ပဲခူးရောက် ချင်းစစ်ဘေးဒုက္ခသည်တွေ ရိက္ခာနဲ့ အလုပ်အကိုင် လိုအပ်နေ

သန့်ဇင်ဦး
2020.09.05

ပဲခူးတိုင်း၊ အင်းတကော်မြို့၊ ထီးနန်း ကုက္ကားကျေးရွာက ရောက်နေတဲ့ ရခိုင်ပြည်နယ် အမ်းမြို့နယ်က စစ်ဘေး ဒုက္ခသည် ၅၀ ခန့်ဟာ စားသောက်နေထိုင် စရာအခက်အခဲ ကြုံနေပါတယ်။

ကိုရိုနာဗိုင်းရ ပ်စ် ကူးစက်ပျံ့နှံ့မ ှု ပြင်းထန်နေချိန်ဖြစ်လို့ စစ်ဘေးဒုက္ခသည်တွေအတွက် ကာကွယ်ရေး အစီအစဉ် တွေ လိုအပ်နေသလို ကျန်းမာရေးအသိပညာပေးဖို့လည်း လိုအပ်နေပါတယ်။

ထီးနန်း ကုက္ကားရွာကို ရောက်လာတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ ရခိုင်ပြည်နယ် အမ်းမြို့နယ်ထဲက နတ်မော် အထက်ပိုင်း မင်္ဂလာဒုံရွာ၊ ဒလက်ချောင်းရွာ စတဲ့ရွာတွေကနေ တပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့ရဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာကြတဲ့ ချင်းတိုင်းရင်းသားတွေဖြစ်ပါတယ်။ ထွက်ပြေးလာခဲ့ကြတာ နှစ်လ ပြည့်သွားပါပြီ။

စစ်ဘေးရှောင်ရချိန် နေအိမ်ကနေ ဘာမှမယူလာနိုင်တဲ့အတွက် စားဝတ်နေရေးအတွက် လိုအပ်ချက်တွေများနေ တယ်လို့ မင်္ဂလာဒုံရွာကနေ ပြေးလာရသူ ဒေါ်ခင်အေးက ပြောပါတယ်။

“အိမ်သာလည်းမရှိ၊ စားဖို့သောက်ဖို့လည်းမရှိ၊ အိမ်လည်းမရှိ၊ အားလုံး မျိုးစုံလိုနေတယ်ပ၊ ဒီရေဗူးတွေ ဘာတွေလည်း သူများတွေ ပေးနေကမ်းနေတာ၊ ဘာမှကို မရှိ၊ ဟိုမှာ ရခိုင်နဲ့ စစ်တပ်နဲ့က စစ်ဖြစ်နေလို့ ကြောက်နေလို့ ပြေးလာရတာ၊ သေနတ်ကျည်ဆံကျလာတယ်၊ ဗုံးကျလာတယ်၊ အမ်းမှာတောင် မနေဝံ့။ ကြောက်နေတယ်၊ ဒီကိုရောက်အောင်ပြေးလာတယ်”

ဘယ်မှာနေနေ အလုပ်လုပ်မှစားရတာဖြစ်လို့ တိုက်ပွဲတွေဖြစ်နေတဲ့နေရာကို ပြန်သွားဖို့ထက် ရန်ကုန်မှာပဲ အခြေချဖို့ စဉ်းစားထားတယ်လို့ ဒေါ်ခင်အေးက ဆိုပါတယ်။

နောက်ထပ်စစ်ဘေးဒုက္ခသည် ဒေါ်မသင်းကလည်း လုပ်ကိုင်စားသောက်ဖို့ ခက်ခဲပြီး အလှူရှင်တွေကို အားကိုးနေရတယ်လို့ ပြောပါတယ်။

“ဟိုမှာအခြေအနေ မကောင်းဘူး။ ဒါကြောင့် လာရတယ် ဒီကို၊ ဆန်တွေဘာတွေမရှိ၊ အိမ်သာကအစ ရေကအစလိုအပ်တာ၊ ရှိတာလေး ဟိုကအလှူရှင်တွေပေးတာလေးနဲ့ စားနေတာအခုက၊ ဘာလုပ်စားရမလဲ၊ ဒီလိုပဲ အိမ်ပဲဆောက်နေရသေးတာ၊ အိမ်ဆောက်ပြီးကာမှပဲ ဘာလုပ်ရမလဲ မရှိသေး၊ ဟိုဘက်မှာဆိုရင် ဝါးတော့ခုတ်တတ်တယ်၊ ယာလုပ်တယ်၊ တောင်ယာလုပ်တယ်”

ရခိုင်ပြည်နယ်မှာရှိနေချိန်က ကိုင်းလုပ်ငန်းနဲ့ တောင်ယာလုပ်ငန်းတွေကိုသာ အဓိကထားလုပ်ခဲ့သူတွေဖြစ်လို့ လက်ရှိရန်ကုန်မှာ အလုပ်အကိုင်ရဖို့အရေးကလည်း မလွယ်ပါဘူး။

သူတို့အားလုံးဟာ ဗုဒ္ဓဘာသာကိုးကွယ်တဲ့ လောက်တူချင်းလူမျိုးတွေဖြစ်တယ်လို့ ဒုက္ခသည်တွေက ဆိုပါတယ်။

လက်ရှိနေထိုင်ဖို့ မြေနေရာနဲ့ တဲအိမ်ဆောက်ဖို့ ရန်ကုန်မြို့အခြေစိုက် ခရစ်တော်ရဲ့ အသင်းတော်က ကူညီပေးထားပါတယ်

မိုးတွင်းကာလမှာ နေစရာတွေက ဆောက်နေဆဲဖြစ်လို့ တစ်နေရာတည်းမှာပဲ စုပေါင်းနေထိုင်ကြရပါတယ်။

ခေတ္တနေထိုင်ဖို့ နေရာစရာမြေနေရာ အကူအညီပေးထားပေမယ့် အခြားလိုအပ်တာတွေရှိနေတယ်လို့ ခရစ်တော်ရဲ့ အသင်းတော်အဖွဲ့ဝင် ဦးကျော်က ပြောပါတယ်။

“အခုလောလောဆယ်ကတော့ သူတို့အတွက် စားဝတ်နေရေးအတွက်ပဲပေါ့၊ စားဖို့သောက်ဖို့အတွက် အခက်အခဲရှိတယ်၊ နေဖို့ထိုင်ဖို့ အခက်အခဲကကျတော့ ကျွန်တော်တို့က နေရာထိုင်ခင်းပဲ ပေးနိုင်တာပေါ့၊ အဆောက်အအုံကျတော့ ကျွန်တော်တို့က အကူအညီမပေးနိုင်သေးဘူး၊ ကျွန်တော်တို့အသင်းတော်က နေပြီးတော့ နေရာထိုင်ခင်းခေတ္တခဏ ကူညီထားတဲ့သဘောပေါ့”

အခု နေထိုင်ဖို့ အကူအညီပေးထားတဲ့နေရာဟာ ခရစ်တော်ရဲ့အသင်းတော်အဖွဲ့ဝင် ဦးသောင်းစိန် ပိုင်ဆိုင်တဲ့ ခြံဖြစ်တယ်လို့ ဦးကျော်က ဆိုပါတယ်။

အဲဒီနေရာဟာ အရင်က ရွာအဟောင်းရှိခဲ့ဖူးတဲ့အတွက် သောက်သုံးရေတွင်း အဆင့်သင့်ရှိတဲ့အပြင် ရွာအနီးမှာ ချောင်းရှိတဲ့အတွက် သုံးရေအတွက်လည်း အဆင်ပြေတယ်လို့ ဦးကျော်က ဆိုပါတယ်။

RFA က စက်တင်ဘာလ ၁ ရက်နေ့ အဲ့ဒီနေရာကိုရောက်ရှိချိန်အထိ နေထိုင်ဖို့တဲအိမ်တွေ ဆောက်လုပ်နေဆဲဖြစ်ပြီး မိုးရွာချိန်မှာတော့ တစ်ခုတည်းသော တဲမှာပဲ စုပြီးခိုလှုံနေကြရပါတယ်။

ရခိုင်ဘက်မှာဖြစ်နေတဲ့ တိုက်ပွဲတွေ မအေးချမ်းသရွေ့ ရန်ကုန်မှာပဲ နေချင်တယ်လို့ ဦးကျော်ကျော်ရွှေက ဆိုပါတယ်။

“အခုလောလောဆယ် လိုအပ်တာက ကျွန်တော်တို့မှာ အိမ်ယာပေါ့၊ လောလောဆယ် ကျွန်တော်တို့ဘက်မှာ ဖြစ်နေတဲ့အတွက်ကြောင့် နေဖို့အတွက် လေးနှစ်ပဲဖြစ်ဖြစ် ငါးနှစ်ပဲဖြစ်ဖြစ် တိုင်းပြည်မအေးချမ်းသေးသရွေ့ နေချင်တယ်၊ အဲ့ဒါ တစ်ခုရယ် စားဝတ်နေရေးတစ်ခုရယ်ပေါ့၊ နောက်ပြီးတော့ ကိုယ့်အိမ်နဲ့ကိုယ်ယာနဲ့ နေပြီဆိုရင် ကျွန်တော်တို့က အလုပ်ကလေး ဘာလေးလိုချင်တယ်

စစ်ဘေးဒုက္ခသည်တွေအတွက် ဆန်၊ ဆီ၊ ဆား စတဲ့ အခြေခံရိက္ခာဟာ သုံးလေးရက်စာလောက်ပဲ ကျန်တော့တယ်လို့ RFA ကို ပြောပါတယ်။

ဒီအထဲမှာ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးငယ်တွေအပြင် အလယ်တန်းအထိ ကျောင်းတက်ရမယ့် ကျောင်းသား၊ ကျောင်းသူတွေလည်း ပါဝင်ပါတယ်။

အမ်းကနေထွက်ပြေးပြီး နေပြည်တော်မှာကျောင်းတက်နိုင်ဖို့ သီလရှင်ဝတ်ခဲ့တဲ့ မအေးအေးသိန်းက ကျောင်းမတက်ရတော့အတွက် သီလရှင်ကထွက်ပြီး အခု ဒုက္ခသည်ဆွေမျိုးတွေဆီကို ရောက်နေပါတယ်။

"နေပြည်တော်ကို သီလရှင်ဝတ်သွားတာ ကျောင်းတက်ဖို့ပါ ဓမ္မဂုဏ်ရည်ကျောင်းမှာ၊ အဲမှာ ကျောင်းမတက်ရ လို့ ဒီကိုပြန်ရောက်လာတာ၊ (အခုဒီမှာ ကိုရိုနာဗိုင်းရပ်စ်ပြန့်နေတာကိုသိလား) သိပါတယ်၊ (ဒီမှာရှိတဲ့သူတွေ တစ်ယောက်မှလည်း Mask(နှာခေါင်းစည်း) မတပ်ကြဘူး ဘာလို့မတပ်ကြတာလဲ) Mask မရှိလို့"

မအေးအေးသိန်းအပါအဝင် အလယ်တန်းကျောင်းတက်ရမယ့် မိန်းကလေး ငါးယောက်လောက်ကတော့ မိဘတွေ အမ်းမှာကျန်ခဲ့တဲ့အတွက် အဆင်ပြေရင် နေရပ်ရင်းကို ပြန်ချင်ကြတယ်လို့ ဆိုပါတယ်။

အယောက်ငါးဆယ်လောက်စုနေရတဲ့ အဲ့ဒီနေရာမှာ ကိုရိုနာဗိုင်းရပ်စ်ကူူးစက်မှု ကာကွယ်ဖို့ လက်သန့်ဆေး၊ နှာခေါင်းစည်းတွေ မရှိတဲ့အတွက် တစ်ယောက်မှ နှာခေါင်းစည်းမတပ်နိုင်ကြတာကို RFA ကိုတွေ့ရပါတယ်။

ဒါကြောင့် ကပ်ဘေးကာလမှာ သူတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှု စီစဉ်ပေးဖို့ လိုအပ်နေတာပါ။

ဒလက်ချောင်းရွာကနေ ထွက်ပြေးလာရတဲ့ ဦးဇော်ကတော့ ဘာလုပ်စားရမလဲ စဉ်းစားမရဖြစ်နေတယ်လို့ ပြောပါတယ်။

“ဘာလုပ်ရမလဲစဉ်းစားတာ အလုပ်ကမရှိလို့ စဉ်းစားမရဘူး။ အကြံကအိုက်သွားပြီ၊ လုပ်စရာက ဘာမှမရှိဘူး။ ရောဂါတွေကြောင့် မြို့ထဲကိုလည်း မဝင်ရ၊ ဒါကြောင့် အလှူရှင်တွေရှိရင်တော စားရမယ်၊ မရှိရင်တော့ ဘာစားရမလဲမသိဘူး၊ ကိုယ့်မှာ ပိုက်ဆံလည်း မပါဘူး”

စစ်ဘေးဒုက္ခသည်တွေရဲ့ စားဝတ်နေရေးဟာ အလှူရှင်တွေအပေါ်မှာမူတည်နေတယ်လို့ ဦးဇော်က ဆိုပါတယ်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတွေထဲက ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းကို ပဲခူးရောက် စစ်ဘေးဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး RFA က စက်တင်ဘာလ ၃ ရက်နေ့မှာ မေးမြန်းခဲ့ရာမှာတော့ သေချာမသိသေးကြောင်းသာ ပြန်လည်ဖြေဆိုပါတယ်။

ရန်ကုန်မြို့အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အတော်များများမှာ ကိုရိုနာဗိုင်းရစ်ကူးစက်မှု အရှိန်တက်နေ ချိန်ဖြစ်လို့ ကျောင်းတွေလည်း ပိတ်ထားရပြီး ရန်ကုန်-ပဲခူးနယ်စပ်ကို ရောက်လာတဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့ အလုပ်အကိုင်ရရှိရေးကလည်း မသေချာပါဘူး။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ဒီဇင်ဘာလက တပ်မတော် နဲ့ ရက္ခိုင့်တပ်တော် AA တို့ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြားမှာ နေရပ်စွန့်ခွာထွက်ပြေးရတဲ့ အရပ်သား ၁၉၀၀၀၀ ကျော်ရှိတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC က ဇူလိုင်လ ၇ ရက်နေ့ က ထုတ်ပြန်ထား ပါတယ်။

အစိုးရအဖွဲ့ရဲ့စာရင်းတွေမှာတော့ ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA အကြား တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၆ ရက်နေ့အထိ ၇၈၀၀၀ ခန့် ရှိတယ်လို့ ဖော်ပြထားပါတယ်။

RFA က ကောက်ယူရရှိထားတဲ့အချက်အလက်တွေအရ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလကနေ မနေ့က ၂၀၂၀ သြဂုတ်လ ၃၁ ရက်နေ့အထိ အရပ်သား သေဆုံးသူပေါင်း ၂၈၃ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူပေါင်းက ၆၂၀ ဦးအထိ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။