ကိုရိုနာဗိုင်းရပ်စ်နဲ့ အများပြည်သူစိုးရိမ်မှု
2020.03.16
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကပ်ရောဂါအဖြစ် သတ်မှတ်လိုက်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်နိုင်ရေးအတွက် လူစုလူဝေး မလုပ်ဖို့ အစိုးရက တိုက်တွန်းလိုက်ပါတယ်။
ဒီအခြေအနေအပေါ် ဒေသအသီးသီးက ပြည်သူတွေရဲ့ပြောဆိုမှုတွေကို RFA သတင်းထောက် ကိုသန့်ဇင်ဦးက တင်ပြပါလိမ့်မယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ကပ်ရောဂါအဖြစ် ကြေညာပြီးနောက် ဒီနေ့ မတ် ၁၃ ရက်နေ့မှာ သင်္ကြန်မဏ္ဍပ်ကြီးတွေလို လူစုလူဝေးနဲ့ကျင်းပတဲ့ အခမ်းအနားတွေ၊ ပွဲလမ်းသဘင်တွေကို မတ်လ ၁၃ ရက် ဒီနေ့ကနေ ဧပြီလကုန်အထိ မလုပ်ကြဖို့ အစိုးရက သတိပေးလိုက်တာ ဖြစ်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ မတ်လ ၁၃ ရက် ဒီနေ့အချိန်ထိ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်ခံရသူမရှိသေးပါဘူး။
ပြည်သူတွေကတော့ WHO နဲ့ မြန်မာအစိုးရရဲ့ အသိပေးထုတ်ပြန်ချက်တွေအပြီးမှာ စိုးရိမ်စိတ်တွေကြောင့် ရန်ကုန်မြို့က စီးတီးမတ်ကုန်တိုက်တွေမှာ ညသန်းခေါင်ကျော်ထဲအထိ ဈေးဝယ်တဲ့သူတွေနဲ့ ပြည့်ခဲ့သလို နယ်ဒေသတွေမှာလည်း စိုးရိမ်စိတ်တွေများခဲ့ရပါတယ်။