ဗကသကျောင်းသား ကိုညီညီမင်းသူ ကျဆုံးခြင်း သုံးနှစ်ပြည့်အခမ်းအနားကျင်းပ

RFA Burmese
2025.02.25
ဗကသကျောင်းသား ကိုညီညီမင်းသူ ကျဆုံးခြင်း သုံးနှစ်ပြည့်အခမ်းအနားကျင်းပ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)အဖွဲ့ဝင် ကိုညီညီမင်းသူအား မကွယ်လွန်ခင်က တွေ့ရစဉ်။
Citizen Photo

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)အဖွဲ့ဝင် ကိုညီညီမင်းသူဟာ ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရတာပါ။

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်ထဲက နေအိမ်တစ်ခုမှာ စစ်အာဏာရှင်တော်လှန်ရေးလှုပ်ရှားမှုအတွက် ဗကသကျောင်းသားတချို့ လျှို့ဝှက်နေထိုင်နေချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဝင်ရောက်စီးနင်းတာ ခံခဲ့ရပါတယ်။ စီးနင်းချိန်မှာ နေအိမ်ထဲမှာရှိနေတဲ့ ကိုညီညီမင်းသူကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့ရတာဖြစ်ပြီး သူ သေဆုံးချိန်မှာ အသက် ၁၈ နှစ်ကျော်ပဲ ရှိပါသေးတယ်။

သူ့ရဲဘော်တွေ လွတ်မြောက်ဖို့ ကိုယ်ကျိုးစွန့်ပြီး အသက်အသေခံသွားတဲ့အတွက် ဗကသကျောင်းသားတွေက အောက်မေ့သတိရပွဲ အခမ်းအနားကို နှစ်စဉ်ကျင်းပတာဖြစ်ကြောင်း အခမ်းအနားဦးဆောင်သူတွေက ပြောပါတယ်။

စစ်အာဏာရှင်ကို အဆုံးထိတော်လှန်နိုင်မှ ကျဆုံးသွားသူတွေအတွက် တာဝန်ကျေမယ်လို့ အခမ်းအနားတက်ရောက်လာတဲ့ CDM ကျောင်းအုပ်ဆရာမ ကက်သရင်းက ပြောပါတယ်။

"ရဲဘော်ညီညီမင်းသူအပါအဝင် ကျွန်မတို့ရဲ့အနာဂတ်တန်ဖိုးရှိတဲ့ရတနာတွေ အများကြီး ဒီနွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့ရတယ်ပေါ့။ ဒါတွေကို ကျွန်မတို့အနေနဲ့ စိတ်ထဲမှာဘယ်တော့မှ မေ့ဖျောက်လို့မရသလို ကျွန်မတို့ ဆက်လုပ်ရမယ့်အရာတွေ အများကြီးရှိတယ်။၊ ဒီဖက်ဆစ်အာဏာရှင်တွေကို အဆုံးထိတိုက်ပွဲဝင်ရမှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ စေ့စပ်ဆွေးနွေးတာတွေ ကျွန်မတို့မလိုအပ်ဘူး၊ အဆုံးထိ တိုက်ပွဲဝင်ရမယ်’’

ဒီအခမ်းအနားကို ကိုညီညီမင်းသူရဲ့ဖခင် ဗကသကျောင်းသားဟောင်း ဦးညီညီလည်း တက်ရောက်ခဲ့ပါတယ်။ သားဖြစ်သူဟာ မိသားစုအပေါ်မှာရော အဖွဲ့အစည်းမှာပါ ကိုယ်ကျိုးစွန့်အနစ်နာခံသူဖြစ်ပြီး စစ်အာဏာရှင်ဖိနှိပ်တာတွေကို လက်မခံနိုင်တာကြောင့် တက်တက်ကြွကြွတော်လှန်ခဲ့သူဖြစ်ကြောင်း ဦးညီညီက ဂုဏ်ပြုပြောဆိုခဲ့ပါတယ်။

စစ်အာဏာရှင်ပြုတ်ကျဖို့အတွက် လက်နက်တော်လှန်ရေး၊ နိုင်ငံရေးနဲ့ လူထုလှုပ်ရှားမှုတွေ ဟန်ချက်ညီဖို့လိုတယ်လို့လည်း သူက ထောက်ပြပါတယ်။

"လူထုတစ်ရပ်လုံးက အုံကြွတော်လှန်တဲ့အခါကျရင် တော်လှန်ရေးကအမြန်ဆုံး အောင်မြင်သွားမယ် ဆိုတာ သေချာတယ်၊ လူထုမပါဘဲနဲ့ လူထုနဲ့ကင်းကွာပြီး လက်နက်ကိုင်ပြီးတော်လှန်နေလို့လည်း ကျွန်တော်တို့တော်လှန်ရေးက ပေါက်မြောက်ထိရောက်မှာမဟုတ်ဘူး၊ အနှစ်ချုပ်ပြောရရင် ကျွန်တော်တို့က လက်နက်ကိုင်တော်လှန်ရေးရော နိုင်ငံရေးရော လူထုလှုပ်ရှားမှုရော ဟန်ချက်ညီညီ ပေါင်းစပ်ပြီးတော့ အားသွန်ခွန်စိုက် အမြန်ဆုံးရုန်းကြဖို့၊ လိုအပ်ခဲ့တာတွေ လွဲချော်နေတာတွေကို အမြန်ဆုံးပြုပြင်ဖို့ ဒါ အင်မတန်အရေးကြီးတယ်လို့ ပြောချင်ပါတယ်’’


ဆက်နွှယ်သောသတင်းများ

ဗကသကျောင်းသားတွေ ပုံစံအမျိုးမျိုးနဲ့ တိုက်ပွဲဝင်နေ

ဝက်လက်မြို့က ကျောင်းသား သတ်ခံရမှု အရေးယူဖို့ ဆောင်ရွက်သွားမယ်လို့ NUG ပြော

စစ်မှုထမ်းဥပဒေ ဖျက်သိမ်းဖို့နဲ့ အထွေထွေ အကျပ်အတည်းတွေဖြေရှင်းရေး ရန်ကုန်မှာ ဆန္ဒပြ


ဒီအခမ်းအနားကို ဗကသကျောင်းသားတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၂ဝ ကျော် တက်ရောက်ခဲ့ကြပါတယ်။

စစ်အာဏာရှင်တော်လှန်ရေးမှာ နောက်ထပ်အသက်တွေ စတေးမခံနိုင်တော့သလို ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေကို အပြီးသတ်နိုင်ဖို့ စစ်အာဏာရှင်အမြစ်ဖြတ်ရေးအတွက် တော်လှန်ရေးတပ်ပေါင်းစုတွေအားလုံး ညီညွတ်ကြဖို့လည်း တက်ရောက်လာသူတွေက တိုက်တွန်းခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။