ပန်းချီဆွဲ တက်တူးထိုးပြီး တော်လှန်ရေးကို ထောက်ပံ့ကူညီနေသူ စောစေးဝါး

2024.02.09
ပန်းချီဆွဲ တက်တူးထိုးပြီး တော်လှန်ရေးကို ထောက်ပံ့ကူညီနေသူ စောစေးဝါး ပန်းချီဆွဲ၊ တက်တူးထိုးသည့်အလုပ်နှင့် အာဏာရှင်စနစ်ဆန့်ကျင်သူများအား ကူညီထောက်ပံ့ပေးနေသည့် စောစေးဝါးအား တွေ့ရစဉ်။
RFA

"သူတို့ရဲ့ အာဏာရှင်စနစ်ကို မကြိုက်လို့ ဆန္ဒပြတယ် ကျွန်တော် သူငယ်ချင်းတွေနဲ့ ပြတဲ့အချိန်မှာ ကျွန်တော်နဲ့အတူ ဆန္ဒပြတဲ့ သူငယ်ချင်းက ဘေးမှာတင် သေနတ်အပစ်ခံရပြီး ဆုံးသွားတယ်၊ ကျွန်တော်တို့ ဘယ်လို ပြန်ပြီးတော်လှန်ရမလဲဆိုတဲ့ အပေါ်မှာ စဥ်းစားပြီးတော့ ဒီဘက်မှာ တော်လှန်ရေးထဲ ပြန်ဝင်လာခဲ့တယ်။”

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင် PDF လူငယ်တစ်ဦး ဖြစ်တဲ့ စောစေးဝါးပါ။

သူဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက ထိုင်းမြန်မာနယ်စပ် မြဝတီမြို့ အနီး လေးကေကော်မြို့သစ် မယ်ဝါးခီးကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်တွေနဲ့တိုက်ပွဲမှာ ဘယ်ဘက် မျက်လုံးထိပြီး ညာဘက်ခြေထောက် အရိုးကျေမွ ဒဏ်ရာတွေ ရခဲ့ပါတယ်။

လက်နက်ကိုင်တော်လှန်ဖို့ စစ်သင်တန်းတက်ခဲ့ပြီး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူပါ။

“လေးလပိုင်း သင်္ကြန်မတိုင်ခင်မှာ ကျွန်တော် ABSDF မှာ သင်တန်းသွားတက်တယ်၊ စစ်ပညာသင်ကြားတယ် အဲ့ဒီကနေတစ်ဆင့် ကျွန်တော်တို့နယ်မှာ ပြန်ပြီး UG ပြန်လုပ်တယ် နယ်မှာ UG လုပ်ပြီးတော့ ကျွန်တော်တို့အဖွဲ့ထဲက တစ်ယောက်အဖမ်းခံရတော့ ကျွန်တော်တို့ ဒီဘက်လေးကေကော်ဘက် ပြန်ရောက်လာတယ်”



KNLA နဲ့ မဟာမိတ်ပူးပေါင်းထားတဲ့ PDF တပ်တွေ ရှိနေတဲ့ လေးကေကော်မြို့သစ်နေရာကို စစ်တပ်က နယ်မြေ ရှင်းလင်းရေး ထိုးစစ်ဆင်တိုက်ခိုက်တာမှာ ပြန်လည်ခုခံရင်း မယ်ဝါးခီးကျေးရွာနဲ့ မယ်ထော်သလေး ကျေးရွာ လမ်းဆုံတိုက်ပွဲမှာ သူ သေနတ်ထိမှန်ခဲ့တာပါ။

"အပစ်ခံရတဲ့အချိန်မှာ စထိတာတော့ ဒူးခေါင်း၊ ဒူးခေါင်းထိတဲ့အချိန်မှာ ကျွန်တော်ပြန်ပစ်သေးတယ်၊ တတ်နိုင်သမျှ ပြန်တိုက်ခိုက်တယ်၊ ဒါပေမဲ့ နောက်တစ်ချက်ကကျတော့ ဘယ်ဘက်မျက်လုံးကို ထိသွားတဲ့ အချိန်မှာ ကျွန်တော်လုံးဝမမြင်ရတော့ဘူး ပြာသွားပြီးတော့ ဗိုလ်ကြီးကိုတော့ လှမ်းပြောလိုက်တယ် ကျွန်တော်ထိသွားပြီဆိုတဲ့အကြောင်း လှမ်းပြောပြီးတော့ ခေါင်းဝပ်နေလိုက်တယ် ဗိုလ်ဒါဘောကိုယ်တိုင် ကျွန်တော့်ကို လာခေါ်ပြီးတော့ ဒီဘက်မဲဆောက်ဘက် ပို့ပေးလိုက်တယ်"

သူရဲ့ထိခိုက်ဒဏ်ရာတွေကို ထိုင်းနိုင်ငံ မဲဆောက်ဆေးရုံကြီး၊ မယ်တော်ဆေးခန်းလို နေရာတွေမှာ ဆေးဝါးကုသခဲ့ပြီးနောက်မှာ တော်လှန်ရေးထဲက ဒဏ်ရာရလူနာတွေကို တစ်ပိုင်တစ်နိုင် ကူညီစောင့်ရှောက်တဲ့ နော်နေခြည်လင်းဆီကို ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

"ပထမဆုံး ကုသခဲ့ရတာကတော့ ညာဘက်ဒူးခေါင်းပေါ့နော် ဒူးခေါင်းရောပေါင်ရိုးရော မျက်လုံးက ကြေမွသွားတယ် ပြီးတော့ ဒူးခေါင်းရဲ့ အရိုးတွေအကုန်လုံးကို မူလီစုတ်ပြီး စတီးရိုးပြန်ထည့်ရတယ်၊ မျက်လုံးမပါသေးဘူး အနည်းဆုံး ခြောက်လကျော်ကျော် ခုနှစ်လ လောက်ကုသခဲ့ရတယ်"

အဲဒီမှာ သူ့လိုပဲ ထိခိုက်ဒဏ်ရာရ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့အတူ ခန္ဓာကိုယ်ပြန်လည်ကျန်းမာသန်စွမ်းဖို့ ကြိုးစားလုပ်ဆောင်ရင်း လမ်းပြန်လျှောက်နိုင်ခဲ့တယ်လို့ စောစေးဝါးက ပြောပါတယ်။

အခုလို ပြန်လည်သန်စွမ်းလာပေမယ့် တော်လှန်ရေးနယ်မြေထဲက ဒဏ်ရာရတဲ့သူတွေ နယ်မြေဒေသနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် သူ့လို အချိန်မီ ဆေးဝါးကုသခွင့်မရကြတာကို သူအတော် စိတ်ထိခိုက်ခံစားခဲ့ရပါတယ်။

"ပထမဆုံး ဆုံးရှုံးမှူကတော့ ကျွန်တော့်ရဲ့အစ်ကိုလိုနေတဲ့ ရဲဘော်ရဲဘက်ပေါ့နော် သူ့ကျန်းမာရေး အခြေအနေက တော့ အသက်ရှူကြပ်တယ်၊ အသက်ရှုပ်ကြပ်တဲ့ အချိန်မှာ ဒီဘက်ကမ်းကို ဆေးကုသဖို့မမီဘဲနဲ့ အသက်ဆုံးရှုံးသွားတာကတော့ အရမ်းခံစားရတယ်၊ နောက်တစ်ခုကတော့ ညီအစ်ကိုတစ်ယောက် ရိက္ခာတွေ သွားသယ်ပေးရင်းနဲ့ ကားပေါ်ကနေ လိမ့်ကျပြီး အသက်ဆုံးရှုံးသွားတာတွေ ခံစားဖူးတယ်၊ ညီလိုနေတဲ့ ကိုခန့်တို့ဆိုရင် လက်တွေထိခိုက်မိပြီး ဒီဘက်ကမ်း ရောက်လာတာတွေ ရှိတယ်၊ Drone အဖွဲ့က ညီလေးတွေ ဆိုလည်း လုပ်ရင်းကိုင်ရင်း မှားသွားတဲ့အတွက်ကြောင့် လက်တွေ၊ မျက်စိတွေ ဆုံးရှုံးသွားပြီး ဒီဘက်ရောက်မလာတဲ့ ကိစ္စကိုလည်း ခံစားဖူးတယ်”

ပန်းချီဆွဲ၊ တက်တူးထိုးသည့်အလုပ်နှင့် အာဏာရှင်စနစ်ဆန့်ကျင်သူများအား ကူညီထောက်ပံ့ပေးနေသည့် စောစေးဝါးအား တွေ့ရစဉ်။ (Photo: RFA)
ပန်းချီဆွဲ၊ တက်တူးထိုးသည့်အလုပ်နှင့် အာဏာရှင်စနစ်ဆန့်ကျင်သူများအား ကူညီထောက်ပံ့ပေးနေသည့် စောစေးဝါးအား တွေ့ရစဉ်။ (Photo: RFA)

ဒဏ်ရာတွေကို တစ်နှစ် နီးပါးကြာ ကုသရင်း သက်သာလာချိန်မှာတော့ တိုက်ပွဲတွေအတွင်း သူ့လိုပဲ ကိုယ်လက်အင်္ဂါတွေ စွန့်လွှတ်ခဲ့ကြရတဲ့ ဘဝတူ PDF အဖွဲ့ဝင်တွေနဲ့ စစ်မြေပြင်က တပ်ဖွဲ့ဝင်တွေကို ကူညီထောက်ပံ့ဖို့ အတွက် တက်တူးထိုးတာ၊ ပန်းချီဆွဲတာတွေကို ပြန်လေ့ကျင့်ခဲ့တယ်လို့ ဆိုပါတယ်။

ပန်းချီဆွဲ၊ တက်တူးထိုးရင်းကနေ ရတဲ့ဝင်ငွေနဲ့ တပ်ဖွဲ့ဝင်တွေကို ကူညီရင်း Sunshine Care Center (SCC) ပြန်လည်သန်စွမ်းရေးစင်တာမှာ ပါဝင်ကူညီဆောင်ရွက်နေပါတယ်။

"တက်တူးအနုပညာနဲ့ ဒီကရဲဘော်တွေ သူတို့ထာဝရမမေ့တဲ့ သူတို့ ကျည်မှန်ခဲ့တဲ့ ဒိတ်တွေ ရှိတယ်၊ သူတို့ အစွဲဖြစ်တဲ့ ခံစားချက်တွေကို တက်တူးနဲ့ ရေးပေးတယ်၊ နောက်ပြီးတော့ ကျွန်တော် ပန်းချီတွေဆွဲတယ် ပန်းချီဆွဲလို့ရလာတဲ့ အပေါ်မှာ ဒီကလူနာဆောင်လေးတွေ ရှိတယ်၊ ကျွန်တော့်ညီအစ်ကိုတွေ ပြန်လည်ခွဲဝေပေးတာ ရှိတယ်၊ လိုအပ်တဲ့နေရာမှာပြန်ခွဲဝေပေးတာ ရှိတယ်၊ နောက် ရှေ့တန်းကို ပို့ပေးတာတွေလည်း ရှိတယ်"

ကိုယ်ခန္ဓာပြန်လည်မကျန်းမာသေးတာကြောင့် လက်ရှိ တိုက်ပွဲတွေမှာ မပါဝင်နိုင်ပေမဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းတဲ့အထိတော့ တစ်ထောင့်တစ်နေရာကနေ ဆက်လက်ကူညီနေမယ်လို့ စောစေးဝါးက ပြောပါတယ်။

"ဒီတော်လှန်ရေးမပြီးမချင်း ကျွန်တော် ဒီတော်လှန်ရေးထဲက မထွက်ဖို့လို့တော့ စိတ်ကူးရှိတယ်၊ ကျွန်တော်တို့မိဘပြည်သူတွေ၊ ပြည်သူလူထုအနေနဲ့ ဘယ်တော့မှစိတ်ဓာတ်မကျဖို့ အားပေးစကားပြောချင်တယ် ကျွန်တော်တို့လိုချင်တဲ့ဒီမိုကရေစီကို ကျွန်တော်တို့ရတော့မယ် အဲ့အတွက်အားမလျှော့ကြပါနဲ့ လက်မလျှော့ကြပါနဲ့ အားတင်းထားကြပါ"

လက်ရှိ စစ်ကောင်စီတပ်တွေကို တိုက်ပွဲဝင်နေတဲ့ တပ်ဖွဲ့ဝင်တွေအားလုံးအနေနဲ့လည်း စစ်အာဏာသိမ်းစစ်ကောင်စီ သတ်ဖြတ်လို့ သေဆုံးခဲ့ရသူတွေကို အမှတ်ရပြီး တော်လှန်ရေးအပေါ် သစ္စာရှိရှိ ဆက်လက်ပါဝင်ကြဖို့ သူက တိုက်တွန်းပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။