ထမင်းနပ်မမှန်တော့တဲ့ ဘိုကလေး ဒေသခံများ
2023.09.15

မြန်မာနိုင်ငံရဲ့ဆန်အိုးကြီးလို့တင်စားခံရတဲ့ ဧရာဝတီတိုင်းမှာ စစ်အာဏာသိမ်းမှုနောက်ပိုင်း စားဝတ်နေရေး အကျပ်အတည်းကြောင့် ဆန်ကွဲစားသုံးနေရသူတွေရှိလာသလို ထမင်း နပ်မမှန်သူတွေ ရှိလာနေပါတယ်။ ဒီအထဲမှာ အသက် ၇၅ နှစ်အရွယ် ဦးရီရွှေတို့ မိသားစုလည်း ပါဝင်ပါတယ်။
ဘိုကလေးမြို့နယ်၊ ရေကျော်ကြီးကျေးရွာမှာ နေထိုင်တဲ့ ဦးရီရွှေတို့ မိသားစုမှာ သားသမီး ငါးဦးရှိပြီး အလုပ်အကိုင် ရှားပါးမှု၊ ကုန်စျေးနှုန်း ကြီးမြင့်မှုတွေကြောင့် လွန်ခဲ့တဲ့ နှစ်လလောက်ကစလို့ ထမင်းနပ်မမှန်တဲ့နေ့တွေ ရှိလာတယ်လို့ ဦးရီရွှေရဲ့ ဇနီး အသက် ၆၈ နှစ်အရွယ် ဒေါ်နီက ပြောပါတယ်။
"အလုပ်အကိုင်ကမရှိဘူး။ ရှိတဲ့ဟာက အခုမျိုးနုတ်လေးဘာလေးဆိုတော့ မျိုးလေးနှစ်ရာရမှ ငါးထောင်လောက်ရတယ်ဆိုတော့ ဝယ်စားရတာ အဲမျှမကဘူး ဖြစ်နေတော့ မလုံလောက်ဘူး။ မလုံလောက်တော့ တစ်မနက်စားပြီးရင် တစ်ညနေ လွတ်သွားပြန်ရော အဲလို။ ပုံမှန်စားတဲ့ဟာတောင်မှပဲ အလျင်မမီဘူး။ ဟိုရက်ကဆိုရင် သုံးရက်လောက်ကို လုံးဝမစားရဘူး"
သူတို့မိသားစုမှာ ၂၀၀၈ နာဂစ်မုန်တိုင်းအတွင်း သားလေးယောက်နဲ့ မြေး၊ မြစ်တွေ အပါအဝင် မိသားစုဝင် အယောက် ၂၀ လောက် ဆုံးရှုံးခဲ့ကြရပါတယ်။ သူတို့ဇနီးမောင်နှံ ကတော့ ဒီရွာကလေးမှာပဲ အုန်းပင်တွေကို ဖက်တွယ်ပြီး အသက်ရှင်သန်ခဲ့ကြတာပါ။ လက်ရှိမှာတော့ အသက်အရွယ်ကြီးရင့်ပြီဖြစ်တဲ့ သူတို့ဇနီးမောင်နှံကို အတူနေ သားနဲ့ မြေးတွေက လုပ်ကျွေးနေတာပါ။
"မျိုးနုတ်လေးဘာလေးဆိုတော့ မျိုးလေးနှစ်ရာရမှ ငါးထောင်လောက်ရတယ်ဆိုတော့ ဝယ်စားရတာ အဲမျှမကဘူး ဖြစ်နေတော့ မလုံလောက်ဘူး"
ရခိုင်ပြည်နယ် မာန်အောင်မြို့ဇာတိဖြစ်တဲ့ ဦးရီရွှေဟာ ဒေါ်နီနဲ့အိမ်ထောင်ကျပြီး သားသမီး ၁၀ ယောက်ကို ဘိုကလေးမြို့နယ်မှာပဲ နှစ်ပေါင်း ၅၀ လောက် ပင်လယ်လူငှားလိုက်ပြီး ရှာကျွေးခဲ့သူပါ။ လက်ရှိမှာတော့ ပင်လယ်လူငှားလိုက်ဖို့သွားပေမယ့် ငါးဖမ်းအလုပ်ရှင်တွေ က အသက်ကြီးလာတဲ့သူ့ကို လက်မခံတော့ပါဘူး။
ဒါကြောင့် ဆန်ကြမ်းတစ်ပြည် ၄၀၀၀ ကျပ်နဲ့ ဆန်ကွဲတစ်ပြည်ကို ၃၅၀၀ ကျပ်ကို ဝယ်စားဖို့ သူတို့အတွက် အလှမ်းဝေးနေတာလို့ ဦးရီရွှေက ပြောပါတယ်။
"ရှာတဲ့ဟာက ရတာကနည်းတယ်။ စျေးနှုန်းက ကြီးတယ်။ အဲဒါကြောင့် ဘယ်လိုနည်းနဲ့ မှ ရှာလို့ဖွေလို့ မလောက်ဘူး။ တစ်ခါစားပြီးရင် ညနေစာမရှိပြန်ဘူး အဲလို။ အစားအသောက်ကို သိပ်ပြီးတော့ ပြည့်ပြည့်စုံစုံ ဗိုက်ထဲမှာ မပြည့်စုံရင် တဖြည်းဖြည်းနဲ့ အားပြတ်သွားတာ။ အဲလိုအဲလို အားပြတ်တာ။ အခုမျက်လုံးတွေကလည်း လမ်းဖြူဖြူပဲ တွေ့ရတယ်။ ဘာမှမတွေ့ရဘူး။ အခုထိုင်ကြည့်နေတယ် အမှောင်တန်းကြီး မျက်စိက။ လက်ဦးရက်က အဲလိုမဟုတ်ဘူး"
သားသမီးခြောက်ဦးရှိတဲ့ အသက် ၃၅ နှစ်အရွယ် မမိုးမိုးကတော့ ဦးရီရွှေတို့ရဲ့ အိမ်နီးချင်းပါ။ ကုန်စျေးနှုန်း ကြီးမြင့်မှုကြောင့် သူတို့ကိုယ်တိုင်လည်း ထမင်းနပ်မမှန်တာတွေရှိပေမယ့် ဦးရီရွှေတို့ မိသားစုကတော့ သူတို့ထက် ပိုဆိုးရွားတဲ့အဖြစ်ကို ကြုံနေရတာလို့ ပြောပါတယ်။
"ညီမလေးတို့ကမှ ပြောမယ်ဆိုရင် ကြိုကြားကြိုကြားမှ ခက်ခဲတာ။ သူတို့ကျတော့ ဆယ့်နှစ်ရာသီပေါ့။ မစားရတဲ့အခန်းက များပါတယ်၊ သူတို့တွေကျတော့။ ညီမလေးတို့ကမှ နပ်ကျော်တဲ့အခန်းတို့၊ တစ်ခါတလေကျရင် ရှာလို့ဖွေလို့မရလို့ မချက်ရတဲ့အခန်း၊ အဲလောက်ပဲ ရှိပါတယ်"
အသက် ၄၂ နှစ်အရွယ် မမြင့်မြင့်ခိုင်ကတော့ ဦးရီရွှေတို့ရဲ့ စတုတ္ထမြောက်သမီးဖြစ်ပြီး ကောက်စိုက်ပျိုးနုတ် အလုပ်လုပ်သူပါ။ သူ့မှာ မိသားစုဝင် ငါးဦးရှိပြီး မိသားစုငါးဦးစလုံး အလုပ်လုပ်တာတောင် ထမင်းနပ်မမှန်တဲ့ရက်တွေ ရှိနေတာကြောင့် သူ့ရဲ့မိဘတွေကို လှည့်မကြည့်နိုင်ခဲ့ဘူးလို့ မမြင့်မြင့်ခိုင်က ပြောပြပါတယ်။
"မိသားစုငါးယောက်ဆိုတော့ မနက်စာ၊ ညစာတောင် မနည်းစားနေရတာ ဒီအဘွားကြီးတွေကို လှည့်မကြည့်နိုင်ဘူး။ အဘွားကြီးတွေ နှစ်နပ်လောက်မစားရဘူး ဆိုလည်း ကိုယ်လှည့်မကြည့်နိုင်ဘူး။ ဟိုမှာအလုပ်ကလည်း အခုလိုရတဲ့အချိန်လေး ပြေးလုပ်ရတာ။ နောက်မို့ဆိုရင် ကိုယ်ကဘောက်လုပ်စားရတာဆိုတော့ ဘယ်အလုပ်မှ မရှိဘူးလေ။ အဲဒီလိုမျိုးတွေ ငုတ်တုတ်ထိုင်နေတဲ့အခါကျတော့ မချက်ရတာပေါ့။ မချက်ရတာများတယ်။ တချို့ဆို တော်တော်ငတ်တာ။ ကျွန်မတို့ဆို ဟိုရက်တွေက ကျွန်မတို့မိသားစု ငါးယောက်ရှာတာတောင် ထမင်းမချက်ရတဲ့အနပ် နှစ်နပ်၊ သုံးနပ်ရှိတယ်"
အသက် ၄၈ နှစ်အရွယ် ကိုအုန်းမြင့်ကတော့ ဦးရီရွှေရဲ့ ဒုတိယမြောက်သားပါ။ သူ့မှာ ဇနီးနဲ့ သား သုံးဦးစလုံး နာဂစ်မုန်တိုင်းနဲ့ သေဆုံးသွားတာကြောင့်ပဲ မိဘတွေကို လုပ်ကျွေးနေတာ ပါ။ သူကတော့ ပျိုးနုတ်တာနဲ့ ပင်လယ်နှမ်းစိုက်တာတွေအပြင် ကဏန်းထောင်တာ၊ နေ့စားအလုပ်ဝင်လုပ်တာစတဲ့ ကြုံရာကျပန်း အလုပ်တွေလုပ်ကိုင်သူပါ။ ဒါပေမဲ့ အလုပ်ရှင်တွေဆီက ကြိုတင်ထုတ်ယူထားတဲ့ အကြွေးတွေကို အလုပ်နဲ့ပြန်ဆပ်ရင်း ထမင်းနပ်မမှန်တာနဲ့ ကြုံလာရတော့တာလို့ ပြောပါတယ်။
"တစ်ခါတလေ ငတ်သွားတယ်ဆိုတာ လုပ်ရင်းလုပ်ရင်းနဲ့ အရှေ့ကကြိုယူထားတာတွေ ဘာတွေနဲ့ လုပ်ဆပ်၊ လုပ်ဆပ်နဲ့ အိမ်မှာ ပြန်ရှာချိန်မရဘူး။ ရှေ့ရဲ့ဥစ္စာလောက်ဆိုတစ်ခါ သူများအလုပ်တွေ လုပ်ပေးရဦးမယ်။ အဲဒီကျရင် ကိုယ့်အိမ်မှာ ရှာချိန်မရတော့ဘူး။ အဲလိုနဲ့ စားရတစ်လှည့်၊ မစားရတစ်လှည့်။ ရှာတာမှ နှစ်ယောက် အဲကောင်လေးရော၊ ကျွန်တော်ရော။ အခုကောင်လေးတောင် နေ့စားဝင်သွားလို့ ကျွန်တော်တို့ အခုစားရ၊ သောက်ရတာ။ နို့မဟုတ်ရင် ဒီမနက် ကဏာန်းမရပုံနဲ့ ငတ်တယ်"
လူပေါင်းသိန်းနဲ့ချီပြီး အသက်သေဆုံးခဲ့ရတဲ့ နာဂစ်မုန်တိုင်းသင့်ကာလကို ကြံ့ကြံ့ခံ ဖြတ်သန်းခဲ့တဲ့ ဒေါ်နီကတော့ လက်ရှိကြုံနေရတဲ့ အခြေအနေကြောင့် လူ့ဘဝကို စိတ်ကုန်လာမိတယ်လို့ ပြောပါတယ်။
"စိတ်အားတွေငယ်နေတာပေါ့။ ငယ်နေတဲ့အပြင် သေတာအေးတယ်ဆိုတာကို အမြဲဆုတောင်းနေတာ။ ဒီလိုဘဝမျိုးနဲ့တော့ မနေချင်ဘူး။ ကိုယ်လှူချင်တိုင်းလည်း မလှူရဘူး။ လှူချင်လို့လည်း မလှူရဘူး။ စားချင်လို့လည်း ကိုယ်စားချင်တာ မစားရဘူးဖြစ်နေတာ"
ထမင်းနပ်မမှန်မှုတွေကြုံနေရတဲ့ ဦးရီရွှေနဲ့ ဒေါ်နီတို့ ဇနီးမောင်နှံကတော့ တဖြည်းဖြည်းနဲ့ အင်အားတွေ ဆုတ်ယုတ်လာသလို ကျန်းမာရေးလည်းချို့တဲ့လာနေတယ်လို့ သူ့ရဲ့ အိမ်နီးချင်းတွေကပြောပါတယ်။ အသက်အရွယ် ကြီးရင့်ပြီဖြစ်တဲ့ သူတို့အတွက် ဒီနေ့အထိ ဘယ်တာဝန်ရှိသူတွေကမှ အကူအညီပေးတာ မရှိသေးပါဘူး။
သူတို့ကတော့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပြန်ကောင်းပြီး ကုန်စျေးနှုန်းတွေ ပြန်ကျဖို့ကို မျှော်လင့်ရင်း ဒီလိုခက်ခဲတဲ့ကာလတွေကို ကျော်ဖြတ်နေရဦးမှာ ဖြစ်ပါတယ်။