Adidas ဖိနပ်ချုပ်စက်ရုံ ဆန္ဒပြလုပ်သား ၂၆ ဦး ပြန်ခန့်ဖို့ညှိနှိုင်းမှု လက်မခံ

RFA Burmese
2022.12.12
Adidas ဖိနပ်ချုပ်စက်ရုံ ဆန္ဒပြလုပ်သား ၂၆ ဦး ပြန်ခန့်ဖို့ညှိနှိုင်းမှု လက်မခံ မြန်မာပေါင်ချိန် စက်ရုံဝန်ထမ်းများအား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

နာမည်ကြီး အမှတ်တံဆိပ် Adidas ဖိနပ်တွေချုပ်တဲ့ ထိုင်ဝမ်နိုင်ငံသားပိုင် မြန်မာပေါင်ချိန် စက်ရုံဟာ လုပ်ခလစာ တိုးပေးဖို့ တောင်းဆိုဆန္ဒပြခဲ့တဲ့ အလုပ်သမားတွေထဲက ဦးဆောင်သူ ၂၆ ဦးကို အလုပ်ကနေ အပြီးထုတ်လိုက်ပြီး အလုပ်သမားညွန်ကြားမှုဦးစီးရုံးမှာ နှစ်ဖက်ညှိနှိုင်းခဲ့ရာမှာလည်း အဆင်မပြေခဲ့ပါဘူး။

အဲဒီစက်ရုံက အလုပ်သမားနှစ်ထောင်ကျော်ဟာ လုပ်ခလစာ ၄၈၀၀ ကျပ်အစား ၈၀၀၀ ကျပ်အထိ တိုးပေးဖို့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့ကနေ သုံးရက်ကြာ ဆန္ဒပြတောင်းဆိုခဲ့ပေမယ့် အလုပ်ရှင်ကတော့ မလိုက်လျောတဲ့အပြင် ဦးဆောင်သူတွေကို ခွင့်မဲ့သုံးရက်ပျက်တယ်ဆိုပြီး အလုပ်ကနေ ထုတ်ခဲ့တာပါ။

"ညီမတို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြန်ဝင်ပြီးတော့ တောင်းဆိုထားတဲ့အတိုင်း ညှိညှိနှိုင်းနှိုင်းနဲ့လုပ်ဖို့ စက်ရုံဘက်ကို ပြောချင်တယ်"

ဒီကိစ္စကိုဖြေရှင်းဖို့ ရွှေပြည်သာမြို့နယ် အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနရုံးမှာ နိုဝင်ဘာလ ၂၂ ရက်နေ့၊ ၂၅ ရက် နေ့နဲ့ ဒီဇင်ဘာလ ၈ ရက်နေ့အထိ နှစ်ဖက်အပြန်အလှန် ဆွေးနွေးခဲ့ပေမယ့် အလုပ်ရှင်က လက်မခံတာကြောင့် တရားရုံးကိုသွားဖို့သာ အဲဒီ ဦးစီးဌာနရုံးက ပြောလာတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

အောက်တိုဘာလ ၂၇ ရက်နေ့ကတည်းက အလုပ်ထုတ်လိုက်ပြီဖြစ်လို့ လျော်ကြေး သုံးလစာပေးဖို့ စက်ရုံဘက်က ကမ်းလှမ်းခဲ့ပေမယ့် အလုပ်သမားတွေကတော့ အလုပ်ပြန်ခန့်ရေးကိုပဲ တောင်းဆိုခဲ့တယ်လို့ အလုပ်ထုတ်ခံရသူ အလုပ်သမားတွေက ပြောပါတယ်။

အလုပ်ပြန်ခန့်ဖို့နဲ့ နိုဝင်ဘာလစာပေးဖို့ စက်ရုံဘက်ကို ပြောထားပေမယ့် ဘာမှ လုပ်မပေးဘူးလို့ အဲဒီစက်ရုံကနေ အလုပ်ထုတ်ခံခဲ့ရတဲ့ အသက် ၂၂ နှစ်အရွယ် မစမ်းယုလှိုင်က RFA ကို ပြောပါတယ်။

“ညီမတို့က စက်ရုံနဲ့ရန်သူတွေ မဟုတ်ဘူးလေ။ ညီမတို့က ဒီစက်ရုံတွေရှိလို့ ညီမတို့ မိသားစုတွေ အဆင်ပြေတာ မှန်တယ်။ အဲဒါကြောင့် ညီမတို့က စက်ရုံနဲ့ပဋိပက္ခတွေ အများကြီးမဖြစ်ချင်ဘူး။ ညီမတို့ဖြစ်ချင်တာက ဒီစက်ရုံထဲကို ညီမတို့ ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ ပြန်ဝင်ပြီးတော့ တောင်းဆိုထားတဲ့အတိုင်း ညှိညှိနှိုင်းနှိုင်းနဲ့လုပ်ဖို့ စက်ရုံဘက်ကို ပြောချင်တယ်။ ညီမတို့ကို Adidas Brand ဘက်ကို အလုပ်ပြန် ခန့်ဖို့လည်း ပြောတယ်။ နောက်ပြီးကျတော့ ဒီ ၁၁ လပိုင်း လစာပေးဖို့လည်း ပြောထားတယ်။ ဒါပေမဲ့ စက်ရုံဘက်က ဘာတစ်ခုမှ လိုက်နာတာမျိုးတွေ မရှိဘူးပေါ့နော်”

ထိုင်ဝမ်နိုင်ငံသားပိုင် အဲဒီစက်ရုံဟာ အလုပ်သမား ခုနစ်ထောင်ကျော်နဲ့ တစ်နေ့ကို ဖိနပ်အရံ ၃၆၀၀၀ ကျော် ထုတ်လုပ်နေတာကြောင့် အခုနောက်ပိုင်း ကျန်းမာရေးအတွက် အိမ်သာသွားချိန် မရှိလောက်အောင်အထိ ချုပ်နေရတယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။

၂၀၁၈ ခုနှစ်က တစ်နာရီကို ဖိနပ်အရံ ၁၂၀ သာ ချုပ်လုပ်ခဲ့ရပြီး ၂၀၂၂ ခုနှစ်မှာတော့ ၂၀၀ ကျော်အထိတိုးချုပ်ရပေမယ့် လစာမတိုးပေးဘူးလို့ မြန်မာပေါင်ချိန် အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ မဖြိုးသီတာဝင်းက ပြောပါတယ်။

“ဒီစက်ရုံမှာကျတော့ တစ်နာရီကို ဖိနပ်က ၂၀၀ လောက်အထိ လုပ်ရတယ်။ တချို့ ကလေးစီးဖိနပ်တွေဆို ၂၂၀ အထိ လုပ်ရတယ်ပေါ့နော်။ ညီမတို့ ၂၀၁၈ ခုနှစ် ၄၈၀၀ ပေးတဲ့အချိန်တုန်းကလည်း တစ်နာရီမှ ၁၂၀ လောက်ပဲရှိတာ။ တစ်နေ့ထက်တစ်နေ့ ဒီနေ့ ၁၂၀ ပြီးရင် နောက်နေ့ ၁၄၀၊ ဒီနေ့ ၁၄၀ ထက်ပေးနိုင်ရင် နောက်နေ့ ၁၆၀၊ နောက်နေ့ ၁၈၀ အဲလိုမျိုး တိုးသွားတာပေါ့နော်။ သူတို့ကတော့ ဒီ Target ကိုတော့ လုံးဝမလျော့ဘူးပေါ့။ အဲဒီအတွက် ညီမတို့က သူတို့ဘက်က Target တွေလည်း တိုးလာတဲ့အတွက်ကြောင့် ဒီလုပ်ခလစာလည်း တိုးပေးဖို့ တောင်းဆိုတာပေါ့”

ဒါ့အပြင် မြန်မာပေါင်ချိန်စက်ရုံမှာ ရက်မှန်ကြေးအနေနဲ့ တစ်လကို တစ်သောင်းကျပ် သာရပြီး တခြားစက်ရုံတွေမှာ ကျပ်နှစ်သောင်းကနေ သုံးသောင်းဝန်းကျင်အထိရတယ်လို့ သူက ဆိုပါတယ်။

Adidas ဖိနပ်တစ်ရံရဲ့ အနည်းဆုံးတန်ဖိုးဟာ အဲဒီဖိနပ်တွေကိုချုပ်နေတဲ့ အလုပ်သမား တွေရဲ့ တစ်လလုပ်ခလစာထက် ပိုများပေမယ့် အလုပ်သမားတွေကိုတော့ လုပ်ခ လစာလည်း တိုးမပေးသလို နှစ်ကြေးနဲ့ ကျွမ်းကျင်ကြေးလည်း တိုးမပေးဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။

ဒါကြောင့် စက်ရုံအလုပ်သမားတွေဟာ အာဏာသိမ်းနောက်ဆက်တွဲ ငွေကြေးဖောင်းပွမှုနဲ့ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်မှုဒဏ်အကြောင့် ပိုပြီးခက်ခဲ ကျပ်တည်းလာတယ်လို့ ဆိုပါတယ်။

လုပ်သက် ငါးနှစ်ရှိပြီဖြစ်တဲ့ ၂၆ နှစ်အရွယ် အလုပ်သမား မခက်ပွင့်ကတော့ လုပ်ခလစာ မတိုးပေးဘူးဆိုရင်တောင် နှစ်ကြေးတွေ၊ ကျွမ်းကျင်ကြေးတွေတွေကိုတော့ တိုးပေး စေချင်တယ်လို့ RFA ကို ပြောပါတယ်။

“ညီမဆိုရင် ငါးနှစ်ပေါ့နော်။ အခြေခံလစာ ၁၄၄၀၀၀ ကနေစပြီး အခုချိန်ထိ တိုးတာ မရှိဘူးပေါ့။ ညီမတို့မှာ လုံးဝမလောက်ဘူးပေါ့။ ညီမတို့က လူဟောင်းတွေဖြစ်တဲ့အတွက် ကျွမ်းကျင်မှုရှိတဲ့အတွက် အလုပ်ကိုတော့ ပိုလုပ်ရတယ်။ ဒါပေမဲ့ ညီမတို့အတွက် နှစ်ကြေးတို့၊ ကျွမ်းကျင်ကြေးက မရှိဘူးပေါ့။ အဲဒါမျိုးတွေသာရှိခဲ့မယ်ဆိုရင် ဒီရှစ်ထောင် မတိုးပေးရင်တောင်မှ ညီမတို့အတွက် နှစ်သိန်းနီးပါး ဖြစ်ခဲ့မယ်ဆိုရင် ဖူလုံတဲ့လစာဖြစ်ဖို့ အတွက် ညီမတို့ကတော့ ညှိနှိုင်းပေးစေချင်တယ်ပေါ့။ အဲဒီဘက်တွေမှာလည်း တိုးစေ ချင်တယ်”

အလုပ်ရှိချိန်မှာတောင် စားဝတ်နေရေးအဆင်မပြေတဲ့အတွက် အခုလို အလုပ်ထုတ်ခံထား ရချိန်မှာ အခက်အခဲများစွာကြုံနေရလို့ သက်ဆိုင်ရာဌာနတွေအနေနဲ့ အချိန်အတိုအတွင်း ပြေလည်အောင် ဖြေရှင်းပေးစေချင်တယ်လို့ မခက်ပွင့်က ပြောပါတယ်။

တစ်ရက်လုပ်ခ ၄၈၀၀ ဟာ လက်ရှိတက်နေတဲ့ကုန်ဈေးနှုန်းနဲ့ မကိုက်ညီလို့ အနည်းဆုံး လုပ်ခလစာ ၈၀၀၀ ကျပ်အထိ တိုးပေးဖို့ တောင်းဆိုခဲ့ကြတာလို့ အလုပ်ထုတ်ခံခဲ့ရသူ ကိုချစ်ကိုကိုက RFA ကို ပြောပါတယ်။

“ကျနော်တို့ ၄၈၀၀ ဆိုတဲ့ ငွေပမာဏနဲ့က လုံးဝဘယ်လိုမှ မအပ်စပ်ပါဘူး။ မကိုက်ညီ ဘူးပေါ့။ ကုန်ဈေးနှုန်းတွေ ဈေးတက်နေတာနဲ့ ၄၈၀၀ ဆို နေမကောင်းရင်တောင် ဆေးထိုးရင် အနည်းဆုံး ၆၀၀၀၊ ၇၀၀၀ ရှိတယ်လေ။ ဆီတစ်ပိသာဆိုရင်လည်း ၇၀၀၀၊ ၈၀၀၀ ရှိတယ်။ ဆန်ဈေးဆိုရင်လည်း ၃၆၀၀၊ ၄၀၀၀ ရှိတဲ့အတွက် ၄၈၀၀ ဆိုတာ ဘယ်လိုမှမအပ်စပ်ဘူး။ မကိုက်ညီဘူးပေါ့။ အဲဒါကြောင့် ဒါကို ကျနော်တို့ ရသင့် ရထိုက်တယ်ထင်လို့လည်း တောင်းတယ်။ ပြီးရင် နှစ်နှစ်တစ်ကြိမ် လုပ်ခလစာ တိုးရမယ်ဆိုတာလည်း ရှိတယ်လေ”

စက်ရုံဘက်ကတော့ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေရဲ့ ၁၀ လပိုင်းကလစာကို ဒီဇင်ဘာလ ၁ ရက်နေ့ ညနေ ၄ နာရီမှသာ ဘဏ်ကတ်ထဲထည့်ပေးခဲ့ပြီး အဲဒီအထဲမှာ အလုပ်ထုတ်လိုက်တဲ့ သဘောအဖြစ် လုပ်သက်ခွင့် ၁၀ ရက်ကိုပါ ထည့်ပေးလွှဲလိုက် တာကြောင့် အကုန်လုံးပြန်လွှဲပေးမယ်လို့ အလုပ်ထုတ်ခံရသူတွေက ပြောပါတယ်။

ဒီကိစ္စကို ကူညီဆောင်ရွက်ပေးနေတဲ့ ကိုလင်းလင်း (အမည်လွဲ) ကတော့ အခုနိုင်ငံရေး အခြေအနေအရ ရုံးတွေနဲ့ ရှင်းတဲ့အခါမှ တရားမျှတတဲ့အဖြေရဖို့ မဖြစ်နိုင်ဘူးလို့ RFA ကို ပြောပါတယ်။

“ဒီနိုင်ငံရေးအခြေအနေတွေအရ ရုံးတွေနဲ့ရှင်းမယ်ဆိုရင်တော့ မနိုင်ပါဘူး။ တရားမျှတတဲ့အဖြေရဖို့ကတော့ မဖြစ်နိုင်ဘူး။ ပထမရည်ရွယ်ချက်ကတော့ တရားမျှတမှုကို မရနိုင်ဘူးဆိုတဲ့ ကိစ္စရပ်တစ်ခုကို သက်သေထူချင်တာတစ်ခုပေါ့။ ဒီပေါင်ချိန်စက်ရုံကကျတော့ အလုပ်သမားတွေရဲ့ တောင်းဆိုမှုကိစ္စရပ်တွေ နစ်နာမှုကိစ္စတွေကို ဖြေရှင်းတဲ့နေရာတွေမှာ စီးပွားရေးကျင့်ဝတ် မရှိဘဲနဲ့ လုပ်ဆောင်နေတဲ့ဟာမျိုးတွေကို သိထားတဲ့ဟာမျိုးတွေရှိတော့ အဲဒီအရာတွေကိုပါ တစ်ခါတည်း သက်သေပြချင်တဲ့သဘောမျိုး ရည်ရွယ်ချက်နဲ့ပဲ ကျနော်လုပ်နေတဲ့ သဘောပဲရှိတယ်”

adidas-shoe-factory.jpg
ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်မှ မြန်မာပေါင်ချိန် စက်ရုံအား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ဒီကိစ္စနဲ့ပတ်သက်ပြီး Adidas ကုမ္ပဏီ အပါအဝင် အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာအဖွဲ့ ILO ကို တိုင်ကြားထားပြီး Adidas ကတော့ စုံစမ်းစစ်ဆေးမှုတွေလုပ်နေတဲ့ ကာလအတွင်း အလုပ်သမားတွေကို ငွေကြေးထောက်ပံ့ဖို့အတွက် စက်ရုံနဲ့တိုင်ပင် နေတယ်လို့ အကြောင်းပြန်လာတယ်လို့ သူက ပြောပါတယ်။

နှစ်ဖက်ပြေလည်မှုမရဘဲ အလုပ်သမားတွေ အပြီးအထုတ်ခံရတဲ့အပေါ် ရွှေပြည်သာမြို့နယ် အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးကို RFA ဆက်သွယ်တဲ့အခါ သူ့အနေနဲ့ ဖြေကြားခွင့်မရှိဘူးလို့သာ ပြန်ဖြေဆိုသလို မြန်မာပေါင်ချိန်စက်ရုံဘက်ကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့်လည်း ဖုန်းလက်ခံမဖြေဆိုပါဘူး။

၂၀၁၃ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ အနည်းဆုံးအခကြေးငွေဥပဒေ ပုဒ်မ - ၅ (ဇ) အရ အနည်းဆုံး အခကြေးငွေနှုန်းထားကို နှစ်နှစ်မှာ အနည်းဆုံးတစ်ကြိမ် ပြင်ဆင်သတ်မှတ်ပြီး ကြေညာရမယ်လို့ ပြဌာန်းထားပါတယ်။

ဒီဥပဒေပြဌာန်းပြီးနောက် ပထမအကြိမ် ပြင်ဆင်သတ်မှတ်ထားတဲ့ တစ်နေ့အလုပ်ချိန် ၈ နာရီအတွက် လုပ်ခလစာကျပ် ၃၆၀၀ အစား ကျပ် ၄၈၀၀ အဖြစ် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့မှာ ဒုတိယအကြိမ် ပြင်ဆင်သတ်မှတ်ခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၂၀ ပြည့်နှစ်မှာ တတိယအကြိမ်မြောက် ပြင်ဆင်ပြဌာန်းဖို့ ပျက်ကွက်ခဲ့သလို စစ်အာဏာသိမ်းပြီးနောက် ဒီနေ့အထိလည်း ပြင်ဆင်တာမရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။