နိုင်ငံတော်သမ္မတ အိမ်တော်ကနေ သတင်းယူခွင့်ပြုလိုက်တဲ့အကြောင်း မေးမြန်းချက်
2014.12.16
လာမယ့် ၂ဝ၁၅ ဇန်နဝါရီလကစပြီး နိုင်ငံတော်သမ္မတနဲ့ အစိုးရအဖွဲ့ရဲ့ နေ့စဉ်လှုပ်ရှားဆောင်ရွက်တဲ့ ကိစ္စတွေကို သတင်းမီဒီယာတွေအနေနဲ့ နိုင်ငံတော်သမ္မအိမ်တော်ကနေ နေ့စဉ် သတင်းယူခွင့်ပြုလိုက်ပါတယ်။
ဒီကနေ့ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)ရုံးခန်းမှာ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က မြန်မာနိုင်ငံစာနယ် ဇင်းကောင်စီ(ယာယီ)နဲ့ တွေ့ဆုံပြီး အခုလို သတင်းယူခွင့်ပြုလိုက်တာပါ။
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးဇော်သက်ထွေးကို RFA သတင်းထောက် ကိုကျော်သူက ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးဇော်သက်ထွေးနဲ့ မေးမြန်းချက်အပြည့်အစုံ
ကိုကျော်သူ။ ။ ဆရာ ဦးဇော်သက်ထွေးခင်ဗျာ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်နဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီတို့ တွေ့ကြတုန်းကလေ ဘယ်လိုအကြောင်းအရာတွေ များ ဆွေးနွေးဖြစ်တာလဲ သိပါရစေခင်ဗျ။
ဦးဇော်သက်ထွေး။ ။ အဓိက အကြောင်းအရာကတော့ ကျနော်တို့ နိုင်ငံတော်သမ္မတရဲ့ နေ့စဉ်လှုပ်ရှားတဲ့ သတင်းတွေရယ် နောက်တစ်ခုက ကျနော်တို့ နိုင်ငံတော်သမ္မတရဲ့ နေ့စဉ်လှုပ်ရှားတဲ့ သတင်းတွေရယ်၊ နောက်တစ်ခုက အစိုးရအဖွဲ့ ရဲ့ နေ့စဉ်လှုပ်ရှားတဲ့ သတင်းတွေကို မီဒီယာတွေက လွယ်လွယ်ကူကူ သတင်းရဖို့ အတွက်ကို လာမယ့်နှစ် ဇန်နဝါရီကစပြီးတော့ နိုင်ငံတော်သမ္မတအိမ်တော်မှာ သတင်းထုတ်ပြန်ပေးတဲ့ အစီအစဉ်ကိုလုပ်ဖို့ လာရောက် ညှိနှိုင်းတာဖြစ်ပါတယ်။
ကိုကျော်သူ။ ။ အဲ့တော့ဆရာရယ် နိုင်ငံတော် သမ္မတအိမ်တော်မှာ သတင်းထုတ်ပြန်တဲ့ ကိစ္စကို ဘယ်လိုပုံစံမျိုးနဲ့ များ အဆင်ပြေပြေဖြစ်လာနိုင်အောင် လုပ်ကြမလဲဆိုတာ ဆရာတို့ဘယ်လိုများ ဆွေးနွေးဖြစ်ခဲ့ပါလဲဗျာ။
ဦးဇော်သက်ထွေး။ ။ အကြမ်းမျဉ်းဆွေးနွေးတာကတော့ မီဒီယာကို အုပ်စု ၄ စုခွဲပြီးတော့ပေါ့လေ နိုင်ငံခြားသတင်းထောက်များစုရယ်၊ ရေဒီယို၊ တီဗီရယ် ကျနော်တို့အဲ့လိုတွေခွဲမယ်၊ နောက်ပြီးတော့ ကျနော်တို့ သမ္မတအိမ်တော်ရဲ့ လုံခြုံရေး ရှုထောက်အရ တက်ရမယ့်လူကတော့ အနည်းဆုံးမီဒီယာမှာ ဘယ်နှနှစ်လုပ်ရမယ်တို့၊ အဲ့လိုမှမဟုတ်လဲ နောက်တစ်ခုက တိုက်ကတာဝန်ယူတဲ့ တစ်ယောက်ယောက်ပေါ့၊ အဲ့လိုမျိုးပဲ တက်ရပါမယ်၊ တက်ရမယ့်သူကလဲ သူမအားလို့နောက်တစ်ယောက် လူလွှဲလို့မရပါဘူး၊ တစ်ယောက်ဆိုတစ်ယောက်ပဲ စာရင်းသွင်းထားမှာပါ၊ သူမအားဘူးဆိုရင်လဲ အဲ့သတင်းကိုတခြားလူဆီကပြန်ယူပေါ့၊ အဓိကကတော့ သတင်းဦးစားပေးဂျာနယ်တွေအတွက် တိုက်တစ်တိုက်ကို တစ်ယောက်တော့ တက်ခွင့်ရပါမယ်၊ အဲ့ဒီတစ်ယောက်ကပဲ တရားဝင်ဖြစ်မယ်ပေါ့၊ အဲ့လိုမျိုး စီစဉ်ထားပါတယ်၊
ကိုကျော်သူ။ ။ အခုလတ်တလောပေါ့လေ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ တိုက်ပွဲတွေမကြာခဏဖြစ်ပွားနေတဲ့ ကိစ္စတွေကို ၂ ဖက် သတင်းတင်ပြဖို့ အတွက်ကို အစိုးရဖက်ဆက်သွယ်ရတာ ကျနော်တို့လဲ ခက်ခဲနေ တယ်ဆရာရယ်၊ အဲ့အကြောင်းအရာတွေများ ဆရာတို့ဆွေးနွေးတာရှိခဲ့လားဆရာ။
ဦးဇော်သက်ထွေး။ ။ အဲ့ဒါတော့ မဆွေးနွေးဘူး၊ အဲ့ဒါက တပ်မတော် ရဲ့ကိစ္စဖြစ်နေတယ်၊ အဲ့တော့အစိုးရ ကိစ္စဆိုရင်သာ ပြန်ကြားရေး ဝန်ကြီးနဲ့ တပ်မတော်ကိစ္စကတော့ တပ်မတော်ရဲ့အရာရှိကြီးတွေနဲ့ ဆွေးနွေးရမှာပါ၊ အဲ့တော့ အဲ့ကိစ္စကို ဆွေးနွေးပွဲမှာ ထည့်သွင်းဆွေးနွေးခဲ့တာတော့ မရှိပါဘူး။
ကိုကျော်သူ။ ။ ဒီနေ့ ဦးရဲထွဋ်နဲ့ ဆွေးနွေးတာ နိုင်ငံတော်သမ္မတရုံးကိစ္စပဲလား တခြားဘာတွေများပါပါလဲဆရာ။
ဦးဇော်သက်ထွေး။ ။ တခြားကတော့ နည်းဥပဒေမထွက်သေးတဲ့ ကိစ္စတွေ၊ အထွေထွေကိစ္စလေးတွေပဲရှိပါတယ်၊ ကျန်တာအဓိကကတော့ လာမယ့်ဇန်နဝါရီမှာ သမ္မတအိမ်တော်မှာ မီဒီယာတွေကို အဆင်ပြေချောမွေ့စွာ သတင်းထုန်ပြန်နိုင်ရေး အတွက် စီစဉ်ဆောင်ရွက်မယ့် ကိစ္စတွေ၊ ကျနော်တို့ဖက်က လိုလားတဲ့ကိစ္စတွေကို ညှိနှိုင်းတဲ့သဘောပါဗျ၊ ဘိုင်လောက ရှေ့နေချုပ်ရုံးမှာ ကြန့်ကြာနေတဲ့ သဘောရှိ တယ်ဗျ၊ ကျနော်တို့က ဘိုင်လောပြီးလို့ထွက်ပြီဆိုရင် စာနယ်ဇင်းကောင်စီကို ကျနော်တို့ ရွေးကောက်ပွဲပြန်လုပ်မယ်၊ ကျနော်တို့ရွေးကောက်တင်မြှောက်တဲ့ စာနယ်ဇင်းကောင်စီ က ကျနော်တို့ယာယီဆီကနေ တာဝန်လွှဲယူရမယ်၊ ပြီးတော့ ပရက်စ်ကောင်စဲလ် လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်သွားရမှာပါ၊ ဒီအခြေအနေတွေလဲ ဆွေးနွေးခဲ့တာ ရှိတယ်၊ ကျန်တာကတော့မရှိပါဘူး။
ကိုကျော်သူ။ ။ ဆရာအခုလိုဖြေကြားပေးတာကျေးဇူး အများကြီးတင်ပါတယ် ဆရာ။
ဦးဇော်သက်ထွေး။ ။ ဟုတ်ကဲ့၊ ဟုတ်ကဲ့။