အင်အားသုံးဖယ်ရှားမှုတွေကြောင့် သောကရောက်သူများ

2022.04.01
အင်အားသုံးဖယ်ရှားမှုတွေကြောင့် သောကရောက်သူများ ရန်ကုန်တိုင်း အရှေ့ဒဂုံမြို့နယ် တိုးချဲ့ (၁) ရပ်ကွက် ထားဝယ်ချောင် အမှိုက်ပုံဘေးလမ်းတွင် နေထိုင်သည့် ဦးအုန်းကျော်တို့ မိသားစုအား ၂၀၂၂ မတ်လ ၂၈ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ရန်ကုန်တိုင်း အရှေ့ဒဂုံမြို့နယ် တိုးချဲ့ (၁) ရပ်ကွက် ထားဝယ်ချောင် အမှိုက်ပုံဘေးလမ်းမှာ နေထိုင်တဲ့ ဦးအုန်းကျော်တို့ မိသားစုဟာ သူတို့နေအိမ် ဘယ်အချိန် အင်အားသုံး ဖယ်ရှားခံ ရမလဲဆိုတာတွေးရင်း နေ့စဉ် စိုးရိမ်သောကရောက်နေပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ရန်ကုန်၊ မန္တလေး အပါအဝင် နယ်မြို့အချို့မှာ ကျူးကျော်လို့ သတ်မှတ်ခံရတဲ့ လူနေအိမ်တွေကို အင်အားသုံး ဖယ်ရှားနေတာကြောင့် နေ့ရောညပါ ပူပန်နေရတာပါ။

"တစ်အိုးတစ်အိမ် ခြံယာမြေလေး ပိုင်ဆိုင်ခွင့်ရှိရင် ကျနော်တို့ ဒီတစ်သက် သေပျော်ပါပြီ"

အသက် ၇၀ ကျော်အရွယ် ဦးအုန်းကျော်ဟာ ကြုံရာကျပန်းလုပ်ပြီး တစ်နေ့လုပ်အားခ ကျပ်ငါးထောင်နဲ့ မိသားစုဘဝကို ရပ်တည်နေရတာပါ။

"စိုးရိမ်တာပေါ့။ အဘတို့လည်း သတင်းတွေ ကြားနေရတာလေ။ တချို့ ဖေ့ဘွတ်ခ်သုံး လိုင်းသုံးနေရတာဆိုတော့ ကြားနေရတယ်။ ဘယ်နေရာမှာဖြင့် ဘယ်လိုဖျက်သွားပြီဆို စိုးရိမ်တာပေါ့။ ငါတို့ဆီ ဘယ်တော့လာမလဲ။ ငါတို့ဆီလာပြီး အဓမ္မလုပ်သွားရင် ဘယ် လိုလုပ်ကြမလဲဆိုတာ စိုးရိမ်တာပေါ့။ ကျူးကျော်ဆိုတဲ စကားရပ်ကို သုံးတာကိုပဲ အဘတို့က မနှစ်မြို့ပါဘူး။ အဘတို့က ကျူးကျော်သူတွေ မဟုတ်ပါဘူး။ အဘတို့က နိုင်ငံသားတွေပါ။ တခြားနိုင်ငံကလာတဲ့ သူတွေလည်း မဟုတ်ဘူး။ မှတ်ပုံတင်ရှိတယ်။ အဘတို့က ကျူးကျော်သူတွေ မဟုတ်ဘူး။ စည်ပင်က အဘတို့မြေတွေကို လာကျူး ကျော်ပြီး လုပ်သွားတာ"

သူဟာ ယခင်က ထားဝယ်ချောင်အမှိုက်ပုံမှာ စွန့်ပစ်ပစ္စည်းတွေ ရှာဖွေရောင်းချရင်း ဝမ်းရေး ကို ဖြေရှင်းခဲ့ပေမယ့် အခုတော့ အမှိုက်ပုံကထွက်တဲ့ အနံ့ဆိုးတွေကြောင့် ပန်းနာရင်ကျပ် ဝေဒနာဖြစ်ပြီး အဲဒီအလုပ်ကို နားထားရပါတယ်။

ဦးအုန်းကျော်ရဲ့ ဇနီး ဒေါ်အုန်းရီကလည်း ကျူးကျော်အဖြစ် နေထိုင်ရတာ စိတ်လုံခြုံမှုမရှိလို့ အပြင်မှာ အိမ်ငှားနေချင်ပေမယ့် အခုတော့ ထမင်းနပ်မှန်ရေးကိုတောင် အနိုင်နိုင် ရုန်းကန် နေရတယ်လို့ ပြောပါတယ်။

"အပြင်မှာ ဘယ်လို ငှားနေနိုင်မှာလဲ။ အပြင်မှာ တစ်လ ခြောက်သောင်း၊ ခုနစ်သောင်း။ သုံးလစာချုပ်တို့၊ လေးလစာချုပ်တို့ ဆိုတော့ ဒေါ်ကြီးတို့မှာ ဝင်ငွေမှမရှိတော့ ငှားမနေ နိုင်ဘူး။ ဒုက္ခရောက်ခံပြီး ဒီလိုပဲ နေနေရတာပေါ့။ ဒီနားမှာ နေနေရတဲ့သူတွေ အကုန် ဘယ်သူမှ ငှားမနေနိုင်ဘူး။ တစ်နေ့ကို ဝင်ငွေ တစ်သောင်းရတယ်။ အခုကုန်ဈေးနှုန်းနဲ့ ဒီမိသားစု ဘယ်တော့ပြေလည်မှာလဲ မပြေလည်ပါဘူး။ စားရရုံလောက်ပဲ။ မိသားစု များရင် ဒီတစ်သောင်း မလောက်ပါဘူး။ အခု နေပူကျဲတဲမှာ ဒီအမှိုက်ပုံကုန်းမှာ ပလုံ ကောက်လည်း အလွန်ဆုံး တစ်သောင်းပဲဆိုတော့ ကိုယ်တင်မဟုတ်ပါဘူး ကိုယ့်အနား ကလူတွေ အကုန်ဒုက္ခရောက်ကြတယ်"

ကျူးကျော်လို့ သတ်မှတ်ခံရသူတွေဟာ အစိုးရအဆက်ဆက်မှာ မျက်ကွယ်ပြုခံထားရတယ် လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်ကတော့ ဦးအုန်းကျော်တို့မိသားစုမှာ မြေ ၃ ဧက ပိုင်ဆိုင်ခဲ့ပါတယ်။ အဲဒီ အချိန်က သူတို့မြေကွက်မှာ နေထိုင်ရင်း စိုက်ပျိုးရေးအလုပ်တွေနဲ့ ပြေလည်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ် မတ်လ ၂၅ ရက်နေ့မှာတော့ ရန်ကုန်တိုင်းစည်ပင်အဖွဲ့က ဦးဆောင်ပြီး လူအင် အား လေးရာကျော်နဲ့ အိမ်တွေကို အင်အားသုံးဖယ်ရှားခဲ့တာကြောင့် လမ်းဘေးကျူးကျော် ဘဝကို ရောက်ခဲ့တာလို့ ဦးအုန်းကျော်ရဲ့ ညီဖြစ်သူ ကိုအောင်ထွန်းက ပြောပါတယ်။

"ကျနော်တို့ အသိမ်းဆည်းခံရတာတော့ ၂၀၁၂ မတ်လ ၂၅ ရက်နေ့က ဖျက်ဆီးခံရတာ ပေါ့လေ။ ဒီတာပေါ် ရောက်တာဆိုရင် ၁၀ နှစ်လောက်တော့ဖြစ်နေပြီ။ ဆုံးရှုံးပြီးတဲ့ မြေနဲ့ပတ်သက်ရင် ဆုံးရှုံးတာက ဆုံးရှုံးပြီးပြီပေါ့။ ဒါပေမဲ့ ကျနော်တို့ ပိုင်ဆိုင်လိုတဲ့ လူနေမှုစနစ်၊ တစ်အိုးတစ်အိမ် ခြံယာမြေလေး ပိုင်ဆိုင်ခွင့်ရှိရင် ကျနော်တို့ ဒီတစ်သက် သေပျော်ပါပြီ"

ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်က ရန်ကုန်မြို့မှာ အိမ်ထောင်စု တစ်သိန်းကျော်၊ လူဦးရေ လေးသိန်းခွဲကို ယာယီနေထိုင်ခွင့် စမတ်ကတ် ထုတ်ပေးခဲ့သလို ၂၀၂၀ အထွေထွေရွေး ကောက်ပွဲမှာလည်း မဲပေးခွင့်ရခဲ့ကြပါတယ်။

ဒါပေမဲ့ အာဏာသိမ်း စစ်ကောင်စီလက်ထက်မှာတော့ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်တွေမှာ ကျူးကျော်လို့သတ်မှတ်ခံရသူတွေကို အင်အားသုံးဖယ်ရှားနေတာပါ။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ အခုလို ဖယ်ရှားတာဟာ လုံခြုံ ရေးကြောင့်လို့ အကြောင်းပြပါတယ်။

"တရားဥပဒေ စိုးမိုးရေးအတွက် ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်။ တချို့ကျူးကျော် ရပ်ကွက်တွေကနေ တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်ပြီး ထိခိုက်စရာ အကြောင်း အရင်းတွေ ဖြစ်ပေါ်လာတဲ့အတွက် ဆောင်ရွက်ရခြင်းဖြစ်တယ်။ ဒုတိယအချက်က အခုချိန်မှ ဘာလို့ရှင်းလဲဆိုတော့ တစ်လုံးတည်းနဲ့ ဖြေရရင် နိုင်ငံရေးအစိုးရ မဟုတ်လို့ ရှင်းရဲတာပေါ့။ ဒါပဲ။ နိုင်ငံရေးအစိုးရဆိုရင် မရှင်းရဲဘူး။ မဲပေးပြီး တက်လာတဲ့ အစိုးရတိုင်းသည် ကျူးကျော်နဲ့ ပတ်သက်ပြီး အကုန်လက်ရှောင်တာပဲ။ အဲဒါလည်း သူတို့ အပြစ်လို့ ပြောလို့မရဘူး။ ဘာလို့ဆို သူတို့က မဲရွေးရဦးမှာကိုး။ ကျွန်တော်တို့ သည် နိုင်ငံရေးအစိုးရ မဟုတ်ဘူး။ နိုင်ငံရေးအစိုးရ မဟုတ်တဲ့အတွက်၊ တရားဥပဒေ စိုးမိုးရေးကို အလေးထားတဲ့အတွက် ကျွန်တော်တို့ ရှင်းတယ်။ ဒါပဲ"

slum-house.JPG
ရန်ကုန်တိုင်း အရှေ့ဒဂုံမြို့နယ် တိုးချဲ့ (၁) ရပ်ကွက် ထားဝယ်ချောင် အမှိုက်ပုံဘေးလမ်းတွင် နေထိုင်သည့် လူနေအိမ်များအား ၂၀၂၂ မတ်လ ၂၈ ရက်နေ့က တွေ့ရစဉ် (Photo: RFA)

စစ်ကောင်စီဘက်က ပြောဆိုချက်ကို ဦးအုန်းကျော်ကတော့ လက်မခံပါဘူး။

"ကျူးကျော်နေတဲ့ အိမ်တွေမှာ PDF တွေ ဘာညာရှိတယ်ဆိုတာ လာစစ်ကြည့်ပါ။ မရှိ ပါဘူး လုံးဝ မရှိပါဘူး။ သူတို့က ထင်မြင်ယူဆချက်တွေနဲ့ စစ်ကောင်စီက ပြောနေတဲ့ သဘောပါပဲ။ တကယ်လာစစ်ကြည့်ပါ။ အချိန်မရွေး လာစစ်လို့ရပါတယ်။ သီးသီးသန့် သန့်နဲ့ အေးအေးဆေးဆေး ကိုယ့်ဘာသာကိုယ် မဝစာ ဝအောင်လို့ လုပ်ကိုင်စားနေရ တာ။ အလုပ်မရှိ အလုပ်ရှိအောင်ရှာပြီး လုပ်ကိုင်စားနေရတဲ့ လူတွေပါ။ နိုင်ငံကို ဖျက်လို့ ဖျက်ဆီးလုပ်မယ့် တစ်ဦးတစ်ယောက်မှ မရှိကြောင်း ပြောချင်ပါတယ်"

ရန်ကုန်တိုင်း အရှေ့ဒဂုံမြို့နယ်၊ မန္တလေးတိုင်း မြစ်ငယ်မြို့၊ ပဲခူးတိုင်း တောင်ငူနဲ့ ရခိုင်ပြည် နယ် စစ်တွေမြို့တွေမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းပိုင်းကနေ မတ်လဆန်းပိုင်းအထိ အချိန် သုံးလအတွင်းမှာ ကျူးကျော်လို့စွပ်စွဲခံရတဲ့ နေအိမ် ၁၄၀၀ နီးပါး အင်အားသုံးဖယ်ရှားခံ ခဲ့ရပြီး လူဦးရေ ၅၀၀၀ နီးပါး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ နေအိမ်အဖျက်ခံခဲ့ရသူတွေက RFA ကို ပြောဆိုထားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ စစ်ကောင်စီက အခုလို အင်အားသုံး ဖယ်ရှားတာတွေဟာ နိုင်ငံတကာဥပဒေအရ တရားမဝင်သလို လူ့အခွင့်အရေး ချိုးဖောက်ရာ ရောက်တယ်လို့ ပြောဆိုထားကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။