ခေါင်လန်ဖူး သတ္တုရှာဖွေရေးစီမံကိန်းကို ဒေသခံတွေကန့်ကွက်

ဇာဏီထွဏ်း
2020.09.18

မြေဧက သုံးသိန်းကျော်မှာ အကောင်အထည်ဖော်မယ့် ကချင်ပြည်နယ် ခေါင်လန်ဖူးဒေသ သတ္တုစီမံကိန်းကို ဒေသခံတွေ ကန့်ကွက်နေကြပါတယ်။ ကန့်ကွက်နေတဲ့ကြားက စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်မယ်ဆိုရင် ဒေသခံတွေနဲ့ ကုမ္ပဏီကြား မမျှော်လင့်တာတွေ ဖြစ်လာမှာကို စိုးရိမ်တယ်လို့ ဒေသခံတွေနဲ့ အရပ်ဖက်အဖွဲ့တွေက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ထိပ်ဖျားစွန်းမှာရှိတဲ့ ကချင်ပြည်နယ် ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်က ဒေသခံတွေဟာ မြေဧက သုံးသိန်းကျော်ရှိတဲ့ သတ္တုစီမံကိန်းကို ကန့်ကွက်ကြတယ်လို့ ပူတာအိုအခြေစိုက်အခြေစိုက် မြောက်ပိုင်းရောင်စဉ်လူငယ်များအဖွဲ့က ပြီးခဲ့တဲ့ မတ်လမှာ ကောက်ယူတဲ့စစ်တမ်းအရ သိရပါတယ်။

အဲဒီစစ်တမ်းရလဒ်ကို ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ကို ပေးပို့ထားပေမယ့် အကြောင်းပြန်ကြားလာတာ မရှိသေးဘူးလို့ စစ်တမ်းကောက်ယူခဲ့တဲ့ အဖွဲ့က ပြောပါတယ်။
လူထုဆန္ဒကို ဆန့်ကျင်ပြီး ဆက်မလုပ်သင့်ဘူးလို့ အဲ့ဒီအဖွဲ့ ဥက္ကဋ္ဌ ဦးဖုန်ရော့ဖီနန်က ပြောပါတယ်။

ဒေသခံ တိုင်းရင်းသားတွေဟာ   စီမံကိန်းနဲ့ပတ်သက်တဲ့ သတင်းအချက်လက်တွေ ပြည့်ပြည့်စုံစုံမရကြတဲ့အပြင် သတ္တုရှာဖွေ၊ တူးဖော်မှုကြောင့် ဖြစ်လာနိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကိုလည်း  မသိကြဘူးလို့ ပြောပါတယ်။

အဲဒီဒေသခံတွေဟာ သဘာဝသစ်တောသစ်ပင်တွေကို မှီခိုပြီး နေထိုင် အသက်မွေးကြရတာပါ။ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ဖွံ့ဖြိုးမှုအားနည်းတဲ့ ဒေသပါ။ ခေါင်လန်ဖူးမြို့နယ်မှာ ကျေးရွာအုပ်စု ၂၃ ခု ရှိပြီး လူဦးရေ တစ်သောင်းခွဲလောက် နေထိုင်ကြပါတယ်။  သြစတြေးလျနိုင်ငံက လုပ်ငန်းရှင်တွေ ရင်းနှီးမြှုပ်နှံထားတဲ့ Fortuna Metals ကုမ္ပဏီက ဓာတ်သတ္တုတူးဖော်ရေးလုပ်ကွက် နှစ်ခုအတွက် မြေဧကပေါင်း သုံးသိန်းကျော်ကို ပြည်ထောင်စုအစိုးရဆီ ၂၀၁၈ ခုနှစ်က လျှောက်ထားတာပါ။

၂၀၁၉ မေ ၂၄ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ သယံဇာတနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဒုဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက လုပ်ငန်းသဘောတူစာချုပ်အတွက် ပြင်ဆင်ဆောင်ရွက်နေတဲ့အဆင့်ပဲရှိနေပြီး တူးဖော်တဲ့အဆင့် မဟုတ်သေးဘူးလို့ ပြောခဲ့ပါတယ်။

စီးပွားဖြစ်ထုတ်လုပ်နိုင်တဲ့ သတ္တုသိုက်တွေ့တဲ့ ဧရိယာကိုသာ နိုင်ငံတော်အကျိုးအမြတ် ရနိုင်မှုအပေါ် မူတည်ပြီး တူးဖော်ခွင့်ပေးသင့်၊ မသင့် ထပ်စဉ်းစားမှာဖြစ်တယ်လို့ ဒုဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ပြောခဲ့ပါတယ်။

စီးပွားဖြစ် သတ္တုသိုက်တွေ့မယ်ဆိုရင် ဒေသဖွံ့ဖြိုးရေးနဲ့ ဒေသခံတွေရဲ့ အလုပ်ကိုင်ခွင့်လမ်းအတွက် အထောက်ကူပြုမယ်လို့လည်း ပြောပါတယ်။ ခေါင်လန်ဖူးမြို့နယ် ဝါးခွယ်ရွာက ဦးဆလွတ်ထဒီတန်ကတော့  ကုမ္ပဏီက သတ္ထုတူးဖော်ခွင့်ရခဲ့ရင် ဒေသခံတွေက နေ့စားအလုပ်လောက်သာရပြီး ဒေသခံတွေအတွက် အကျိုးရှိမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဓာတ်သတ္တုရှာဖွေရေး၊ စမ်းသပ်တိုင်းတာရေးလုပ်ငန်းတွေ ဆောင်ရွက်ရင် ပတ်ဝန်းကျင် မထိခိုက်အောင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီစဉ် EMP ကို ရေးဆွဲဆောင်ရွက်နေတာ ဖြစ်ပါတယ်။
ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ် EMP ကို ကောက်ယူတဲ့ Valentis Services ကုမ္ပဏီကနေ ခေါင်လန်ဖူးဒေသက မြေ၊ ရေ၊ လေ ပကတိအခြေအနေတွေကို တိုင်းတာထားပြီး ရလာတဲ့အဖြေတွေကိုလည်း ပြည်နယ်အစိုးရအပါအဝင် သက်ဆိုင်ရာ ဌာနတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီမှာ ပေးပို့ထားတယ်လို့ သိရပါတယ်။

ဒေသခံတွေဟာ သစ်တောသစ်ပင်ကနေ အစားအသောက်၊ နေထိုင်မှုအတွက် မှီခိုနေရတာပါ။ ဒေသထွက် တိုင်းရင်းဆေးသုံး ရှီးပတီး၊ ဂျင်စင်း၊ ခမ်းတောက်မြစ်လို ဆေးဘက်ဝင်တဲ့ သစ်ဖုသစ်ဥတွေကလည်း ‌ဈေးကွက်မှာ တန်ဖိုးမြင့်ပစ္စည်းတွေ ဖြစ်ကြပါတယ်။

မြန်မာတနိုင်ငံလုံးရဲ့ အသက်သွေးကြောမြစ်တစ်ခုဖြစ်တဲ့ ဧရာဝတီမြစ်စတည်ရာ မေခ၊ မလိခမြစ်ရဲ့ ပင်မနေရာလည်း ဖြစ်ပါတယ်။ မြေဧကသိန်းချီပြီး သတ္ထုတူးဖော်ခွင့်ပြုလိုက်ရင် မေခ၊ မလိခမြစ် တိမ်ကောပြီး ဧရာဝတီမြစ်ကိုလည်း ရေစီးဝင်စရာ ရှိမှာမဟုတ်တော့ဘူး လို့ ဒေသခံတချို့က စိုးရိမ်နေပါတယ်။

ဧရာဝတီမြစ် တိမ်ကောခဲ့ရင် မြန်မာနိုင်ငံ အောက်ပိုင်းမှာ နေထိုင်သူတွေအတွက်ပါ ထိခိုက်လာနိုင်ပြီး ကချင်ပြည်နယ်အတွက်တင် မဟုတ်ဘဲ တနိုင်ငံလုံးအတွက်ပါ အရေးပါတဲ့ကိစ္စလည်း ဖြစ်တာကြောင့် သူကိုယ်တိုင်ကလည်း သဘောမတူဘူးလို့ အမျိုးသားလွှတ်တော်ရဲ့ ကချင်ပြည်နယ် အမှတ် ၁ မဲဆန္ဒနယ် ကိုယ်စားလှယ် ဦးဂျေယောဝူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ သတ္တုတူးဖော်တဲ့စီမံကိန်းတွေကြောင့် ထိခိုက်နစ်နာရတဲ့ ဥပမာတွေ ရှိနေတာကြောင့် ဒီစီမံကိန်းကိုလည်း ဒေသခံတွေ သဘောမတူရင် မလုပ်စေချင်ဘူးလို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်နေတဲ့ မြန်မာအစိမ်းရောင်ကွန်ရက်က ဒေါ်ဒေဝီသန့်စင်က ပြောပါတယ်။

ခေါင်လန်ဖူးမြို့နယ်က သတ္တုစီမံကိန်းမှာ ဒေသခံတွေရဲ့ လယ်မြေတွေပါနေတာကြောင့် ရပ်ဆိုင်းထားတယ်လို့ ဇူလိုင် ၁၇ ရက်ကကျင်းပတဲ့ ကချင်ပြည်နယ် အစိုးရအဖွဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က ပြောခဲ့တယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ နောက်တပတ်မှာပဲ Fortuna ကုမ္ပဏီက ခေါင်လန်ဖူးမှာ ငါးလအတွင်း ရုံးစိုက်ဖို့ဆိုပြီး မြောက်ပိုင်းရောင်စဉ် လူငယ်များအဖွဲ့နဲ့ တွေ့ဆုံချိန်မှာပြောခဲ့တာကြောင့် ဒေသခံတွေက ဝေခွဲမရ ဖြစ်သွားကြပါတယ်။ အဲဒီစီမံကိန်းဟာ ပြည်ထောင်စုအစိုးရက စီမံခန့်ခွဲတာဖြစ်တယ်လို့ ကချင်ပြည်နယ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းက ပြောပါတယ်။

ခေါင်လန်ဖူးမြို့နယ်   ဒေသခံတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေကတော့ ဒီစီမံကိန်းကို သဘောမတူဘဲ နောင်လာနောင်သားတွေအတွက် သဘာဝ အမွေအနှစ်သာ ချန်ထားစေချင်တယ်လို့ ပြောကြပါတယ်။ Fortuna ကုမ္ပဏီနဲ့  ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတွေဆီ RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ ပြန်ဖြေကြားတာ  မရှိပါဘူး။

ကုမ္ပဏီရဲ့ အင်တာနက်စာမျက်နှာမှာတော့  ဓာတ်သတ္တုတူးဖော်တဲ့အဆင့်ကိုရောက်ဖို့ ရှာဖွေရေးလုပ်ငန်းကို နှစ်နဲ့ချီလုပ်ရဦးမယ်လို့   ဖော်ပြထားပါတယ်။ သတ္တုရှာဖွေရေးစီမံကိန်းတစ်ခုဟာ ဒေါ်လာ တစ်သန်းနဲ့ နှစ်သန်းကြား နှစ်စဉ်ကုန်ကျပြီး အချိန်ကာလက ငါးနှစ်ကနေ ဆယ်နှစ်အတွင်း ကြာမြင့်ကြောင်း၊ ကုမ္ပဏီက သတ္တုရှာဖွေလေ့လာရေးနဲ့ ပတ်သက်ပြီး ရှင်းပြဖို့  ဒေသခံတွေနဲ့ ထိတွေ့ဆက်ဆံနေပြီး ဒေသခံတွေရဲ့ အကြံပြုချက်တွေကိုလည်း ကြိုဆိုကြောင်း ရေးသားထားပါတယ်။

သတ္တုရှာဖွေလေ့လာရေးအဆင့်ကနေ ဓာတ်သတ္တုတူးဖော်တဲ့အဆင့်ကို မရောက်ခင် EIA, SIA လို့ ခေါ်ကြတဲ့ လူမှုပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှု အကဲဖြတ်လေ့လာတဲ့ အစီအစဉ်တွေ ဆောင်ရွက်မယ်၊ တူးဖော်ဖို့အတွက် လိုင်စင် ရဖို့လည်း လိုအပ်တယ်လို့ ရေးသားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။