လက်မှုအတတ်ပညာနဲ့ အနုစိတ်လုပ်ကိုင်ရတဲ့ မံယွန်းလုပ်ငန်း

RFA Burmese
2025.03.19
လက်မှုအတတ်ပညာနဲ့ အနုစိတ်လုပ်ကိုင်ရတဲ့ မံယွန်းလုပ်ငန်း ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ မြင်းကပါရွာတွင် လက်မှုပညာနှင့် အနုစိတ်လုပ်ကိုင်ရသည့် မံယွန်းလုပ်ငန်းကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေက မြင်းကပါရွာမှာ လက်မှုပညာနဲ့ အနုစိတ်လုပ်ကိုင်ရတဲ့ မံယွန်းလုပ်ငန်း ရှိပါတယ်။ ဒီလုပ်ငန်းကို လုပ်ကိုင်သူက အဲဒီရွာမှာ မိသားစုတစ်စုပဲ ရှိပါတယ်။

“ကျွန်တော်တို့ ဘုရားထုတဲ့နေရာမှာလည်း သပ္ပာယ်အောင်ထုရလို့ ဒါအနုပညာဆန်တာပါပဲ။ သူက လက်မှုနဲ့။ မို(နမူနာပုံစံ ဖမ်းယူခြင်း) ကူးတဲ့နေရာမှာလည်း ကျွန်တော်တို့က အနုစိတ် တစ်စိတ်ချင်း တစ်စိတ်ချင်း ကျွန်တော်တို့က ချိတ်တာ ဘာညာ မဖြစ်အောင် ဒီအယူအဆလေး အတွေးအခေါ်လေးနဲ့ လုပ်တာဆိုတော့ ဒီဘက်မှာလည်း ပညာသား ပါ ပါတယ်ဗျ။ သူက လက်မှုထဲမှာလေ”

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ မြင်းကပါရွာမှာနေတဲ့ ဦးသိန်းထိုက်က မံယွန်းလို့ ခေါ်တဲ့ လက်မှုပညာနဲ့ ဘုရားဆင်းတုတွေလုပ်ပုံကို ရှင်းပြနေတာပါ။ မိုလို့ခေါ်တဲ့ ပုံစံခွက်ထဲကိုထည့်ပြီး တစ်ဆင့်ချင်း မိုမံပြုလုပ်တဲ့ မံယွန်းပညာရပ်လို့ သူက ပြောပါတယ်။

"ကျွန်တော်တို့ ဒီယွန်းထည်ကို ဘုရား စလုပ်တော့မဲ့အချိန်ကစပြီး သေချာဂရုစိုက်ပြီးတော့ ကျကျနန လုပ်ရတယ်။ ပေါ့ပေါ့တန်တန်လုပ်လို့ရှိရင် ဘုရားပျက်တာ များပါတယ်”

ပထမဆုံး ကိုယ်လုပ်မဲ့ ဘုရားရုပ်တုကို ပုံကြမ်းကို အရင်ထုရပါတယ်။ ဘုရားပုံ ပုံကြမ်း စိတ်ကြိုက် ထုပြီးပြီ ဆိုခါမှ မိုစိတ်ကလေးတွေ စတင်လုပ်ရပါတယ်။ အဲဒါတွေပြီးမှ ဘုရားလုပ်တဲ့ အပိုင်းကိုရောက်တာပါ။

ဘုရားဆင်းတု တစ်ခုပြုလုပ်ဖို့ သစ်စေး၊ ချည်သား၊ လွှစာမှုန့်နဲ့ ပန်းပေါင်းမှုန့်အဓိကလိုအပ်ပါတယ်။ အရင်ဆုံး ပန်းပေါင်း၊ လွှစာမှုန့်ကို သင့်လျော်သလိုရော၊ သစ်စေးနဲ့မွှေပြီး သုတ်လိမ်းရပါတယ်။ အဲဒီနောက်မှ ချည်သားအဝတ်စကို သစ်စေးနဲ့ တွဲစပ်ကပ်ရတာပါ။

"သစ်စေးကိုင်တဲ့အခါမှာလည်း ဘုရားကို သပ္ပာယ်အောင်၊ ကောင်းအောင်၊ အထူမပျက်အောင်၊ အစေးအရိုင် မပါအောင်၊ ဖြုတ်မပါအောင် စုတ်တံနဲ့ ကျကျနန သစ်စေး ကိုင်ရတယ်ဗျ။ နောက်တစ်ခါ သစ်စေးကိုင်တဲ့ တစ်ဖက်နဲ့ တစ်ဖက်ကို အထူအပါးညီအောင် ကိုင်ရပါတယ်။ စိတ်ရှည်မှသာ သူက ပိုပြီးတော့ ဘုရားက သပ္ပာယ်မှု ပိုကောင်းတာပါဗျ"

သစ်စေးကို ဖုန်နဲ့ အမှိုက်သရိုက်တွေမပါရအောင် စစ်ရသလို ရွှေချရင် လိုက်ဖက်အောင် လိုအပ်တဲ့ အရောင်မျိုးတွေ ထည့်ရပါတယ်။


ဆက်နွှယ်သောသတင်းများ


ရပ်တန့်နေတဲ့ ပုဂံက ယွန်းလုပ်ငန်း

ကြုံရာကျပန်းအလုပ်နဲ့ ရပ်တည်နေကြရတဲ့ မြန်မာ့ယွန်းထည်လုပ်သားများ

ရပ်တည်ဖို့ ခက်ခဲလာတဲ့ အင်းဝက ယွန်းထည်လုပ်ငန်း


ဒီလိုတွေ အနုစိတ်လုပ်ရတဲ့အတွက် လုပ်ကိုင်နေရင်း ပျက်စီးတာမျိုးတွေလည်း ကြုံရတတ်ပါတယ်။

“ကျွမ်းကျွမ်းကျင်ကျင်မရှိတဲ့အချိန်တော့ ခဲရာခဲဆစ်က ကျော်ဖြတ်ခဲ့ရတာပါ။ အကုန်လုံးကတော့ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒီယွန်းထည်ကို ဘုရား စလုပ်တော့မဲ့အချိန်က စပြီး သေချာဂရုစိုက်ပြီးတော့ ကျကျနန လုပ်ရတယ်။ ပေါ့ပေါ့တန်တန်လုပ်လို့ရှိရင် ဘုရားပျက်တာ များပါတယ်”

ဘုရားတစ်ဆူပြီးဖို့ အနည်းဆုံး သုံးလကနေ လေးလ ပျမ်းမျှ ကြာတတ်ပြီး အရွယ်အစား ကြီးရင်ကြီးသလို အချိန်နဲ့ ကုန်ကျစရိတ် ပိုများပါတယ်။

လက်ရှိမှာ အစစ အရာရာမှာ ကုန်စျေးနှုန်း တက်နေတာကြောင့် သစ်စေးတစ်ပုံးကို ရှစ်သိန်းကျပ်နဲ့ ချည်သားတစ်ထုပ်ကို ရှစ်ထောင်ကျပ်ဝန်းကျင် ပေးရပါတယ်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ မြင်းကပါရွာတွင် လက်မှုပညာနှင့် အနုစိတ်လုပ်ကိုင်ရသည့် မံယွန်းလုပ်ငန်းကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ မြင်းကပါရွာတွင် လက်မှုပညာနှင့် အနုစိတ်လုပ်ကိုင်ရသည့် မံယွန်းလုပ်ငန်းကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ဒါကြောင့် ရွှေမကပ်ရသေးတဲ့ ဉာဏ်တော်တစ်ပေရှိတဲ့ ဘုရားဆင်းတုတော် တစ်ဆူကို သုံးသိန်းကျပ်၊ တစ်ပေခွဲကို လေးသိန်းနဲ့ နှစ်ပေခွဲကို ၁၂ သိန်းကျပ် စသဖြင့် အရွယ်အစားအလိုက် စျေးနှုန်းသတ်မှတ်ထားပါတယ်။

မြင်းကပါရွာမှာ ဒီလုပ်ငန်းကိုလုပ်တဲ့သူက သူတို့ ညီအစ်ကိုတွေပဲ ရှိပါတယ်။

နှစ်တိုင်း ပြည်တွင်း ပြည်ပကနေ ကြိုတင်မှာယူသူတွေရှိပေမဲ့လည်း ဒီနှစ်မှာတော့ ပုဂံကို ဧည့်သည် သိပ်မလာတဲ့အတွက် မှာတဲ့သူ တချို့ပဲရှိတော့တယ်လို့ ပြောပါတယ်။

ဒီလုပ်ငန်းကို မိသားစုဝင်နဲ့ ဆွေမျိုးနီးစပ်တော်သူတွေက ဝိုင်းလုပ်နေကြပြီး ဖခင်နဲ့ ဦးလေးဆီက ဒီလက်မှုပညာကို ကျောင်းတက်ရင်း ဆက်လက်သင်ယူမယ်လို့ ကိုအောင်အောင်ဦးက ပြောပါတယ်။

"ကျွန်တော် ကျောင်းတက်နေရင်လည်း ဒီလုပ်ငန်းကို ဆက်လက်သင်ယူသွားမှာပါ။ ကျောင်းပြီးသွားရင်လည်း ဒီလုပ်ငန်းကို ဆက်လက် ဦးစီးဦးဆောင်လုပ်ဖို့ ရှိပါတယ်ဗျ။ ကျွန်တော် ဘုရားလုပ်တဲ့အချိန်ကျ ကျွန်တော် လုပ်လိုက်လို့ ပြီးသွားတဲ့ဟာလေးကို ကြည့်ပြီး ပျော်တယ်ပေါ့။ လက်မှုပညာ ဆိုတော့ကျလေ"

ပုဂံဒေသမှာ ရှေးကျတဲ့ လက်မှုပညာရပ် ဖြစ်တာကြောင့် သားသမီးတွေကိုလည်း ဒီလုပ်ငန်းကို လက်ဆင့်ကမ်းလုပ်ကိုင်ဖို့ မိဘတွေကလည်း မျှော်လင့်နေကြပါတယ်။

"လက်မှုပညာဖြစ်တဲ့အတွက် ဂုဏ်ယူတာပေါ့ဗျာ။ ကိုယ့် ဒီ ရိုးရာအတိုင်း တတ်ထားတဲ့အတွက် သားသမီးတွေလည်း ဒီအမွေပဲ ဆက်ခံစေချင်တာပေါ့။ ကိုယ့်အိမ်မကွာ အိုးမကွာ မိသားစုနဲ့ နေရတဲ့အတွက် သားသမီးတွေလည်း လက်ဆင့်ကမ်းချင်တာပေါ့။ စက်နဲ့လုပ်ထားတဲ့ပစ္စည်းမဟုတ်တဲ့အတွက် လက်မှုပညာ ကိုယ့်ပုဂံဒေသက လက်မှုထွက်တာကို။ အဲဒီ လက်မှုပညာကိုတော့ မြတ်နိုးတာပေါ့။ ပိုပြီးတော့ သဘောကျတာပေါ့"

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။