ကိုရိုနာဗိုင်းရပ်စ်ကို နိုင်ငံရေးထဲ ဆွဲမထည့်ဖို့ WHO ပြော

မိုးမြင့်
2020.10.16

ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းဟာ ဘင်္ဂလားဒေ့ရှ်ပြန် ရိုဟင်ဂျာတွေဆီကနေ ပျံ့နှံ့တယ်ဆိုတဲ့ သက်သေအထောက်အထား မတွေ့ရကြောင်းနဲ့ ကိုရိုနာဗိုင်းရပ်စ်ကို နိုင်ငံရေးအဖြစ်မလုပ်ကြဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ Dr. Stephan Paul Jost က RFA နဲ့ အောက်တိုဘာ ၁၄ ရက်နေ့ သီးသန့်အင်တာဗျူးမှာ ပြောဆိုလိုက်ပါတယ်။

RFA- ကျန်းမာရေးဝန်ကြီးဌာနက တချို့အရာရှိတွေက ယူဆထားကြတာရှိပါတယ်။ မြန်မာနိုင်ငံမှာ ဒုတိယလှိုင်းဖြစ်ပေါ်လာတဲ့ပြဿနာ အစဟာ ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်လာတဲ့ ရိုဟင်ဂျာတွေကြောင့် ဖြစ်တယ် စသဖြင့်ပေါ့လေ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှာရော အလားတူ တွေ့ရှိချက်များ ရှိပါသလား။  

WHO-  တကယ်တော့ ဒီလိုကိစ္စတွေကို ကျနော်တို့က သက်သေအထောက်အထားနဲ့သာ ပြောရတာပါ။ ဒါကို သတိပြုဖို့ အင်မတန် အရေးကြီးပါတယ်။ ကျနော်တို့ သိထားသလောက်ကတော့ သြဂုတ် ၁၆ ရက်နေ့မှာ တွေ့ရှိခဲ့တဲ့ အတည်ပြုလူနာတွေက ပြည်တွင်းကူးစက်မှုတွေသာဖြစ်ပါတယ်။ အဲဒါက ဘယ်လိုဖြစ်တယ်ဆိုတာ တိတိကျကျတော့ ကျနော်တို့ မသိပါဘူး။ ပြီးတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်ယောက်ကိုတစ်ယောက် လက်ညှိုးထိုးပြစ်တင်တာမျိုး မလုပ်ဖို့ အင်မတန်မှကို အရေးကြီးပါတယ်။ ဒီဗိုင်းရပ်စ်က အင်မတန်ကို ကူးစက်မြန်ပါတယ်။ အင်မတန်မှကို ပါးနပ်တယ်။ ကြားအက်ကြောင်းလေးတွေ ဘယ်နားရှိမလဲရှာပြီးတော့ ပြည်တွင်းထဲ ကူးစက်၊ အဲကနေတဆင့် တစ်နိုင်ငံပြီး တစ်နိုင်ငံ ကူးသွားတာမျိုးပါ။ လက်ညှိုးထိုးတာတွေကို ရပ်ပြီးတော၊ ကမ္ဘာလုံးဆိုင်ရာ စည်းလုံးညီညွတ်မှုဆိုတဲ့ စိတ်ဓာတ်နဲ့ ဒီအခက်အခဲကနေ ရုန်းထွက်နိုင်အောင် ကျနော်တို့ ဆောင်ရွက်သင့်ပါတယ်။ ဒါက တကယ့်လိုအပ်ချက်ပါ။ ပြီးတော့ ညီညွတ်မှုဆိုရာမှာ အသိုင်းအဝိုင်းကြား ညီညွတ်မှု၊ တိုင်းပြည်တစ်ခုလုံး ညီညွတ်မှုဆိုတာကလည်း အရေးကြီးတယ်ဆိုတာ မှန်ပါတယ်။ ပြီးတော့ ကျနော် လက်နက်ကိုင်ပြဿနာဖြစ်နေတာတွေကို ရပ်တန့်ဖို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ် (Antio Guterres) ပြောထားခဲ့သလိုပဲ ပဋိပက္ခတွေ ရပ်တန့်ပြီး၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တစ်ဦးအပေါ်တစ်ဦး ရိုင်းပင်းကူညီပြီးတော့ ခက်ခဲတဲ့ ကပ်ဘေးကာလကို ကျော်ဖြတ်ကြဖို့လည်း လိုအပ်ပါတယ်။ တကယ်လို့ ကျနော်တို့ အဲဒါကို မလုပ်ဘူးဆိုရင်တော့၊ ကျနော်တို့ ကိုယ်တိုင်ပြသနာတွေကို ပိုပြီးတော့ ဆိုးရွားအောင်လုပ်တာနဲ့ တူပြီးတော့၊ တခြားကျနော်တို့ ချစ်တဲ့သူတွေ၊ လူမှုအသိုင်းအဝိုင်းအတွက်ပါ ပိုမိုခက်ခဲတဲ့ အခြေအနေကို ရောက်သွားမှာပါ။  

RFA - ကျနော် ပိုပြီးတော့ ရှင်းလင်းအောင်သိချင်တာက အစိုးရရဲ့ ကောက်ချက်ကို ခင်ဗျား သဘောတူပါသလား။ ကျနော် ဆိုလိုတာ ရခိုင်ကကိစ္စကို ပြောတာပါ။

WHO- ဆိုလိုချင်တာကတော့ ဘယ်က စပြီးတော့ဖြစ်ပေါ်လာတယ်၊ စောင့်ကြည့်မှုတွေ လုပ်ရမယ်ဆိုတာက အရေးကြီးတဲ့ အခြေခံအချက်တွေဖြစ်တယ်ဆိုတာ မှန်ပါတယ်။ ကျနော်တို့မှာ အဲလိုဥပမာတွေရှိတယ်။ ဥပမာ တစ်နေရာကနေ ကူးစက်လာပြီးတော့ မြန်မာနိုင်ငံထဲကို ဝင်လာတယ်။ ပြီးတော့ တခြားလူတွေကို ကူးစက်တယ်။ ဒါပေမဲ့ အကြောင်းအရာတစ်ခုကို လက်ညှိုးထိုးဖို့ စိတ်အားထက်သန်စွာနဲ့ ဒီဗိုင်းရပ်စ်က နိုင်ငံခြားသားတွေဆီက ကူးတယ်ဆိုပြီးတော့ မလုပ်မိဖို့ လိုပါတယ်။ အဲဒါက မမှန်ပါဘူး။ ဘာလို့ဆို ဒါက အင်မတန် ကူးစက်လွယ်ပါတယ်။ ဒီကြောင့် ဖြစ်နိုင်ခြေ အခြေအနေတွေက စက္ကန့်နဲ့အမျှ ပြောင်းလဲနိုင်ပြီးတော့၊ တစ်ယောက်ကို တစ်ယောက် ပြစ်တင်ဝေဖန်တာက ဘယ်သူ့အတွက်အမှ အထောက်အကူမဖြစ်ပါဘူး။ ဒါကြောင့်
ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှု စည်းမျဉ်းတွေကို လိုက်နာပြီးတော့ လုပ်ရပါမယ်။ ပြီးတော့ ဒီဗိုင်းရပ်စ်က အင်မတန် ကူးလွယ်တယ်ဆိုတဲ့အချက်ကို ခေါင်းထဲရှင်းရှင်းလင်းလင်းတွေးပြီးတော့ ဘယ်သူ့ဆီကနေမဆို ကူးစက်ခံရနိုင်တယ် ဆိုတာမျိုးတွေးဖို့ လိုပါတယ်။ ရည်ရွယ်ချက်မရှိဘဲနဲ့ တစ်ယောက်ယောက်ဆီကလည်း အလိုအလျောက် ကူးစက်နိုင်တာမျိုးပါ။ ဒါကြောင့် ကျနော် အထူးမေတ္တာရပ်ခံချင်တာကတော့ ကာကွယ်ရေးနဲ့ ကုသရေးပိုင်းကို အထူးထောက်ပံ့ပေးဖို့ လိုအပ်ပြီးတော့၊ “ဗိုင်းရပ်စ်ကိစ္စကို နိုင်ငံရေးမလုပ်ပါနဲ့”  ဒါက အထောက်အကူ မဖြစ်ပါ။ ဒါက အခြေအနေကို ပိုခက်ခဲစေပြီးတော့၊ ဗိုင်းရပ်စ် ထိန်းချုပ်ရေးကိစ္စတွေမှာလည်း ပိုပြီးရှုပ်ထွေးလာနိုင်ပါတယ်။

RFA- အားလုံးသိကြတဲ့ အတိုင်းပါပဲ။ ရခိုင်ပြည်နယ်မှာက ရိုဟင်ဂျာနဲ့ ရခိုင်ဒုက္ခသည် သိန်းဂဏန်းဝန်းကျင်ရှိတယ်။ မြန်မာအစိုးရ ပြောတာကတော့ အဲဒီဒုက္ခသည်စခန်းတွေမှာ ကိုဗစ်ဗိုင်းရပ်စ် မတွေ့ဘူးလို့ ပြောနေပါတယ်။ အစိုးရရဲ့ ပြောဆိုချက်ကို ခင်ဗျား ယုံပါသလား။  

WHO- ကျနော်ကတော့ မြန်မာအစိုးရက ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ရင် အင်မတန် ပွင့်လင်းမြင်သာမှုရှိတယ်လို့ ကျနော် ယုံကြည်ပါတယ်။ ပြီးတော့ အစီရင်ခံချက်တွေကလည်း တောက်လျှောက်ဆိုသလို ရှိနေတာပါ။ ကျနော် ဒီမတိုင်ခင်မှာ နှစ်ပေါင်း ၂၀ လောက်က မြန်မာနိုင်ငံမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ တကယ်အရေးကြီးတဲ့ အချက်ကတော့ မြန်မာကတော့ ဒီဗိုင်းရပ်စ် တိုက်ဖျက်ရေးမှာ ဘယ်လောက်ထိ ပွင့်လင်းမြင်သာတဲ့ ဆောင်ရွက်ချက်တွေ လုပ်ထားတယ်ဆိုတာကို နားလည်ဖို့ပါ။ တကယ့်အချိန်နဲ့တပြေးညီ သတင်းအချက်အလက်တွေကို စီစဉ်ဆောင်ရွက်နေတာက တကယ့်အံ့မခန်းပါ။ သူတို့ရဲ့ အားထုတ်မှုတွေကို ဖော်ပြနေတဲ့အချက်ကတော့ တစ်နိုင်ငံလုံးက ပြည်သူတွေက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့သတင်း အချက်အလက်တွေကို တိကျမှန်ကန်တယ်လို့ ယုံကြည်ကိုးစားကြတဲ့ အချက်ပါ။ ဒါက တကယ့်ကို ချီးကျူးဖို့ကောင်းတဲ့ အောင်မြင်မှု တစ်ရပ်ဖြစ်ပါတယ်။ အဲဒါကြောင့်၊ ကျနော်က မြန်မာအစိုးရရဲ့ ဆောင်ရွက်ချက်တွေက ပွင့်လင်းမြင်သာမှုရှိတယ်ဆိုတာကို ယုံကြည်ပါတယ်။

RFA- နောက်ထပ်မေးခွန်းတစ်ခုကတော့ ရခိုင်ပြည်နယ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို WHO ဝန်ထမ်းတွေ သွားလာလို့ ရပါသလား။

WHO- ပြောရမယ်ဆိုရင် ကျနော်တို့က ရခိုင်ပြည်နယ်မှာ ကျန်းမာရေးဝန်ကြီးဌာနက လူတွေနဲ့ရော၊ ပြည်နယ် ကျန်းမာရေးဌာနက လူတွေနဲ့ပါ အနီးကပ်လုပ်ကိုင်နေတာဖြစ်ပါတယ်။ အလောတကြီးနဲ့ ကျနော်တို့ဟာ ကျနော်တို့ အစိုးရနဲ့ စင်ပြိုင်လုပ်တဲ့စီမံကိန်းမျိုး မလုပ်ပါဘူး။ ကျနော်တို့ ကျန်းမာရေးဝန်ကြီးဌာနက လည်ပတ်နေတဲ့ စနစ်နဲ့ ဒေသဆိုင်ရာ ကျန်းမာရေးစနစ်ထဲ စီးမျောလိုက်ပါ ဆောင်ရွက်ရတာဖြစ်ပါတယ်။ အစောပိုင်းတုန်းက ကျနော်ပြောခဲ့သလိုပါပဲ တချို့ကိစ္စတွေက ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိပါဘူး။ နောက်ပြီး သေချာတာပေါ့ ကျနော်တို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထိန်းချုပ်မှုအောက်မှာလည်း မရှိပါဘူး။ ဒါကြောင့် အဲဒီမှာရှိတဲ့ အခြေအနေတွေ တိုးတက်ဖို့ပဲ ကျနော်တို့ ကူညီပေးတာပဲရှိပါတယ်။ တကယ့်မှတ်သားထားရမှာက ကျနော်အပေါ်မှာ တိုက်တွန်းခဲ့အချက်ကို သတိပြုဖို့ အင်မတန် အရေးကြီးပါတယ်။ အဲဒါက ကျန်းမာရေးကိစ္စကို နိုင်ငံရေးထဲ လုံးဝဆွဲမထည့်ဖို့ လိုပါတယ်။ ဘာလို့ဆိုတော့ ဒါက လူတိုင်းရသင့်တဲ့ကိစ္စတွေကို ဆောင်ရွက်ပေးနိုင်ဖို့လိုအပ်လို့ ဖြစ်ပါတယ်။ နောက်ပြီး၊ တကယ်တော့ ကျန်းမာရေးဝန်ကြီးဌာနကလည်း ဝန်ထမ်းတွေကို အဲဒီနည်းဥပဒေသအတိုင်း လေ့ကျင့်သင်ကြားပေးထားတာဖြစ်ပါတယ်။ ဒါတွေက လူတွေရဲ့အခြေခံလိုအပ်ချက်အပေါ် အခြေခံပြီးတော့ အကူအညီတွေပေးတာပဲ ဖြစ်သင့်ပြီးတော့၊ လူမျိုးရေးအပေါ် အခြေမခံသင့်ပါဘူး။

RFA- မြန်မာနိုင်ငံမှာ သေဆုံးမှုနှုန်းတွေ လျော့ကျဖို့ ဘာတွေလုပ်သင့်တယ်လို့ မြင်ပါသလဲ ခင်ဗျာ။  

WHO - ဗိုင်းရပ်စ်ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်ဖို့ လိုအပ်တဲ့အချက်ကို ကျနော်တို့ သိထားတာကတော့ အတည်ပြုလူနာတွေနဲ့ ထိတွေ့သူတွေကို သီးခြားခွဲထားပါ၊ စောင့်ကြည့်မှုတွေလုပ်ပါ၊ ပြီးတော့ အတည်ပြုလူနာတွေကို ဂရုတစိုက်စောင့်ရှောက်ပါ။ ပြီးတော့ ထိန်းချုပ်ရေး အစီအစဉ်တွေကို စနစ်တကျနဲ့ လိုက်နာဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဆပ်ပြာနဲ့ ရေကို သုံးပြီးတော့ လက်ကို မကြာခဏဆေးပါ၊ နှာခေါင်းစည်း တပ်ပါ၊ ကိုယ်သွားလာတဲ့နေရာက လူစုလူဝေးဖြစ်တဲ့ နေရာဟုတ်၊ မဟုတ် သတိပြုပါ။ အဲဒါက အင်မတန်အရေးကြီးပါတယ်။ နောက်ပြီး မှန်ပါတယ်။ ကျနော်တို့က ပိုပြီးတော့ ကူးစက်မှုတွေရှိနေတယ်ဆိုတဲ့  အရမ်းခက်ခဲတဲ့ ကာလကိုရောက်ရှိနေပြီးတော့ အဲဒီအခြေအနေကို ထိန်းချုပ်နိုင်ဖို့ နည်းလမ်းပေါင်းစုံ သုံးသင့်ပါတယ်။ ပြီးတော့၊ ထိန်းနိုင်တဲ့အခြေအနေတစ်ခုကို ရောက်ဖို့လုပ်ရပါတယ်။ အဲဒါကို အခု မြန်မာကလည်း လုပ်နေပါတယ်။ ဒါပေမယ့် မလုံလောက်ပါဘူး။ ပိုပြီးတော့ ထိရောက်ဖို့ နိုင်ငံတကာအကူအညီတွေနဲ့ ကျန်းမာရေးအကူအညီတွေရရှိဖို့ လိုအပ်ပြီးတော့ အဲဒီအခြေအနေကနေ ရုန်းထွန်နိုင်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။