ် မြန်မာမှာ တာဝန်ထမ်းဆောင်ရတဲ့အခါ အခက်အခဲတွေ ဖြစ်စေသလား။

Scot - ကျနေ်ာတို့က ဘယ်နိုင်ငံက ကျနေ်ာတို့နဲ့ ဆက်ဆံရေးဘယ်အဆင့်မှာရှိတယ်၊ ဒီနိုင်ငံကတော့ ဒုတိယ ဦးစားပေးမှာရှိတယ် စသဖြင့် တိုင်းတာလေ့မရှိပါဘူး။ ကျနော်တို့ ဆက်ဆံရေးက နိုင်ငံတိုင်းကို အလေးထားပါတယ်။ ဒီမတိုင်ခင်မှာ ကျနော်က ဗီယက်နမ်မှာ ၂၅ နှစ်လောက် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက အမေရိကန်-ဗီယက်နမ်ဆက်ဆံရေးကို ပုံမှန်ဖြစ်ဖို့ လုပ်နေတဲ့ကာလပေါ့။ ဆက်ဆံရေးတိုးတက်ဖို့ အမြဲတမ်းကြိုးစားသလို၊ ပိုမိုတိုးတက်အောင်လည်း လုပ်နိုင်ခဲ့ပါတယ်။ တကယ်လို့ မြန်မာနိုင်ငံကို အမေရိကန်က ထောက်ပံ့ပေးတဲ့ဟာတွေကို ကြည့်မယ်ဆိုရင် မြန်မာဟာ ဒေသတွင်းမှာ တခြားနိုင်ငံတွေထက် အထောက်အကူအများကြီးရတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါက အမေရိကန်ကဆောက်ရွက်ထားတဲ့  ဥပမာတစ်ခုပေါ့။ ကျနော်တို့က မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးထူထောင်ဖို့ အမြဲတန်းတက်တက်ကြွကြွရှိပါတယ်။ ဒါပေမဲ့ တကယ်တော့ ဆက်ဆံရေးထူထောင်တာချည်းပဲ မဟုတ်ပါဘူး ဒီနိုင်ငံက လူတွေဘာဖြစ်ချင်တယ်ဆိုတာကို အမြဲတမ်း ထောက်ပံ့ပေးမယ်ဆိုတဲ့ အချက်ဟာလည်း ကျနော်တို့ အလေးထားတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ ဖြစ်ပေါ်တိုးတက်မှုတွေလည်း ကျနော်တို့ လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သေချာတာက ဆက်ဆံရေးမှာ စိန်ခေါ်မှုတချို့လည်း ရှိနေဆဲပါပဲ။  နှစ်နိုင်ငံဆက်ဆံရေး ကောင်မွန်အောင်ဆောင် ရွက်တဲ့နေရာမှာ ရခိုင်ပြည်နယ်အရေးကတော့ စိန်ခေါ်မှုဖြစ်တယ်ဆိုတဲ့ အချက်ကိုတော့ ကျနော်တို့ ပြောနိုင်ပါတယ်။

RFA- တချို့ဝေဖန်ကြတာက တရုတ်ရဲ့ မြန်မာအပေါ် လွှမ်းမိုးမှုက စီးပွားရေး၊  နိုင်ငံရေး၊ ငြိမ်းချမ်းရေး အစရှိတဲ့ ကဏ္ဍတွေမှာပါ သိသိသာသာတိုးမြင့်လာတဲ့အချိန်မှာ အမေရိကန် အပါအဝင်၊ အနောက်နိုင်ငံတွေနဲ့ မြန်မာနိုင်ငံရဲ့ ဆက်ဆံရေးက  ကျဆင်းလာတယ် အထူးသဖြင့် ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ပေါ့။ ဒီအမြင်ကို သံအမတ်ကြီး သဘောတူပါသလား။

Scot - ကျနော်တို့က အမေရိကန်-တရုတ် နှစ်နိုင်ငံမြန်မာနိုင်ငံမှာ အပြိုင်အဆိုင်ဖြစ်နေတယ်လို့တော့ မမြင်ပါဘူး။ မြန်မာက သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ သူပါ။ ကျနော့်အမြင်က မြန်မာအစိုးရဟာ တရုတ်အပြင်၊ တခြားနိုင်ငံတွေနဲ့ပါ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ထောင်ချင်တဲ့ ဆန္ဒရှိတယ်လို့ မြင်ပါတယ်။ ဒါက ပုံမှန်ပါ။ ကျနော်တို့ ဘာမှပူပန် စရာမရှိပါဘူး။ နီးကပ်တဲ့ ဆက်ဆံရေးတစ်ခု ဘယ်နိုင်ငံနဲ့ တည်ထောင်မလဲဆိုတာ ဒီနိုင်ငံကလူတွေ ဆုံးဖြတ်ရမယ့် ကိစ္စဖြစ်ပါတယ်၊ ဥပမာ အမေရိကန် တရုတ် အပါအဝင်ပေါ့။ ခင်များပြောတာ မှန်ပါတယ်။ ရိုဟင်ဂျာကိစ္စက နှစ်နိုင်ငံဆက်ဆံရေးမှာ အဖုအထစ်ဖြစ်စေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ သိမြင်လိုက်ရတာက ARSA အာဆာ တိုက်ခိုက်တဲ့လုပ်ရပ်ပေါ့။ ကျနော်တို့ အဲဒီလုပ်ရပ်ကို ရှုတ်ချတယ်။ အဲဒါကိုတုံ့ပြန်တဲ့ မြန်မာ့တပ်မတော်ရဲ့ စစ်ဆင်ရေးတွေမှာ ကြီးမားတဲ့လူ့အခွင့်ရေး ချိုးဖောက်မှုတွေရှိခဲ့တယ်။ ကျနော်တို့ကတော့ ဒါကို အမြဲတမ်းပြော ဆိုနေမှာပါပဲ။ ဘာလို့လဲဆို ကျနော်တို့က လူ့ဂုဏ်သိက္ခာကို အလေးထားတယ်။ ဒါက နိုင်ငံရေး အာဂျင်ဒါ တစ်ခုမဟုတ်ပါဘူး။ ဒါက လူသားတစ်ယောက်ရဲ့ အခြေခံလူ့အခွင့်ရေးဖြစ်တယ်။ အဲဒီလူတွေဟာ နိုင်ငံသားဖြစ်ခြင်း၊ မဖြစ်ခြင်းနဲ့လည်း မဆိုင်ပါဘူး။ ဒီအပေါ်မှာ ရှုမြင်ပုံမတူတဲ့ဟာက (ဆက်ဆံရေးမှာ) သက်ရောက်မှုရှိခဲ့တယ်။ ဒါပေမဲ့ သေချာတာက ကျနော်တို့ ဒါကိုအမြဲမပြတ် ပြောဆိုနေမှာဖြစ်တယ်။ ဘာလို့ဆိုတော့ ဒီအရေးက မြန်မာနိုင်ငံကို ထိခိုက်စေတယ်။ ဒါက အမေရိကန်က ဂရုစိုက်တယ်ဆိုတာထက်၊  မြန်မာနိုင်ငံက ဘယ်လိုအနေအထားမျိုးကို တည်ဆောက်ချင်သလဲ ဆိုတဲ့အချက်ဖြစ်ပါတယ်။ ကျနော်တို့က အာဏာပိုင်တွေ၊ မြန်မာနိုင်ငံအစိုးရတွေနဲ့ ပူးပေါင်းပြီးတော့ ဘယ်လိုဖြေရှင်းမလဲဆိုတာ ဘက်ပေါင်းစုံနဲ့ ဆောင်ရွက်နေတာရှိပါတယ်။

RFA – လူ့အခွင့်ရေးကိစ္စကို ထောက်ပြပြောဆိုတာက တနည်းအားဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ အားပေးမှုတစ်ခုပါပဲ။ ဒါပေမဲ့ တချို့တွေက ဒီကိစ္စကို လုံးဝသဘောကျတာမျိုးတော့ မဟုတ်ဘူးပေါ့။ ရခိုင်မြောက်ပိုင်း ၂၀၁၇ ရိုဟင်ဂျာ ရှင်းလင်းရေးစစ်ဆင်ရေးမှာ တာဝန်ရှိလို့  မြန်မာ့တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေကို နိုင်ငံတကာရာဇဝတ်ခုံရုံး ICC မှာ တရားစွဲတင်နိုင်ဖို့ ကုလသမဂ္ဂက တွန်းအားပေးဆောင်ရွက်နေတာတွေ ရှိပါတယ်။ UN ရဲ့ ကြိုးပမ်းမှုကို အိမ်ဖြူတော်က ထောက်ခံပါသလား။

Scot- ကျနော်တို့က တရားမျှတမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှုကို အမြဲတန်းထောက်ခံပါတယ်။ ဒါပေမဲ့ မြန်မာတစ်နိုင်ငံ တည်းရယ်လို့တော့ မဟုတ်ပါဘူး၊ တစ်ကမ္ဘာလုံးမှာ ဖြစ်ပျက်နေတာနဲ့ ပတ်သက်ပြီးတော့ ထောက်ခံပါတယ်။ လူ့အခွင့်ရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အခုချိန်ထိ မြန်မာမှာတေ့ာ တာဝန်ခံမှုနဲ့ တရားမျှတမှုကို မတွေ့ရသေး ပါဘူး။ ဒါပေမဲ့ အဲဒီတစ်ခုတည်းတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ လူအများအပြားဟာ လူ့အခွင့်ရေးချိုးဖောက်မှုတွေ ကို ကြုံနေရတယ်၊ ပွင့်ပွင့်လင်းလင်းပြောရရင် အမေရိကန်ကို စိတ်ကျေနပ်စေဖို့အတွက် မဟုတ်ဘဲ မြန်မာပြည် သူတွေ လိုချင်တဲ့ဒီမိုကရေစီ နိုင်ငံဆောက်ရေးမှာ ဒါကအရေးကြီးပါတယ်။ တပ်မတော်သားပဲဖြစ်ဖြစ်၊ တိုင်းရင်းသား လက်နက်ကိုင်တွေပဲဖြစ်ဖြစ်၊ လူ့အခွင့်ရေးချိုးဖောက်မှု ကျူးလွန်ခဲ့တယ်ဆိုရင် တာဝန်ခံမှု၊ တရားမျှတမှုတွေရှိဖို့ လိုအပ်ပါတယ်။ သူတို့က တာဝန်ခံဖို့ အင်မတန်အရေးကြီးပါတယ်။ ကျနော်တို့ လုံးဝမြင်ချင်တာကတော့ မြန်မာရဲ့ တာဝန်ခံမှုပါ။

RFA- တာဝန်ခံမှုအပိုင်းနဲ့ ပတ်သက်ပြီးတော့ နောက်ထပ်မေးခွန်းတစ်ခုလောက် မေးချင်ပါတယ်။ လူ့အခွင့်ရေးအုပ် စုတွေက ICC မှာ မြန်မာကို တရားစွဲတင်နိုင်ရေး ကြိုးပမ်းနေကြတာရှိသလို၊ တခြားတဖက်မှာလည်း တပ်မတော်က သူတို့နည်းနဲ့ သူတို့ လူ့အခွင့်ရေးကျူးလွန်သူတွေကို စစ်တရားရုံး တင်စစ်ဆေးမယ်ဆိုပြီးတော့ လုပ်နေတာရှိပါတယ်။ ဥပမာ အားဖြင့် ဂူတာပြင် (ဘူးသီးတောင်မြို့နယ်) လိုကိစ္စမျိုးပေါ့။ အဲဒီနှစ်ခုမှာ ဘယ်တစ်ခုက တရားမျှတမှုနဲ့ တာဝန်ခံမှုကို ဆောင်ကျဉ်းပေးနိုင်မယ်လို့ မြင်ပါသလဲ။

Scot - ကျနော်တို့ ဂရုစိုက်တာကတော့ တာဝန်ခံမှုရှိတဲ့ ရလဒ်မျိုးပေါ့။ အဲလိုတာဝန်ခံမှုတွေ ဖြစ်ပေါ်စေတဲ့နည်းတွေ ကတော့ အမျိုးမျိုးရှိတာပေါ့။ ကျနော်ပြောခဲ့သလိုပဲ ကျနော်တို့ မြင်ချင်တာကတော့ လူ့အခွင့်ရေးချိုးဖောက်သူတွေကို အပြစ်ပေး အရေးယူတဲ့လုပ်ငန်းစဉ်တစ်ခုဖြစ် မြန်မာမှာပေါ်ပေါက်လာဖို့ပါ။ အခုချိန်ထိတော့ ရခိုင်ပြည်နယ်အပြင်၊ တခြားပြည်နယ်တွေမှာ တပ်မတော်က လူ့အခွင့်ရေးချိုးဖောက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး အရေးယူနိုင်တာမျိုး မရှိသေးပါဘူး။ ဒါက မြန်မာအတွက်ပြဿနာပါ။ ကျနော်တို့ မျှော်လင့်တာက အရပ်သားအစိုးရနဲ့ တပ်မတော်က ပူးပေါင်းပြီးတော့ တကယ့်တာဝန်မှုကို ဖြစ်ပေါ်လာအောင် ဆောင်ရွက်ကြဖို့ လိုပါတယ်။ ကျနော်ထပ်ပြောချင်တာက ဒါ ကျနော်တို့ကို စိတ်ကျေနပ်စေဖို့ဆိုတာထက် မြန်မာပြည်သူတွေ စိတ်ကျေနပ်အောင်လုပ်ဖို့ပါ။ တာဝန်ခံမှုနဲ့ပတ်သက်ပြီး နောက်နည်းလမ်းတစ်ခုကတော့ နိုင်ငံတကာ

နည်းလမ်းနဲ့ ဆောင်ရွက်တဲ့အပိုင်းပေါ့။ ပြည်တွင်းမှာ တာဝန်ခံမှုတွေ ပျောက်ဆုံးနေလို့ရှိရင် အဲဒါက တခြားနည်းတစ်ခုပေါ့။

RFA- အဲဒါက ပြည်တွင်းအရေးယူဆောင်ရွက်မှုအပိုင်းက မြန်မာပြည်သူတွေကို စိတ်ကျေနပ်တယ်ဆိုရင် လုံလောက်တယ်လို့ ဆိုလိုတဲ့သဘောလား။

Scot - ကျနော်တို့ မျှော်လင့်ထားတာက ပြည်တွင်းက အင်တိုက်အားတိုက်နဲ့ ဆောင်ရွက်တဲ့ တကယ့်တာဝန်ခံ မှုဖြစ်ပြီးတော့၊ တရားမျှတမှုဆောင်ကျဉ်းပေးနိုင်တဲ့ ရလဒ်တစ်ခု ပေါ်ထွက်တဲ့ဟာမျိုးပါ။ အဲဒါက ကျနော်တို့ လိုလားတဲ့အချက်ဖြစ်တယ်။ ပြီးတော့ အဲဒီလို လုပ်ငန်းစဉ်တွေကို ကျနော်တို့ တတ်နိုင်တဲ့ဖက်က နည်းမျိုးစုံနဲ့ ကူညီမယ်။ နိုင်ငံတကာနည်းလမ်းနဲ့သွားတဲ့ တာဝန်ခံမှုအပိုင်းကတော့ သူ့ယန္တရားနဲ့သူ ဆက်ပြီးတော့ သွားနေမှာဖြစ်တယ်။ ပြီးတော့ အဲဒါက ထပ်ပြောချင်တာက အထူးသီးသန့် ကြားနေတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ပြည်တွင်းနည်းလမ်းနဲ့ ဘာတစ်ခုမှမလုပ်သင့်ဘူးလို့ ဆိုလိုတာလည်း မဟုတ်ပါ။ ပြည်တွင်းမှာအရေးယူတဲ့ လုပ်ငန်းစဉ်ရှိလာတာကတော့ မြန်မာအတွက် ရေရှည်သွားရမယ့် အဖြေပေါ့။

RFA - အမေရိကန်က စီးပွားရေးလုပ်ငန်းရှင်တချို့ မြန်မာနိုင်ငံကိုလာရောက်ပြီးတော့ လေ့လာပြီးတော့ စီးပွားရေး လုပ်ငန်းရှင်တွေ အစည်းအဝေးတွေ လုပ်ခဲ့ကြတယ်။ ကန်စီးပွားရေးလုပ်ငန်းရှင်တွေက ဘယ်ကဏ္ဍမှာရင်း နှီးမြှပ်နှံဖို့ စိတ်ဝင်စားကြတာလဲဗျ။

Scot - ကျနော်တို့ကတော့သူတို့ကိုဘယ်နေရာမှာမဆို ရင်းနှီးမြှပ်နှံဖို့ တိုက်တွန်းနေတာပါပဲ။ သေချာတာကတော့ စွမ်းအင်ကဏ္ဍမှာပေါ့ အားလုံးသိတဲ့အတိုင်း ဒီမှာကလိုအပ်ချက်က ကြီးမားနေတယ်လေ။ ပြီးတော့ စိုက်ပျိုးရေးနဲ့ စားသောက်ကုန်လုပ်ငန်း၊ ဆက်သွယ်ရေးနဲ့ နည်းပညာလုပ်ငန်း၊ သတင်းအချက်အလက် နည်းပညာလုပ်ငန်း၊ ခရီးသွားလုပ်ငန်းတွေမှာ မြှပ်နှံဖို့ စိတ်ဝင်စားကြတာ တွေ့ရပါတယ်။ ကျနော်တို့က သူတို့ဘယ်ကဏ္ဍမှာလုပ်သင့် တယ်လို့ ရွေးချယ်ပေးတာမျိုး မဟုတ်ဘဲ၊ သူတို့ကို ဒီကိုဖိတ်ခေါ်ပြီးတော့ ဘယ်လိုအခွင့်အလမ်းကောင်းတွေ ရှိတယ်ဆိုတာကို ဒီကိုခေါ်ပြတဲ့သဘောပါ။

RFA - မြန်မာနိုင်ငံမှာက ဘယ်ကဏ္ဍမျိုးမှာမဆို တပ်မတော်၊ သို့မဟုတ် ဗိုလ်ချုပ်တွေရဲ့ မိသားစုတွေနဲ့ဆက်စပ်နေတဲ့ လုပ်ငန်းတွေက ကားလုပ်ငန်းကအစ၊ သဘာ၀ တွင်းထွက်လုပ်ငန်းတွေအထိ ရှိနေတာမျိုးပါ။ တကယ်လို့ အမေရိကန်က လုပ်ငန်းတွေ ဒီမှာရင်းနှီးမြှပ်နှံမယ်ဆိုရင် အဲဒီလိုဟာတွေနဲ့ စီးပွားရေးအတူလုပ်မိတာမျိုး မဖြစ်အောင် သူတို့ဘယ်လိုလုပ်ကြမလဲ။ ဘာလို့လဲဆို ကုလသမဂ္ဂ အချက်လက်ရှာဖွေရေးမစ်ရှင် FFM က တပ်ပိုင်လုပ်ငန်းတွေနဲ့ စီးပွားရေးမလုပ်ကြဖို့ တိုက်တွန်းထားတာလည်း ရှိတယ်လေ။

Scot - မြန်မာနိုင်ငံမှာ ကျနော်တို့နိုင်ငံက ကုမ္ပဏီတွေနဲ့ လက်တွဲလုပ်ကိုင်လိုတဲ့ တခြားကုမ္ပဏီကောင်းတွေ အများကြီးရှိတယ်လို့ ထင်ပါတယ်။ ပြီးတော့ အဲဒီအတွက်လည်း ကျနော်တို့ လုံးဝတိုက်တွန်းပါတယ်။ ပြီးတော့ မြန်မာက ကုမ္ပဏီတချို့ကိုလည်း သူတို့လုပ်ကိုင်နေတဲ့ စီးပွားရေးပုံစံကို ပြောင်းလဲလာကြတာကိုလည်း ကျနော်တို့ မြင်နေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။