၅၂ နှစ်ပြည့် ကိုကိုးကျွန်းဖျက်သိမ်းရေးတိုက်ပွဲ

RFA Burmese
2023.08.15
၅၂ နှစ်ပြည့် ကိုကိုးကျွန်းဖျက်သိမ်းရေးတိုက်ပွဲ ကိုကိုးကျွန်းဖျက်သိမ်းရေး ၅၃ ရက်ကြာ အစာငတ်ခံတိုက်ပွဲတွင် ပါဝင်ခဲ့ပြီး သေဆုံးခဲ့ကြသူ ရှစ်ဦးအား တွေ့ရစဉ်။
Journalist Book Publishing

နိုင်ငံရေးအကျဉ်းသားတွေကို ကိုကိုးကျွန်းအကျဉ်းစခန်းပို့တဲ့အစီအစဉ် ဖျက်သိမ်း လိုက်ရတဲ့အထိ အောင်မြင်ခဲ့တဲ့ ကိုကိုးကျွန်းဖျက်သိမ်းရေး ၅၃ ရက်ကြာ အစာငတ်ခံ တိုက်ပွဲဟာ အခုဆို ၅၂ နှစ်ပြည့်သွားပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့က ကိုကိုးကျွန်းဖျက်သိမ်းရေးတိုက်ပွဲ အောင်မြင်ခဲ့တဲ့ (၅၂) နှစ်မြောက်နေ့ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၉၇၁ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့ကနေ ဇူလိုင် ၃၁ ရက်နေ့အထိ ၅၃ ရက်‌ကြာ အစာငတ်ခံတိုက်ခဲ့တဲ့ ဒီတိုက်ပွဲဟာ ကမ္ဘာပေါ်မှာရှိတဲ့ ထောင်တွင်းတိုက်ပွဲတွေထဲမှာ ရက်ရှည်ကြာဆုံးတိုက်ပွဲတစ်ခု ဖြစ်ခဲ့ပါတယ်။

"ဆန်ပိုးထိုး၊ ငါးပိလောက်ကိုက်တွေ၊ ရက်လွန်အသားဘူးတွေ ကျန်းမာရေးထိခိုက်တယ်၊ အဲဒီလိုကျန်းမာရေးထိခိုက်လာတဲ့အတွက် ဒီတိုက်ပွဲမတိုက်ရင် မဖြစ်တော့ဘူးလို့ ဆုံးဖြတ်ပြီး ၅၃ ရက်တိုက်ပွဲ တိုက်ခဲ့ကြတာပါ"

၅၃ ရက်ကြာ အစာငတ်ခံတိုက်ပွဲစတင်ခဲ့တဲ့ အကြောင်းရင်းကို ကိုကိုးကျွန်းပြန် ဦးဇော်လွင် ပြောသွားတာပါ။

နိုင်ငံရေးသမားမှန်သမျှ တစ်ကျွန်းပို့မယ့်စီမံကိန်းကို စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး နေဝင်းက စီစဉ်ခဲ့ပြီး ၁၉၆၉ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ နေ့က ပြည်တော်ညွန့်သင်္ဘောကြီးနဲ့ နိုင်ငံရေး အကျဉ်းသား ၂၃၃ ဦးကို ကိုကိုးကျွန်း ပို့ခဲ့တာပါ။

ဒီအထဲမှာ စာရေးဆရာ ဗန်းမော်တင်အောင်၊ စာရေးဆရာ မြသန်းတင့်တို့ အပါအဝင် ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ပတ်သက်သူတွေ၊ အလံနီကွန်မြူနစ်ပါတီနဲ့ပတ်သက်သူတွေ၊ သတင်းစာဆရာတွေနဲ့ ကျောင်းသားသမဂ္ဂတွေ ပါဝင်ခဲ့ကြပါတယ်။

အဲဒီထဲက ကျွန်းတိုက်ပွဲခေါင်းဆောင်မှုကိုတော့ လေထီး ဦးအုန်းမောင်၊ သခင် ခင်အောင်၊ ဗန်းမောင် တင်အောင် တို့က ခေါင်းဆောင်ကောင်းတွေအဖြစ် ဦးဆောင်ပါဝင်ခဲ့ကြတာလို့ ကိုကိုးကျွန်းပြန် ဦးမြစိန်က ပြောပါတယ်။

"သူ့ကိုယ်သူ ဗကပ ပါတီဝင်ဖြစ်တယ်လို့တော့ မပြောဘူး၊ ဝန်ခံပြောဆိုခဲ့တာလည်း မရှိဘူး၊ ကွန်မြူနစ်ပါတီရဲ့ စာပေယဉ်ကျေးမှုနယ်ပယ်မှာ သူကနံပါတ်တစ် တာဝန်ခံပဲ၊ ကျွန်းကပြန်လာပြီးတဲ့နောက် ကျွန်းပေါ်မှာလည်း သူက ခေါင်းဆောင်ကောင်း တစ်ယောက်ပဲ။ ဦးမြသန်းက ကျွန်းမှာခေါင်းဆောင်မဟုတ်ဘူး၊ နောက်လိုက်ပါတီဝင် အဆင့်ပဲရှိတယ်၊ ဗန်းမော် တင်အောင် ခေါင်းဆောင်။ ရက် ၄၀ တိုက်ပွဲမှာ ဗကပ ကချည်း ၇၅ ယောက်ပါတယ်။ အဲဒီ ၇၅ ယောက်ထဲမှာ နံပါတ်တစ် ခေါင်းဆောင်က ဗန်းမော် တင်အောင်"

ကိုကိုးကျွန်းကို Google Map တွင် တွေ့ရစဉ်။ (Photo: Google Map)
ကိုကိုးကျွန်းကို Google Map တွင် တွေ့ရစဉ်။ (Photo: Google Map)

ဒီတိုက်ပွဲ အောင်မြင်ခဲ့တာဟာ ခေါင်းဆောင်တွေကောင်းပြီး နောက်လိုက်တွေ ညီညွတ်တာကြောင့်လို့ တိုက်ပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့သူတွေက ပြောပါတယ်။

"အဲဒီခေါင်းဆောင်ကောင်းတွေက ဦးဆောင်တဲ့အခါကျတော့ နောက်လိုက်ကောင်းတွေ ကလည်း ယုံယုံကြည်ကြည်နဲ့ နောက်လိုက်တယ်၊ ဆိုလိုချင်တာက ၅၃ ရက်တိုက်ပွဲ အောင်မြင်သွားတာ ခေါင်းဆောင်ကောင်းလို့ နောက်လိုက်ကောင်းတယ်။ ခေါင်းဆောင်နဲ့ နောက်လိုက် ညီညွတ်လို့ ဒီတိုက်ပွဲက အောင်မြင်သွားတာ။ အရင်းအနှီးတော့ ပေးရတယ်၊ အရင်းအနှီး မပေးလို့မရဘူး၊ ဒီလိုပဲ ဖိနှိပ်နေမှာပဲ။ တကယ်လို့သာ ဦးလေးတို့ အဲဒီတိုက်ပွဲက အနိုင်တိုက်လိုက်လို့ ဒီလိုပြန်လာရတာ။ အနိုင်မတိုက်နိုင်ဘဲနဲ့ သူတို့ပေးသမျှယူ၊ ကျွေးသမျှစား၊ ခေါင်းညိတ်ခံ၊ ဒူးထောက် အညံ့ခံနေမယ်ဆိုရင် အဲဒီဆောက်ထားတဲ့ ဘားတိုက် ၃၆ လုံးက နိုင်ငံရေးသမားတွေ ပြည့်လာမှာ"

ကိုကိုးကျွန်းပြန် ဦးတင်ဝင်း ပြောသွားတာပါ။

"အနိုင်မတိုက်နိုင်ဘဲနဲ့ သူတို့ပေးသမျှယူ၊ ကျွေးသမျှစား၊ ခေါင်းညိတ်ခံ၊ ဒူးထောက် အညံ့ခံနေမယ်ဆိုရင် အဲဒီဆောက်ထားတဲ့ ဘားတိုက် ၃၆ လုံးက နိုင်ငံရေးသမားတွေ ပြည့်လာမှာ"

အဲဒီ ၅၃ ရက်ကြာ အစာငတ်ခံတိုက်ပွဲမှာ ရဲဘော် သိန်းကြည်၊ ရဲဘော် အုံးမော်၊ ရဲဘော် ချစ်ဆွေ၊ ရဲဘော် စိန်ချင်း၊ ရဲဘော် ထွန်းမြင့်၊ ရဲဘော် မောင်မောင်စိုး၊ ရဲဘော် လေးမောင်နဲ့ ရဲဘော် ထွန်းဝင်းတို့ အသက်ပေးခဲ့ကြရပါတယ်။

ခေါင်းဆောင်ကောင်းတွေနဲ့နောက်လိုက်တွေညီညွတ်လို့ လွန်ခဲ့တဲ့ ၅၂ နှစ်က အောင်မြင်ခဲ့တဲ့ တိုက်ပွဲမှာ ရဲဘော် ရှစ်ဦး ကျဆုံးပြီးတဲ့နောက် တော်လှန်ရေးကောင်စီအစိုးရ ဗိုလ်ချုပ်ကြီး နေဝင်းဟာ ကိုကိုးကျွန်းကို ပို့ထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဆက်ပြီးမထားတော့ဘဲ ကိုကိုးကျွန်းအကျဉ်းစခန်းကို ဖျက်သိမ်းပေးခဲ့ရပါတယ်။

အဲဒီအချိန်က ဒီအောင်ပွဲရလဒ်ဟာ အကျပ်အတည်းတွေ့နေတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ အလင်းရောင် ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဗမာပြည်ကွန်မြူနစ်ပါတီက တိုက်ပွဲမှာ အသက်ပေးခဲ့ကြတဲ့ သူရဲကောင်း ရှစ်ဦးကို ဂုဏ်ပြုတဲ့အနေနဲ့ တိုက်ပွဲအောင်မြင်ခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့ကို ကိုကိုးကျွန်းပြည်သူ့သူရဲကောင်းနေ့အဖြစ် တရားဝင် သတ်မှတ်ခဲ့ပါတယ်။

အခုတော့ ကျွန်းပြန် နှစ်ရာကျော်ထဲက ဦးထက်မြက်၊ ဦးမြစိန်၊ ဦးခင်မောင်ဇော်၊ ဦးတင်ဝင်း၊ ရဲဘော် ဖိုးသံချောင်း၊ ဦးစောယုစိန်၊ ဦးဇော်လွင်နဲ့ မန်းငြိမ်းမောင် အပါအဝင် ဆယ်ဦးဝန်းကျင်သာ သက်ရှိထင်ရှား ရှိပါတော့တယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။