ပုဂံက နံရံပန်းချီတွေ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရ

ဇာဏီထွဏ်း
2020.01.01

ခေတ်အဆက်ဆက် နံရံထုံးသုတ်လှူဒါန်းမှုတွေကြောင့် ပျောက်ကွယ်ပျက်စီးခဲ့ရတဲ့ ကမ္ဘာကျော် ရှေးဟောင်း ပုဂံဒေသရဲ့ နံရံပန်းချီတွေဟာ ယနေ့ခေတ်မှာလည်း အန္တရာယ်အသစ်နဲ့ ရင်ဆိုင်နေရပါတယ်။ အဲဒါကတော့ correction pen လို့ ခေါ်ကြတဲ့ မင်ဖျက်ဆေးအဖြူရောင် သုံးပြီး ရှေးဟောင်းနံရံပန်းချီပေါ် ရေးသားလာကြခြင်းပဲ ဖြစ်ပါတယ်။

ပုဂံရောက်တဲ့ အမှတ်တရဆိုပြီး  အပျော်သဘောရေးခဲ့ကြတဲ့စာတွေကို ပုဂံဘုရားတော်တော်များများမှာ အလွယ် တကူတွေ့နိုင်ပါတယ်။ ရှေးဟောင်းအမွေအနှစ်ကို တန်ဖိုးထားရကောင်းမှန်းမသိတဲ့သူတွေရဲ့ ဒီလိုအပြုအမူတွေ က  ပုဂံကိုတနည်းတဖုံနဲ့ ဖျက်စီးနေတာပါ။  ဒီလုပ်ရပ်တွေကို ဘယ်လိုတားဆီးမလဲဆိုတာက ပုဂံကိုထိမ်းသိမ်းချင် သူတွေအတွက် စိန်ခေါ်ချက်တရပ်ပါပဲ။ ပုဂံမှာ စေတီပုထိုးပေါင်း ၃ ထောင်ကျော်ထဲမှာ နံရံပန်းချီရှိတဲ့ ဘုရားပေါင်း ၄၈၅ ဆူရှိပါတယ်။

ရှေးဟောင်းယဉ်ကျေးမှုထိန်းသိမ်းရေးပညာရှင် ဒေါ်ဥမ္မာမျိုးက ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းရမယ်ဆိုတဲ့အသိပညာတွေကို ကျောင်းသင်ခန်းစာတွေမှာပါ ထည့်သွင်းသင့်တယ်လို့ ပြောပါတယ်။

လာရောက်လည်ပတ်သူတချို့က ပုဂံကိုရောက်တဲ့အခါ သူတို့အတွက် အမှတ်တရအဖြစ်  ရေးသားချန်ထားခဲ့ တာတွေပါ။ နီးစပ်ရာ သံချွန်၊မြေဖြူ၊ မီးသွေးခဲစတာတွေနဲ့ ရေးကြတာရှိသလို မင်ဖျက်ဆေးတွေ၊ ဆော့ပင်တွေနဲ့ လည်း ရေးကြတာတွေရှိပါတယ်။ သူတို့ကတော့ ပုဂံရှေးဟောင်းယဉ်ကျေးမှုလက်ရာတွေကို ပျက်စီးလိုတဲ့ ရည်ရွယ်ချက်ရှိချင်မှ ရှိပါလိမ့်မယ်။ ဒီလက်ရာတွေက အစားထိုးလို့မရ၊ တန်ဘိုးဖြတ်လို့မရတဲ့  လက်ရာတွေဆိုတာ သိချင်မှလည်း သိပါလိမ့်မယ်။

အဲဒီခြစ်ရာတွေကို ဖယ်လို့ရရင်တောင် နဂိုယဉ်ကျေးမှုလက်ရာတွေ လုံးဝပျက်သွားတဲ့အထိ ထိခိုက်နိုင်တယ်လို့ ရှေးဟောင်းသုတေသနပညာအသ်ငးက ကိုသူရအောင်က ပြောပါတယ်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ မြင်းကပါ၊ ဂူပြောက်ကြီး၊  အပယ်ရတနာ၊ နန္ဒပညာ၊ လောကထိပ်ပန်၊ ခေမင်ဃအစုနဲ့ သံဃရာဇာအစု  စတဲ့ဘုရားပုထိုးတွေထဲမှာ နံရံဆေးရေးပန်းချီတွေ ရှိပြီး  ၅၅၀ နိပါတ်တော် ဇာတ်လမ်းတွေ၊ မြန်မာလိုရော ပါဠိလိုရော ရေးထားတဲ့ မင်စာတွေလည်းရှိပါတယ်။ ဒါတွေဟာ အေဒီ ၁၁ ရာစု နဲ့ ၁၃ ရာစုလောက်က ရေးဆွဲခဲ့တာတွေပါ။ ဒီအနုပညာလက်ရာတွေပေါ်မှာ စာတွေ မရေးဖို့ သတိပေးကြေညာထားတာတွေ တွေ့ရပါတယ်။ ဒါပေမဲ့ စောင့်ကြပ်နေတဲ့သူတွေတော့ သိပ်မတွေ့ရပါဘူး။

မန္တလေးတိုင်းအစိုးရအဖွဲ့ဝင် သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦမျိုးသစ်က ကြေညာ ဆိုင်းဘုတ်တွေက သက်ရောက်မှုမရှိတာကို ပြောပါတယ်။

ဒါ့အပြင် ဘုရားမီးပူးဇော်ဖို့ဆိုပြီး လျှပ်စစ်မီးသွယ်တန်းတာ၊ လျှပ်စစ်မီးသွယ်တန်းဖို့ ပန်းချီနံရံတွေကို သံတွေ ၊ မီတာပုံးတွေ ရိုက်ထားတာတွေလည်း ရှိနေကြပါတယ်။  လျှပ်စစ်မီးရောင်တွေ၊ ဘုရားအထဲမှာ ခင်းထားတဲ့  ကျောက်ပြားတွေရဲ့အလင်းပြန်တာတွေကလည်း ရှေးဟောင်းယဉ်ကျေးမှု ပန်းချီတွေကို ထိခိုက်စေနိုင်တယ်လို့  ပညာရှင်တွေက  ထောက်ပြကြပါတယ်။

နှစ်ပေါင်းထောင်နဲ့ ချီကြာလာပြီဖြစ်တဲ့ ပုဂံယဉ်ကျေးမှုဒေသကို ကမ္ဘာ့ရဲ့အမွေအနှစ်တခုအဖြစ် ကုလသမဂ္ဂက ပြီးခဲ့တဲ့နှစ်ကပဲ သတ်မှတ်ခဲ့တာပါ။  ပုဂံယဉ်ကျေးမှုဇုန်ထဲမှာရောက်နေတဲ့ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊  ဂေါပကရုံးအပါအ၀င် အသစ်ဆောက်နေတဲ့ အဆောက်အဦးတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး မော်တော်ယာဉ် မောင်းနှင်မှုတွေ၊ ခရီးသွားတွေရဲ့ စည်းကမ်းမဲ့လွှင့်ပစ်ထားတဲ့ အမှိုက်တွေ၊ နံရံပန်းချီပေါ်မှာ အပျော်သဘော ရေးခြစ်ထားတဲ့ စာတွေက ပုံဂံကို ရေရှည်တည်တန့်အောင် ထိမ်းသိမ်းရေးမှာ ကြုံနေရတဲ့ အခက်အခဲတွေပဲဖြစ်ပါ တယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။