Clean Yangon အဖွဲ့ ပလတ်စတစ်အမှိုက်နဲ့ စာကြည့်တိုက်ဆောက်နေ
2021.01.29
ကျမတို့ရဲ့ နေ့စဉ်ဘဝတွေမှာ လွယ်လွယ်နဲ့ ဈေးပေါပေါရနေတဲ့ ပလတ်စတစ်အိတ်နဲ့ ပလတ်စတစ် ပစ္စည်းတွေဟာ ငြင်းဆန်ရခက်ခဲနေတာပါ။ လွယ်လွယ်ကူကူနဲ့ ပေါ့ပေါ့ပါးပါး သယ်ဆောင်၊ ထုပ်ပိုးလို့ ရတဲ့အပြင် သုံးစွဲရတာလည်း အဆင်ပြေနေပါတယ်။ အဆင်မပြေတာကတော့ အဲဒါတွေက မြေကြီး၊ မြောင်း၊ ချောင်းထဲ ရောက်သွားပြီး လွယ်လွယ်ကူကူ မပျက်စီးဘဲ တည်ရှိနေတာကြောင့်ပါ။ ပလတ်စတစ်တွေကြောင့် လူ၊ တိရိစ္ဆာန်၊ မြစ်ချောင်း၊ အင်း၊ အိုင်၊ ပင်လယ်သမုဒ္ဒရာ အပါအဝင် သဘာဝပတ်ဝန်းကျင် ပျက်စီး ယိုယွင်းနေတာတွေကို ရင်ဆိုင်နေရပါတယ်။
ရန်ကုန်မြို့တွင်း မြို့နယ်တချို့က နောက်ဖေးလမ်းကြားတွေ၊ မြောင်းတွေမှာ အမှိုက်တွေကို လိုက်ဆယ်ပြီး မြို့သန့်ရှင်းရေးအတွက် တဖက်တလမ်းက လုပ်ဆောင်နေတဲ့ အဖွဲ့လည်းရှိပါတယ်။ အဲဒီအဖွဲ့ကတော့ Clean Yangon ပါ။
ဒီပလတ်စတစ်တွေကို အကျိုးရှိအောင် နည်းလမ်းပေါင်းစုံရှာဖွေရင်း အုတ်အစားထိုး Eco Brick အဖြစ်သုံးပြီး Clean Yangon က စာကြည့်တိုက်တစ်ဆောင် ဆောက်နေပါတယ်။ ပေ ၂၀- ၃၀ အကျယ်အဝန်းရှိတဲ့ စာကြည့်တိုက် ဆောက်ဖို့အတွက် Eco Brick ဘူးပေါင်း ငါးထောင်လောက် အသုံးပြုမှာပါ။ Eco Brick တစ်လုံး ရဖို့အတွက် တစ်နာရီကျော်လောက် အချိန်ပေးရပြီး နှစ်လလောက်ကြာအောင် Clean Yangon က လူငယ်တွေ၊ လုပ်အားပေး လူငယ်တွေက ပလတ်စတစ်တွေကို အလေးချိန် အစိတ်သား၊ ၃၅၀ ဂရမ်ရအောင် ဝိုင်းကူညီကြတာ တွေ့ရပါတယ်။
မင်္ဂလာဒုံမြို့နယ်ကနေ ဒဂုံမြို့က သီရိဇေယျုံကျောင်းတိုက်ကို လုပ်အားပေးသူ မူလတန်းကျောင်းဆရာမ မဆွေပြည့်ပြည့်မုဏ်းက အခုလိုလုပ်အားပေးရင်း ကျောင်းတွေပြန်ဖွင့်တဲ့အခါ Eco Brick ကိုသုံးပြီး ခုံလေးတွေကို ကျောင်းသားကလေးတွေနဲ့အတူလုပ်ဖို့ စိတ်ကူးနေသူပါ။ စာကြည့်တိုက်မှာ သုံးဖို့အတွက် အသုံးပြုပြီးသား ပလတ်စတစ်အိတ်တွေ၊ ရေသန့်ဗူးတွေ၊ ကားတာယာ ဘီးအဟောင်းတွေအပြင် အိမ်မှာလုပ်ပြီးသား Eco Brick တွေကိုလည်း အလှူခံကြပါတယ်။
ကလေးနှစ်ယောက်မိခင် မအေးမြကျော်က သူ့ကလေးတွေ ဖုန်းကြည့်တာ လျှော့ချချင်တဲ့အပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိလေးတွေရအောင် သားအမိတွေ Eco Brick တွေ အတူတူလုပ်ကြတာပါ။
အာဆီယံနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက နေ့စဉ်စွန့်ပစ်အမှိုက်ထွက်တာ တတိယ အနည်းဆုံးနေရာမှာရှိပေမဲ့ ပလတ်စတစ်ပါဝင်နှုန်းကတော့ အမြင့်ဆုံးဖြစ်တယ်လို့ ၂၀၁၇ က ထုတ်ပြန်တဲ့ ကုလသမဂ္ဂပတ်ဝန်းကျင်ဆိုင်ရာ အစီအစဉ် UNEP နဲ့ Asian Institute of Technology ရဲ့ အာဆီယံနိုင်ငံများ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
၂၀၁၉ ခုနှစ်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့အစည်းတွေဖြစ်တဲ့ သန့်မြန်မာနဲ့ FFI ရဲ့ ထုတ်ပြန်တဲ့ စစ်တမ်းအရ ဧရာဝတီမြစ်ထဲကို နေ့တိုင်း တစ်ရက်ကို တန် ၁၂၀ လောက်ရှိတဲ့ ပလတ်စတစ်အမှိုက်တွေ စွန့်ပစ်နေကြောင်း ထောက်ပြထားပါတယ်။ အဲ့ဒီပလတ်စတစ်တွေကြောင့် ရေနေ ၊ ကုန်းနေ တိရစ္ဆာန်တွေ အပါဝင် လူတွေရဲ့ ကျန်းမာရေး အသက်အန္တရာယ်တွေ ထိခိုက်စေတာကြောင့် ဖြေရှင်းဖို့ နည်းလမ်းတွေကိုလည်း မျိုးစုံရှာဖွေနေကြရပါတယ်။
စွန့်ပစ်မယ့် ပလတ်စတစ်တွေကို အခုလိုပြန်သုံးလိုက်တာဟာ လူ့ကျန်းမာရေးနဲ့ တိရစ္ဆာန်တွေ အပါအဝင် ကမ္ဘာ့သက်ရှိတွေကို ကယ်တင်ရာ ရောက်တယ်လို့ မြန်မာအစိမ်းရောင်ကွန်ရက်က ဒေါ်ဒေဝီသန့်စင်က ပြောပါတယ်။