၂၀၂၀ ရွေးကောက်ပွဲနဲ့ ရိုဟင်ဂျာ အနာဂတ်
2020.08.28
ကုန်ဈေးနှုန်းကအစ သားသမီးတွေရဲ့ ပညာရေးအထိ နိုင်ငံရေးနဲ့ ပတ်သက်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုဖူးပါတယ်။ ဒါဆိုရင် ရခိုင်က ရိုဟင်ဂျာ လူတစ်သန်းကျော်ရဲ့အရေးက မီးဖိုချောင်အရေးထက်တော့ပိုမှာ ငြင်းချက်ထုတ်ဖွယ်ရာမရှိပါ။
အကြောင်းကတော့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ အစိုးရက နိုင်ငံသားအဖြစ် ငြင်းပယ်ထားလို့ပါ။ စစ်တွေမြို့နယ် အုန်းတောကြီး ဒုက္ခသည်စခန်းက ဦးစိုးအောင်(အမည်လွှဲ)က သူတို့အတွက် ပြောင်းလဲပေးနိုင်မယ့် သူကို ရွေးချယ်ခွင့်မရှိရင် အင်မတန်နစ်နာတယ်လို့ပြောပါတယ်။
“မဲပေးခွင့်ရမယ်ဆိုရင်တော့ ကျွန်တော်တို့ ကံကြမ္မာကို အကောင်းဆုံးပြုလုပ်ပေးနိုင်မယ့်သူကို ရွေးချယ်ခွင့် ရတဲ့အတွက် ကျွန်တော်တို့ရဲ့ ကံကြမ္မာတွေကလည်း ပြောင်းလဲလာကောင်းပြောင်းလဲလာမယ်လို့ ထင်ပါတယ်၊ အခုသုံးခေါက်ချိုး အမျိုးသားမှတ်ပုံတင် ကိုင်ထားပါလျက်နဲ့ မဲမပေးရတော့ အင်မတန် နစ်နာပါတယ်၊”
ရိုဟင်ဂျာတွေက လက်တွေ့မှာမဲပေးခွင့်ထက် နေရပ်ပြန်ရေးကို ဦးစားပေးအဖြစ်ရှုမြင်ကြတယ်လို့ ကနေဒါနိုင်ငံအခြေစိုက် ရိုဟင်ဂျာလူ့အခွင့်ရေးကွန်ယက် တည်ထောင်သူ Yasmin Ullah က RFA ကို ပြောပါတယ်။
“ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လက်ရှိအခြေအနေကို ပြောရမယ်ဆိုရင်၊ ကျမတို့ပါဝင်ခွင့်ရသင့်ပေမယ့်လည်း လက်တွေ့ပြုပြင်ပြောင်းလဲတွေမှုက ဟိုးအဝေးကြီးမှာပဲ ရှိနေတာပါ။ အားလုံးရဲ့ယေဘုယျအမြင်က အိမ်ကို ပဲပြန်ချင်ကြတာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာရှိတဲ့ လူတိုင်းလိုပဲ ကျမတို့ရဲ့ဘေးကင်းလုံခြုံရေးနဲ့ လွတ်လပ်မှုရှိတဲ့ အခြေအနေမျိုးမှာပဲ ပြန်ချင်တာ ဖြစ်ပါတယ်။”
ဘင်္ဂလားဒေ့ရှ်က ပူလောင်တဲ့ ပလတ်စတစ်မိုးကာ တဲအိမ်အောက်မှာ ရိုဟင်ဂျာတွေနေရတဲ့ ပြီးခဲ့တဲ့သုံးနှစ်တာ အတွေ့အကြုံဟာ အင်မတန် ခါးသီးလှတယ်လို့ Yasmin Ullah က ပြောပြပါတယ်။ ကပ်ဘေးဖြစ်တဲ့အချိန် စခန်းမှာလက်ဆေးဖို့ရေတောင် မလုံလောက်ဘူးလို့ သူကပြောပါတယ်။
ရိုဟင်ဂျာမဲပေးခွင့် သမိုင်း
ရိုဟင်ဂျာမွတ်ဆလင်တွေဟာ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်း ထုတ်ပေးခဲ့တဲ့ သုံးခေါက်ချိုး အမျိုးသား မှတ်ပုံတင်နဲ့ သမိုင်းဝင် ၁၉၉၀ ရွေးကောက်ပွဲတွေမှာလည်း မဲပေးဖူးကြပါတယ်။ အထင်ရှားဆုံးအနေနဲ့ လက်ရှိ ဒီမိုကရေစီနှင့်လူ့အခွင့်ရေးပါတီ DHRP ကို ထူထောင်ထားတဲ့ ဦးကျော်ဝင်းဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ CRPP လို့ခေါ်တဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားပြုကော်မတီဝင် ဖြစ်ခဲ့ဖူးသူပါ။
၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်းမှာ White Card နဲ့မဲပေးခွင့်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဦးသိန်းစိန်အစိုးရက ပြန်သိမ်းပြီး National Verification Card NVC လို့ ခေါ်တဲ့ စိစစ်ဆဲနိုင်ငံသားကတ်တွေနဲ့ လဲလှယ်ခဲ့ပြီးနောက် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကစလို့ NVC ကတ်ကိုင်တဲ့သူတွေရော၊ သုံးခေါက်ချိုး ကတ်ကိုင်တဲ့သူတွေပါ မဲပေးခွင့်ဆုံးရှုံး သွားကြပါတယ်။
ကြံ့ခိုင်ရေး ပါတီပြောခွင့်ရကတော့ ၂၀၁၀ မှာ ရိုဟင်ဂျာတွေ မဲပေးခွင့်ရတာဟာ တပ်မတော်အစိုးရက ဖွဲ့စည်းပေးခဲ့တဲ့ ကော်မရှင်နဲ့သာဆိုင်တယ်လို့ RFA ကိုပြောပါတယ်။
“၂၀၁၀ ကကျတော့ ကျွန်တော်တို့ဦးစီးပြီးတော့ လုပ်တာမဟုတ်ဘူး၊ ယခင် ၂၀၁၀ ရဲ့ရှေ့ပိုင်းက ကော်မရှင်ကလုပ်တာ၊ ဒီ ၂၀၁၅ မှာတော့ ဦးတင်အေးကော်မရှင်ကလုပ်တာ၊ ကျွန်တော်တို့ကတော့ ဥပဒေအပေါ်မှာပဲ အခြေခံပြီးတော့ စဉ်စားတယ်။”
တကယ်တော့ ၂၀၁၀ အစောပိုင်းတုန်းက ရွေးကောက်ပွဲကော်မရှင်ရော၊ ကြံ့ခိုင်ရေးအသင်းကိုပါ တပ်မတော် အစိုးရက ဖွဲ့စည်းပေးခဲ့တာဖြစ်ပြီး၊ တပ်မတော်ထိပ်ပိုင်း ဗိုလ်ချုပ် အဆင့်အရာရှိတွေ ဦးစီးထားတာပါ။
၂၀၁၂ ရခိုင်-ရိုဟင်ဂျာ လူမျိုးရေးဘာသာရေး ပဋိပက္ခ ဖြစ်ပြီးနောက်ပိုင်း၊ ရိုဟင်ဂျာတစ်သိန်းနီးပါး စစ်တွေ မြို့ပြင်က ဒုက္ခသည်စခန်းကို အပို့ခံလိုက်ရပါတယ်။ နောက် ငါးနှစ် အကြာမှာတော့ ၂၀၁၇ ရခိုင်မြောက်ပိုင်း နယ်မြေရှင်းရေးစစ်ဆင်ရေးကြောင့် လူသိန်းချီထွက်ပြေးခဲ့ရပါတယ်။ ဒီလိုကြီးမားတဲ့အရေးကိစ္စတွေမှာ နစ်နာသူ ရိုဟင်ဂျာတွေအတွက် လွှတ်တော်မှာ အသံကင်းမဲ့ခဲ့ပါတယ်။
လဝက စိစစ်ပြီးမှ မဲပေးခွင့်ရ
ရိုဟင်ဂျာတွေ နိုင်ငံသားမဟုတ်တာကြောင့် မဲစာရင်းမပါတာလို့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးသူရိန်ထွဋ်က RFA ကို သြဂုတ်လလယ်ပိုင်းမှာ ပြောပါတယ်။
“ကျွန်တော်တို့မဲစာရင်းမှာ ရိုဟင်ဂျာရယ်၊ မွတ်ဆလင်ရယ်၊ ခရစ်ယာန်ရယ်၊ ဗုဒ္ဓဘာသာရယ် မခွဲထားဘူးဗျ၊ နိုင်ငံသားမှန်မယ်ဆိုရင်ပါမှာပဲ၊ နိုင်ငံသားမဟုတ်လို့ မပါတာရှိမှာပေါ့၊ အကုန်လုံးနီးပါးက နိုင်ငံသားမှမဟုတ် တာ ဘယ်ပါမလဲ၊ သုံးခေါက်ချိုးတွေမှာပါတယ် နိုင်ငံသားစိစစ်ဖို့ တောင်းဆိုပိုင်ခွင့်ရှိတယ်။"
မဲစာရင်းကလည်း လူဝင်မှုကြီးကြပ်ရေးဌာနက စိစစ်ပြီးမှ မဲပေးလို့ရ မယ့်စာရင်းအဖြစ် ရွေးကောက်ပွဲကော်မရှင် ကို ရောက်လာတာဖြစ်တယ်လို့ ဦးသူရိန်ထွဋ်ကဆိုပါတယ်။ သုံးခေါက်ချိုးကိုင်သူတွေကိုတော့ နိုင်ငံသားစိစစ်ရေး ကတ်တွေ ပြန်လျှောက်ခိုင်းခဲ့ပါတယ်။ ဒါပေမဲ့ ဒီနေ့အချိန်အထိ နိုင်ငံသားကဒ်မရသေးတဲ့အတွက် ရိုဟင်ဂျာ မွတ်ဆလင်တွေ မဲပေးခွင့်က ဆုံးရှုံးရမယ့်အခြေအနေဖြစ်နေပါတယ်။
ရခိုင်ပြည်နယ် လဝကမှူး ဦးစိုးလွင်ကတော့ ကဒ်တွေမကြာခင်ရနိုင်တယ်လို့ပြောမယ့် တိတိကျကျ ဖြေဆိုခြင်းတော့ မရှိပါဘူး။
“နိုင်ငံသားစိစစ်ခြင်းလုပ်ငန်းသည် တစ်နိုင်ငံလုံးမှာရှိတဲ့ဟာကို လုပ်ရတာဖြစ်ပါတယ်ခင်ဗျ၊ သူတို့လည်း မကြာခင်တော့ ကျလာမှာပါခင်ဗျ၊ မြို့နယ်စုံစစ်၊ ပြည်နယ်စုံစစ် ဒါတွေကိုလည်း စိစစ်ရတဲ့အပိုင်းတွေရှိ တာပေါ့နော်၊”
ရိုဟင်ဂျာ ကိန်းကဏန်းပြသနာ
ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေတွေနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေက ကုလသမဂ္ဂစာရင်းတွေအရ ၇ သိန်းကျော်ရှိပြီး ဒုက္ခသည်အဖြစ် ပြည်တွင်းမှာရှိနေတာက ၆ သိန်းလောက်ရှိပါတယ်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ၂၀၁၇ ထုတ်ပြန်တဲ့စာရင်းတွေအရ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် သုံးမြို့နယ်မှာ ရိုဟင်ဂျာလူဦးရေ ၇ သိန်း ၅ သောင်းကျော် (၇၀၅ ၉၄၃ ဦး) ရှိပါတယ်။ ၂ နှစ်အကြာ ၂၀၁၉ ခုနှစ်မှာ ထုတ်ပြန်တဲ့စာရင်းတွေမှာတော့ အထက်ပါသုံးမြို့နယ်မှာ ရိုဟင်ဂျာဦးရေ ၁ သိန်း ၈ သောင်းကျော် (၁၈၄ ၀၀၈) ကျန်ရှိနေပါတယ်။
တနည်းအားဖြင့် ၂၀၁၇ တုန်းက မွတ်စလင် ၆၅ ရာခိုင်နှုန်းပဲ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးရတဲ့သဘော သက်ရောက်ပါတယ်။ ဒါကြောင့် ကုလသမဂ္ဂကထုတ်ပြန်တဲ့စာရင်းနဲ့ မြန်မာအစိုးရဘက်က ထုတ်ပြန်တဲ့ ကိန်းကဏန်းနှစ်ခုဟာ ဆီလျော်မှုမရှိတာကို RFA က လေ့လာတွေ့ရှိပါတယ်။
ရိုဟင်ဂျာလူဦးရေ စုစုပေါင်းထဲက အသက် ၁၈ ထဲပြည့်နဲ့ သုံးခေါက်ချိုး (ခေါ်) အမတ ကိုင်ဆောင်သူက ဘယ်လောက်ရှိပြီးတော့၊ NVC ကတ်ကိုင် ဆောင်သူ ဘယ်လောက် ရှိသလဲဆိုတာ လည်း တိတိကျကျမသိရပါဘူး။ ဒါကြောင့် သုံးခေါက်ချိုးကိုင်ဆိုင်သူ အရေအတွက် ဘယ်လောက်က လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရနိုင်မလဲဆိုတာလည်း မသိနိုင်ပါဘူး။
မဲပေးခွင့်မရှိတဲ့နောက်ဆက်တွဲက သိန်းနဲ့ချီတဲ့လူတွေရဲ့အရေးဟာ လွှတ်တော်မှာဆိတ်သုန်းနေမှာလို့ Yasmin Ullah က ပြောပါတယ်။
“ကျမတို့ရဲ့အသံ ပျောက်ကွယ်နေမှာပေါ့။ ကျမတို့ကို ကိုယ်စားပြုတဲ့အရာ လွှတ်တော်ထဲမှာမရှိဘူးပေါ့။ ပြီးတော့ အောက်ခြေကလာတဲ့ စိုးရိမ်မှုတွေကို တကယ် နားထောင်မယ့်သူမရှိတော့ဘူးပေါ့။”
NLD လွှတ်တော် ၁၉၈၂ ဥပဒေကိုမပြင်
တကယ်တော့ လူ့အခွင့်ရေးစံနှုန်းတွေနဲ့ ဆီလျော်မှုမရှိတော့တဲ့ ၁၉၈၂ ဥပဒေကိုပြင်ဆင်ဖို့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးစီးပြီးထုတ်ဝေခဲ့တဲ့ ၂၀၁၇ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အပြီးသတ် အစီရင်ခံစာမှာ တိုက်တွန်းထားတာပါ။
ကော်မရှင်အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ ဟာဂျီဦးအေးလွင်ကတော့ နိုင်ငံသားအရည်ချင်းပြည့်မီသူတွေကို မဲပေးခွင့်ရစေချင်တယ်လို့ RFA ကို ပြောပါတယ်။
“တစ်ပါတီစနစ်လို့ပြောတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်မှာရှိတဲ့ ပါလီမန်အတွင်းမှာ မွတ်ဆလင် အမတ်တွေရှိတယ်၊ အထူးသဖြင့် ဘူးသီးတောင် မောင်တောက မွတ်ဆလင်အမတ်တွေရှိပါတယ်၊ သူတို့ဆို ရခိုင်စကားပြောကြတယ်၊ အဲတော့ မရှိခဲ့တာ ဘယ်အချိန်ပဲမရှိခဲ့တာလဲဆိုတော့ ၂၀၁၅ မှာမရှိခဲ့ဘူး၊ ၂၀၁၀ မှာလည်းပဲ ကြံ့ခိုင်ရေးပါတီကနေပြီးတော့ မွတ်ဆလင်အမတ် သုံးယောက် ရှိခဲ့တာရှိပါတယ်၊”
ကိုဖီအာနန်ဦးစီးဆောင်ရွက်တဲ့ အစီရင်ခံစာထွက်ပြီး ၃ နှစ်ဝန်းကျင်ကြာတဲ့အထိ NLD လွှမ်းမိုးထားတဲ့ ပြည်ထောင်စုလွှတ်တော်က ၁၉၈၂ ကို ပြင်ဆင်ခြင်း လုံးဝမရှိခဲ့ပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ NLD ပါတီ ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး မုံရွာအောင်ရှင်ကတော့ ကိုဖီအာနန်အစီရင်ခံစာကို NLD အစိုးရက အလေးထားကြောင်းနဲ့ မဲပေးခွင့်ရရရေး အတွက်လည်း လုပ်ဆောင်နေတာရှိတယ်လို့ဆိုပါတယ်။
“ဒီဟာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တိုင်တွယ်ပြီးတော့ ကြိုးစားနေတယ်လို့ ကျွန်တော်မြင်တယ်၊ ဘာကြောင့်လဲဆိုတော့ သူကိုယ်တိုင်က ကိုဖီအာနန်အပေါ်မှာ လေးလေးစားစားရှိတယ်၊ အဲတော့ ကိုဖီအာနန်ရဲ့ အစီရင်ခံစာကို သူဘယ်လိုမှ ပစ်ပယ်မှာမဟုတ်ဘူး၊ ဒါအခါအခွင့်သင့်တဲ့အချိန် အချိန်အခါသင့်တဲ့အချိန်မှာ ဒါကိုပြန်ပြီးတော့ ပေးလိမ့်မယ်လို့ထင်တယ် (မဲပေးနိုင်ဖို့အတွက် အမျိုးသား မှတ်ပုံတင်ကနေ နိုင်ငံသား လျှောက်တဲ့ကိစ္စ) အဲဒါအတွက်ကတော့ ကျွန်တော်အထင်ကတော့ သိပ်ပြီးတော့ အချိန်ကြာလိမ့်မယ်လို့ မထင်ဘူး၊ ဒါပြေလည်လိမ့်မယ်လို့ပဲ ယူဆပါတယ်၊ ဒီဟာကတော့ နိုင်ငံရေးပြဿနာဖြစ်နေတယ် အဲဒါ ကြောင့်ပါ၊ ကျွန်တော်ထင်တယ် သုံးလလောက် တော့ကျန်သေးတာပေါ့နော်၊ ဟိုဘက်ကမ်းမှာရှိနေတဲ့ ဟာတွေကတော့ သိပ်မလွယ်သေးဘူး၊ ဒီဘက်မှာရှိတဲ့ ဘင်္ဂါလီတွေအတွက်ကတော့ အခြေအနေကောင်း လိမ့်မယ်လို့ ကျွန်တော်ယူဆပါတယ်။”
NLD လွှမ်းမိုးတဲ့ လွှတ်တော်က ၁၉၈၂ ဥပဒေကိုပြင်လိုစိတ်မရှိဘူးလို့ ကနေဒါရိုဟင်ဂျာလူ့အခွင့်ရေးကွန်ယက် Yasmin Ullah က သုံးသပ်ပါတယ်။
“တကယ်တော့ နိုင်ငံတကာတရားရုံး ICJ မှာ ဒေါ်အောင်ဆန်းစုကြည် ထွက်ဆိုနေတုန်းမှာ ကျမလည်း အဲဒီအထဲမှာရှိနေခဲ့ပါတယ်။ ကျမတို့က အဲဒီမှာ လူသားအဖြစ် အသိမှတ် ပြုခြင်းခံရပါတယ်။ အဲဒါက နိုင်ငံတကာတရားရုံးကနေပေါ်ထွက်လာတဲ့ သတင်းစကားတစ်ခုဖြစ်ပါတယ်။ စိတ်မကောင်းစရာက ဒေါ်အောင်ဆန်းစုကြည်ဟာ တရားရုံးထွက်ဆိုစဉ်မှာ ကျမတို့ကို ရိုဟင်ဂျာလို့ စကားတခွန်းမှ သုံးမသွားပါဘူး။ သူက ကျမတို့ကို ရခိုင်မွတ်စလင်တွေလို့ပဲ သုံးနှုန်းပါတယ်။ အဲဒါကိုက လူသားမဆန်မှုပြုယုဂ်အဖြစ် လုံလောက်နေပါပြီ”
ရိုဟင်ဂျာအမတ်တွေပြုတ်စေတဲ့ ၁၉၈၂
ရိုဟင်ဂျာတွေလိုပဲ သုံးခေါက်ချိုးကိုင်ဆောင်တဲ့ တခြားဒေသတွေမှာ နေထိုင်တဲ့သူတွေ မဲပေးခွင့်ရတာရှိတာမို့ ရခိုင်ပြည်ထဲက ရိုဟင်ဂျာတွေလည်း ရသင့်တယ်လို့ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးပါတီက ဦးကျော်စိုးအောင်က ပြောပါတယ်။
“အခု ကျွန်တော်တို့ ပြည်မမှာဗျာ တိုင်းနဲ့ပြည်နယ် ၁၄ ခုမှာ ရခိုင်ပြည်နယ်မှအပ ၁၃ ခုမှာ ကျွန်တော်တို့ လေ့လာကြည့်လိုက်တော့ ၁၈ နှစ်အထက်လူငယ်တွေ တော်တော်များများ မဲစာရင်းမှာပါတယ်၊ သုံးခေါက်ချိုး အမျိုးသားမှတ်ပုံတင်လက်မှတ်ကိုင်ဆောင်ထားတဲ့သူတွေ မဲစာရင်းမှာပါတယ်၊ ဒီကတ်ပြားနဲ့တောင် ရန်ကုန်တိုင်းဒေသကြီးနဲ့ အခြားတိုင်းနဲ့ပြည်နယ်မှာ မဲစာရင်းမှာပါတယ်ဆိုရင် ရခိုင်မှာ ရိုဟင်ဂျာတွေက မဲစာရင်းမှာမပါဘူးဆိုရင် NLD အစိုးရ ဒီမိုကရေစီကိုစံယူထားတဲ့ အစိုးရက ခွဲခြားဆက်ဆံမှုကို ပိုပြီးတော့ အားသစ်လောင်းသလားဆိုပြီးတော့ ကျွန်တော်တို့သံသယဖြစ်တယ်။”
တကယ်တော့ ၁၉၈၂ ဟာ မဲပေးပိုင်ခွင့်တင်မကပါဘူး မွတ်စလင်တွေ အမတ်ဖြစ်ခွင့်ကိုပါ တားဆီးတဲ့ ဥပဒေတစ်ခု ဆိုရင်လည်းမမှားပါဘူး။ ၂၀၂၀ ရွေးကောက်ပွဲမှာ မွတ်စလင်အမတ်လောင်း ၂၅ ဦးအထိ တင်သွင်းထားကြပါတယ်။ အများစုက ရန်ကုန်နဲ့ ရခိုင်ပြည်နယ်ကနေ ဝင်ပြိုင်ကြမှာပါ။ ဒါပေမဲ့ ၁၉၈၂ ဥပဒေအရ လျှောက်ထားတဲ့ ကိုယ်စား လှယ်လောင်းတွေရဲ့ မိဘဟာ သူ့မွေးဖွားစဉ်က နိုင်ငံသားမဖြစ်သေးဘူးဆိုတဲ့ ကန့်သတ်ချက်နဲ့ ငါးဦး ပယ်ချခံထား ရပါတယ်။
၂၀၂၀ မှာတော့ အစဉ်လာထဲကနေ ရုန်းထွက်ပြီး နိုင်ငံရေးပါတီတွေ မွတ်စလင်ကိုယ်စားလှယ်လောင်းတွေ ထည့်သွင်းရွေးချယ်လာကြတာရှိလာပါတယ်။ ရိုဟင်ဂျာ နိုင်ငံရေးပါတီအပြင်၊ NLD ပါတီက နှစ်ဦး ထည့်သွင်း ရွေးချယ်တာရှိသလို၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကလည်း မွတ်စလင် အမျိုးသမီးတစ်ယောက်ကို ရွေးချယ်ထားကြပါတယ်။
လွှတ်တော်ထဲရောက်ရင် မွတ်ဆလင်တွေရဲ့ ဓလေ့တွေကို အများနားလည်အောင်ရှင်းပြဖို့ကြိုးစားမယ်လို့ လူ့ဘောင်သစ်ပါတီက ဝင်ပြိုင်မယ့် ဒေါက်တာ လွင်မာထွန်းက ပြောပါတယ်။
"မွတ်ဆလင်တစ်ယောက်ရဲ့ ကိုယ်စားပြုအနေနဲ့ တက်ခွင့်ရပြီဆိုရင် အဓိကကဘာလဲဆိုတော့ မွတ်ဆလင် တွေရဲ့ Culture မွတ်ဆလင်တွေရဲ့ ခံစားချက်ကို ကျွန်မရှင်းပြချင်တာ၊ တခါတလေကျရင် ဒါကိုနားမလည်ဘူး နားမလည်တဲ့အခါကျတော့ သေးသေးလေးတစ်ခုက အကြီးကြီးဖြစ်သွားတယ်၊ လွှတ်တော်မှာ လောလောဆယ် တခြားအမတ်တွေ ထက်စာရင်တော့ ကျွန်မက အစ္စလာမ်ဘာသာဝင်ဖြစ်တဲ့အတွက်ကြောင့် သူတို့ရဲ့ခံစားချက် ကို ပိုပြီးတော့ နားလည်တယ်။”
NLD ပါတီအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲဝင်စဉ်က မွတ်ဆလင်ကိုယ်စားလှယ်လောင်းတွေမပါတာဟာ၊ အဲအချိန်က အင်အားကြီးမားခဲ့တဲ့ အမျိုးသားရေးအစွန်းရောက်အုပ်စုတွေကြောင့်ဖြစ် ပြီး၊ အခုရွေးကောက်ပွဲမှာတော့ ပိုပြီးထည့်သွင်းရွေးချယ်လာနိုင်ပြီလို့ မုံရွာအောင်ရှင်ကဆိုပါတယ်။
ကနေဒါရောက် Rohingya Women Rights အဖွဲ့က Yasmin Ullah ကတော့ NLD ပါတီက မွတ်စလင် နှစ်ဦးကို ထည့်သွင်းရွေးချယ်တာ ကြိုဆိုရမယ့်အရာဖြစ်ပေမယ့်၊ ဒါက မတူကွဲပြားမှုကို လက်ခံတယ်ဆိုတဲ့ အနေအထား တစ်ခုအဖြစ်ရောက်ဖို့ အများကြီးလိုအပ်သေးတယ်လို့ ပြောပါတယ်။ ဒါကြောင့် မျှော်လင့်ချက်ကင်းမဲ့နေတဲ့ ရိုဟင်ဂျာတွေအတွက်တော့ ပင်လယ်ပြင်တွေဟာ ပိုလုံခြုံတဲ့ရွေးချယ်စရာတစ်ခုအဖြစ် ဆက်ရှိနေမယ့်လို့ သူကပြောပါတယ်။
“ကျမတို့က ဘယ်နေရာမှာမှ နိုင်ငံသားအဖြစ် အသိမှတ်ပြုခြင်းမခံရသေးပါဘူး။ ကျမတို့နိုင်ငံအပြင် ဘယ်မှာမှလက်မခံသေးတာကိုက သက်သေတစ်ခုဖြစ်ပါတယ်။ ကျမတို့က ပြောရမယ်ဆိုရင် ပင်လယ်ပြင်မှာ နစ်နေသလိုပါပဲ။ ဘာမှမရေရာတဲ့၊ ကျမတို့ကို နစ်မြုပ်သွားစေနိုင်တဲ့ ပင်လယ်ပြင်တွေဟာ ကျမတို့အတွက် ပိုလုံခြုံသလိုဖြစ်နေပါတယ်။ အဲဒါက လူသားအဖြစ်အသိအမှတ်ပြုမခံရတဲ့ ဆိုးကျိုးတွေပါပဲ။”
ရွေးကောက်ပွဲ ဝင်မပြိုင်ခင်ကတည်းက မွတ်စလင်ကိုယ်စားလှယ်လောင်းတွေဟာ ပယ်ချခံရတာကြုံနေတာမို့ မွတ်စလင် ဒါမှမဟုတ် ရိုဟင်ဂျာတွေ ရွေးကောက်ပွဲမှာနိုင်ခဲ့ရင်တောင် ရိုဟင်ဂျာအရေး ဆောင်ရွက်နိုင်မယ့် မျှော်လင့်ချက်က အင်မတန်နည်းပါးနေဦးမယ်လို့ ရိုဟင်ဂျာလူ့အခွင့်ရေးကွန်ယက် ဥက္ကဋ္ဌ Yasmin Ullah က သုံးသပ်ပါတယ်။