စစ်ကောင်စီလက်ထက် ပိုမိုကြီးထွားလာတဲ့ မူးယစ်ဆေးဝါးပြဿနာ

မိယဉ်စနိုင်း
2022.03.15

စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ရှမ်းပြည်မြောက်ပိုင်းဒေသမှာ မူးယစ်ဆေးဝါးသုံးစွဲသူ အရင်ထက် ပိုများလာပြီး အများသူငါ သွားလာလှုပ်ရှားတဲ့ နေရာတွေမှာပါ ထင်ထင်ပေါ်ပေါ် သုံးစွဲနေကြတာ တွေ့ရပါတယ်။။

ရှမ်းပြည်မြောက်ပိုင်းမှာ မူးယစ်ဆေးဝါးပြဿနာကို အများဆုံး ရင်ဆိုင်နေရတာကတော့ လားရှိုး၊ ကွတ်ခိုင်၊ မူဆယ်၊ ကျောက်မဲ၊ နမ့်ခမ်း… စတဲ့မြို့နယ်တွေ ဖြစ်ပါတယ်။ ပြည်သူတွေ နိစ္စဓူဝ သွားလာလှုပ်ရှား၊ ရောင်းဝယ်ဖောက်ကားနေတဲ့ စျေးတွေဟာ အခုချိန်မှာ မူးယစ်ဆေးဝါး သုံးစွဲသူတွေရဲ့စုရပ် ဖြစ်လာနေပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲသူတွေ များလာရတဲ့ အကြောင်းရင်းကို ဒေသခံတစ်ဦးက အခုလို ရှင်းပြပါတယ်။

"အာဏာသိမ်းတဲ့နောက် များလာတယ်လို့တော့ တွေ့မြင်ရတယ်။ ဘာကြောင့်များလာသလဲ ဆိုရင် တကယ်ဆို ဒီလူတွေက နဂိုကတည်းက ရှိနေပြီးသား၊ သူ့နေရာနဲ့သူ ရှိတယ်။ အာဏာသိမ်းတဲ့နောက်ပိုင်း မူးယစ်ဆေးဝါးသောက်သုံးတဲ့သူ ထိန်းကျောင်းဖို့၊ လမ်းညွှန်ဖို့၊ ပံ့ပိုးမယ့်သူမရှိတော့ စုလို့ရတဲ့နေရာ ဒီလိုပဲ စုဝေးပြီး သောက်သုံးတယ်လို့ ယူဆတယ်။ သောက်သုံးတဲ့သူက နဂိုကတည်းက များပြီးသား၊ ဒါပေမယ့် ပြန်ပေါ်လာကြတာပေါ့။ ခုနက ပြောသလိုပေါ့ အာဏာသိမ်းတဲ့နောက်ပိုင်း ကိုဗစ်ရောဂါ ပြန်စလာတဲ့အချိန်မှာ ဥပမာ သူတို့စုရပ်က ဈေးမှာဖြစ်လာတယ်။ ဘာဖြစ်လို့ ဈေးမှာဖြစ်လာလဲဆိုရင် ဥပမာ တစ်ချို့က ကုန်နည်းနည်းထမ်းပြီး ပိုက်ဆံရတယ်၊ အဲ့ဒီလိုနဲ့ တစ်ယောက်ပြီးတစ်ယောက် ချိတ်ဆက်နဲ့ ဈေးမှာစုပုံလာတယ်"

ရှမ်းပြည်မြောက်ပိုင်းက မူးယစ်ဆေးဝါး သုံးစွဲသူတွေထဲမှာ အသက်မပြည့်သေးတဲ့ ၁၂ နှစ်အရွယ် ကလေးငယ်တွေကအစ၊ အသက် ၅၀၊ ၆၀ ဝန်းကျင်အရွယ်တွေအထိ သုံးစွဲလာကြတာလို့ သိရပါတယ်။ မူးယစ်ဆေးဝါး သုံးစွဲသူတွေထဲမှာ အမျိုးသမီးတွေလည်း များလာပြီး မိသားစုလိုက် သုံးစွဲနေကြတာတွေလည်း တွေ့ရပါတယ်။

ကမ္ဘာမှာ အာဖဂန်နစ္စတန်ပြီးရင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးဖြစ်တဲ့ မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးသုံးစွဲသူ လျော့ကျရေးအတွက် အဖွဲ့အစည်းပေါင်းစုံက ကြိုးပမ်းနေချိန်၊ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်မှာ ဒီအခြေအနေတွေအားလုံး ပျက်စီးသွားခဲ့တာပါ။

လက်ရှိအနေအထားဟာ စစ်ကောင်စီက မူးယစ်ဆေးဝါး သုံးစွဲမှုတွေကို တရားဝင် ခွင့်ပြုပေးထားတဲ့ ပုံစံ ရောက်နေတယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ် (TNLA) က အရာရှိတစ်ဦးက ပြောပါတယ်။

"အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ သူတို့ အရင်ကထက် လှုပ်ရှားရတာ ပိုလွယ်လာတယ်၊ မူးယစ်ဆေးဝါး ရောင်းဝယ်တဲ့သူတွေရော၊ ပြီးရင် စကစ ရဲ့ နောက်ခံ Background ပေးမှုကြောင့်လို့ မြင်ပါတယ်။ ဘာလို့လဲဆိုတော့ မူး.ယစ်ဆေးဝါးရောင်းဝယ်တဲ့ နေရာတိုင်းမှာ စကစ စစ်တပ်နဲ့ အာဏာပိုင်နဲ့ နီးစပ်ရာနေရာတွေမှာ ပိုများလို့ လေ၊ မူးယစ်ဆေးဝါးသုံးစွဲမှု လျော့ကျလာရေးအတွက် ကျွန်တော်တို့ မြင်တာကတော့ အဖွဲ့အစည်းတိုင်းမှာ တာဝန်ရှိတယ်လို့ မြင်တယ်။ ကျွန်တော်တို့ TNLA ရယ် တခြား မဟာမိတ်အဖွဲ့တွေရယ်၊ သူတို့က ဒီမူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေတာပဲ နှစ်တိုင်းလိုလို လုပ်ဆောင်တယ်။ စခက ဘက်နဲ့ အခြား ဆက်စပ်နေတဲ့ အဖွဲ့အစည်းတွေရဲ့အနီးအနားမှာ ရှိတဲ့ဟာတွေကတော့ မူးယစ်ဆေးဝါး ပိုရောင်းဝယ်လာတာ တွေ့တယ်၊ စားသုံးလာတာ တွေ့တယ်။ သူတို့မှာရော တာဝန်ရှိတယ်လို့ ပြောချင်ပါတယ်"

မူးယစ်ဆေးဝါးကို စျေးပေါပေါနဲ့ ရရှိနေတာ၊ အလွယ်တကူ ရောင်းဝယ်ဖောက်ကားနေတာတွေဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ဆေးဝါးသုံးစွဲသူ ပိုများလာစေတဲ့ အဓိကအချက် ဖြစ်နေပါတယ်။

ထိုင်းဘာသာနဲ့ ယာမလို့ခေါ်တဲ့ စိတ်ကြွဆေး (WY) ဆေးပြားတွေဟာ အရင်က ဆေးပြားတစ်ပြားကို ကျပ်လေးငါးထောင်ဈေး ရှိခဲ့ပေမယ့် လက်ရှိမှာ စိတ်ကြွဆေးပြား တစ်ပြားကို ကျပ်တစ်ထောင်ဝန်းကျင်သာ ရှိတော့ပြီး နယ်စပ်ဒေသတွေမှာဆိုရင် ဆေးပြားသုံးပြားကို ကျပ်တစ်ထောင်လောက်နဲ့တင် ဝယ်နိုင်တဲ့အခြေအနေ ရောက်နေပါပြီ။

မူးယစ်ဆေးဝါးတွေ ပိုပြီး ဖောင်းပွလာတဲ့အပြင် ရှမ်းပြည်မြောက်ပိုင်း ဒေသတစ်ခုလုံး အုပ်ချုပ်မှုစနစ် ယိုယွင်းပျက်စီးနေတဲ့အတွက် ဥပဒေကိုဆန့်ကျင်ပြီး လုပ်ဆောင်ရတဲ့ကိစ္စမှန်သမျှ ပိုမိုတွင်ကျယ်လာနေတာလို့ ကွတ်ခိုင်မြို့နယ်ဒေသခံ ရပ်မိရပ်ဖတဦးက ပြောပါတယ်။

"အဓိကကတော့ အာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ဆေးဝါး ပိုပြီးတော့ ဖောင်းပွလာသလဲ၊ ပေါ်ပေါ်ထင်ထင် သုံးစွဲသူ များပြားလာသလဲ ဆိုရင် အထူးသဖြင့်ကတော့ ဒါက မြို့နယ်တစ်ခုလုံးမှာ အုပ်ချုပ်မှုပုံစံ စနစ်ကိုက ယိုယွင်း ပျက်စီးနေတာကြောင့်ဖြစ်တယ်။ ဘာလို့လဲဆိုတော့ အာဏာသိမ်းပြီးနောက်မှာ လောင်းကစားတွေက လုံးဝ ခွင့်ပြုပေးထားတဲ့ ပုံစံမျိုး ပေါက်သွားတယ်

"ဒါကို လျှော့ချဖို့ဆိုရင် သက်ဆိုင်တဲ့သူတွေကလည်း လောင်းကစားတွေ ခွင့်မပြုပေးဖို့ တဆက်တည်းမှာပဲ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီးတော့ ကူညီနေတဲ့အဖွဲ့အစည်းတွေ လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေကို ပိတ်ပင်တာမျိုး မလုပ်ဘဲ လွတ်လွတ်လပ်လပ် ပေးလုပ်သင့်တယ်လို့ မြင်တယ်။ ဒါမှလည်း မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး အန္တရာယ်ကို လျှော့ချနိုင်မယ်လို့ထင်တယ်"

ကွတ်ခိုင်မြို့နယ်အတွင်းက ကျေးရွာအများစုမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဖြစ်တဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ ပြန်လည်ထူထောင်ရေးတွေ လုပ်ဆောင်နေတာပါ။

စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် TNLA က လုပ်ဆောင်နေတဲ့ မူးယစ်ဆေးဖြတ်စခန်းနဲ့ ပြန်လည်ထူထောင်ရေးစခန်းမှာ လက်ရှိ ၂၀၂၂ ပြည့်နှစ်အတွင်း လူဦးရေနှစ်ဆ တိုးလာနေတယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ် (TNLA) က အရာရှိတစ်ဦးက ပြောပါတယ်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို နှစ်ပေါင်းများစွာ ထဲထဲဝင်ဝင်လုပ်ဆောင်ခဲ့ပြီး လက်ရှိမှာလည်း လုပ်ဆောင်နေဆဲဖြစ်တဲ့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းရဲ့ ကျောက်မဲခရိုင် ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက အစိုးရအဆက်ဆက် မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ဆောင်ရွက်မှုအပိုင်းမှာ လည်း အားနည်းချက်တွေရှိခဲ့တယ်လို့လည်း ပြောပါတယ်။

"ဦးသန်းရွှေခေတ်၊ ဦးသိန်းစိန်ခေတ် ၊ ဒေါ်အောင်ဆန်းစုကြည်ခေတ်၊ မအလခေတ် ခေတ်အဆက်ဆက် မူးယစ်ဆေးဝါးအကန့်ကို အင်မတန်လျစ်လျူရှုတယ်။ ဘယ်အစိုးရမှ တိတိကျကျ လုပ်ပေးခဲ့တာမရှိဘူး။ မူးယစ်ဆေးဝါးသည် ကြာရင် ဒီထက်ဆိုးလာမယ်၊ ဒီလောက်လုပ်နေတဲ့ကြားက ကလေးငယ်တွေ၊ အမျိုးသမီးတွေ အများကြီး တွေ့ရှိလာတယ်

"ကျွန်တော်တို့ ဒေသအသီးသီးမှာ မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ ရောင်းဝယ်ဖောက်ကား နေတာကို မသိပါဘူးလို့ ပြောရဲတဲ့သတ္တိရှိသလား။ ရှင်းရှင်းပြောလို့ရှိရင် အရေးမယူပဲနေတာဟာ မူးယစ်ဆေးဝါးရောင်းတာ မရှိဘူး၊ မသိဘူးလို့ အကြောင်းပြချက်နဲ့နေတယ်လို့ ထင်နေကြတာ။ မဟုတ်ဘူးဗျ၊ သိတယ်။ ရဲလုပ်ငန်းကို ကျွန်တော်ကောင်းကောင်းသိတယ်၊ ရဲလုပ်ငန်းကို ကျွန်တော် နှစ်ပေါင်းများစွာ ကူခဲ့တာ၊ ယနေ့အချိန်ထိလည်း ကူနေတုန်းပဲ၊ ရဲက မသိဘူးဆိုတာ ဘာမှမရှိဘူး။ သို့သော်လည်း အရေးမယူတဲ့ အကြောင်းရင်းက ဘာလဲဆိုတာ အဂတိကင်းမကင်းဆိုတာ စဉ်းစားလိုက်တော့"

ဆေးဖြတ်စခန်းတွေကို လာရောက်သူတွေထဲက အသက်အရွယ် အပိုင်းအခြားကို ကြည့်ရင် မူးယစ်ဆေး သုံးစွဲသူတွေဟာ အသက် ၂၅ နှစ်ကနေ အသက် ၄၀ အကြား လူလတ်ပိုင်းတွေက အများဆုံးဖြစ်ပါတယ်။

မူးယစ်ဆေးဝါးထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ် စာရင်းဝင်နေတဲ့ မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးကင်းစင်ရေးကို အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ လူမှုကူညီရေးအဖွဲ့တွေနဲ့ ပြည်သူလူထုပူးပေါင်းပြီး လုပ်ဆောင်ခဲ့တဲ့ အခြေအနေဟာ စစ်အာဏာသိမ်းပြီးနောက်မှာတော့ ပြန်လည်အလှမ်းဝေးခဲ့ပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။