ဖောင်စီးရင်းရေငတ်နေတဲ့ ဒလမြို့နယ်က လယ်သမားများ
2023.09.13

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စျေးတက်လာတဲ့ပစ္စည်းတွေထဲမှာ လယ်ယာ လုပ်ငန်းသုံး ပစ္စည်းတွေလည်း ပါနေပါတယ်။ ဒါကြောင့် လယ်သမားတွေဟာ စိုက်ပျိုးရေး ရပ်မသွားအောင် မနည်းကျားကန် နေရတဲ့အကြောင်းတွေ မြန်မာပြည်အနှံ့မှာ ကြားနေရပါတယ်။
"နိုင်ငံတော်ကြီး ကောင်းပါစေလို့ ဆုတောင်းနေတယ်။ ဒါပဲ။ နိုင်ငံတော်ကောင်းရင် ပြည်သူတွေ အကုန်လုံးအဆင်ပြေမယ်”
အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ စိုက်ပျိုးရေးကိုအခြေခံပြီး တိုင်းပြည်ဖွံ့ဖြိုးအောင် လုပ်မယ်လို့ အစည်းအဝေးတွေမှာ ပြောလေ့ရှိပါတယ်။ လက်တွေ့မှာတော့ လယ်သမား တွေဟာ သူ့လယ်သူ ထွန်ယက်ဖို့ အနိုင်နိုင်ဖြစ်နေသလို ထမင်းပါ လျှော့ချက်နေရပြီလို့ ပြောကြပါတယ်။
“တိုင်းပြည်ရဲ့ အခြေအနေလည်းပါတယ်။ ဘာကြောင့်လဲဆိုတော့ အဖေက လုပ်သွားတယ် ဒီလယ်ကို ၄၄ ဧက၊ အဖေ သေသာသွားတယ် မလျော့သွားဘူး။ ငါတို့ မိဘအမွေကို မထိန်းသိမ်းနိုင်ဘူးကွ သိလား။ အဲဒါလည်း ဘာလဲ အဲဒါနိုင်ငံတော်ပဲကွ။ ခုန ငါပြောတယ်လေ ဟိုတုန်းက ငါ့လုပ်စာ လေးရာ၊ အခု ငါးသိန်းနဲ့ မလဲနိုင်ဘူးလို့”
ဒါကတော့ ဒလမြို့နယ်က အသက် ၆၄ နှစ်အရွယ် လယ်သမားကြီး ဦးကြည်လေး ပြောပြတာပါ။ အရင်က သူ့မိဘတွေလက်ထက်မှာ လယ်မြေတွေကို ထိန်းသိမ်းနိုင်ခဲ့ပေမယ့် သူ့လက်ထက်မှာတော့ တက်လာတဲ့ ကုန်စျေးနှုန်းနဲ့ စားဝတ်နေရေးအခက်အခဲကြောင့် မထိန်းသိမ်းနိုင်တော့ဘဲ ရောင်းလိုက်ရတယ်လို့ ပြောပါတယ်။
ကောက်စိုက်၊ ပျိုးနုတ်လုပ်ကြတဲ့ ကောက်စိုက်သမတွေမှာလည်း ဒီနှစ်တော့ လုပ်အားခမြင့်တက် လာပေမယ့် အရင်ကတည်းကတက်နေတဲ့ အထွေထွေ စားသောက်ကုန် ဈေးနှုန်းကြောင့် နွေစပါး ရိတ်ခကို ကြိုထုတ်ပြီး မိသားစု စားဝတ်နေရေးဖြေရှင်းရတယ်လို့ အသက် ၄၀ အရွယ် ကောက်စိုက်သမ မသီတာက ပြောပါတယ်။
“မိသားစု သုံးယောက်လုပ်တယ်ဆိုရင် တစ်သောင်းနဲ့ လေးငါးရှစ်ထောင်ပဲရတယ်။ အဲဒါလည်း ဒီကောက်စိုက်တဲ့ ရက်ထဲမို့လို့ရတာ။ နောက်ရက်တွေကျ အဲဒီလိုဝင်ငွေ မရှိတော့ဘူး။ မရှိတော့ ဘေးဘောက် လုပ်ငန်း လုပ်ဖို့ဆိုတာလည်း အလုပ်ကမရှိဘူး။ အဲတော့ စားဝတ်နေရေးတွေ ကျပ်တည်းပြီးတော့ ဒုက္ခ သုက္ခတွေ ရောက်ကြတယ်။ အဲလို သွက်ချာပါတော လည်နေကြတယ်ဆိုတာ အခုကောက်စိုက်ပြီးတယ်။ ကောက်စိုက်ပြီးတော့ အလုပ်မရှိတော့ နွေစပါး ရိတ်ခကို ယူစားရတယ်။ စပါးရိတ်ခက အခုယူရင် တစ်ဧက သုံးသောင်းခွဲ။ နွေကျတော့ ကိုယ်က မစိုက်နိုင်လို့၊ ဧကတွေများနေ လို့ သူများကို ပြန်အငှားချရရင် တစ်ဧကကို ခြောက်သောင်း ခုနစ်သောင်းပေးရတယ်။ အဲဒါ နွေကဥစ္စာကို မလုပ်နိုင်တော့ နောက်မိုးတွင်းမှာ ကောက်စိုက်ခ ပျိုးနုတ်ခ ပြန်ထုတ်ပြီး ပြန်အငှားချရတယ်”
နောက်ထပ်အခက်အခဲကလည်း တစ်နေရာကနေ တစ်နေရာ သွားလာရေးပါ။ စစ်တပ် အာဏာသိမ်းပြီး တဲ့နောက်မှာ ရန်ကုန်မြို့ရဲ့ နေရာတော်တော်များများမှာ ဆိုင်ကယ်စီးခွင့် ပိတ်ပင်လိုက်တာကြောင့် ရပ်ကွက်ကျေးရွာတွေကနေ မြို့ကိုသွားပြီး တခြားအလုပ်လုပ်ဖို့ ခက်ခဲသွားကြပါတယ်။ ဒါကြောင့် ပျိုးနုတ် ကောက်စိုက်အလုပ်ကိုပဲ အဓိက အားထားရတဲ့ သူတွေအတွက် မိသားစု စားဝတ်နေရေးဟာ ပိုပြီး ခက်ခဲလာကြပါတယ်။
တစ်နေ့လုပ် တစ်နေ့စားဖြစ်နေတဲ့အခြေအနေမှာ ထမင်းတောင် လျှော့ချက်နေရတယ်လို့ အသက် ၃၀ အရွယ် ကောက်စိုက်သမ မအေးခိုင်က ပြောပါတယ်။
“ဒီနေ့လုပ်တဲ့ဟာ ဒီနေ့ပဲကုန်တဲ့ဟာကြီးကို ကုန်ဈေးနှုန်းတွေက အကုန်အစစအရာရာ ဈေးကြီးနေတယ်။ အကုန်ဝယ်စားနေရတာပဲလေ။ လမ်းပန်းဆက်သွယ်ရေးတွေကအစ အကုန်လုံးကွာသွားတာလေ အရင်တုန်းကဆို ဘယ်သွားသွား သွားလို့ လာလို့ကောင်း တယ်။ အခုက နေရာတကာ ပိတ်နေတာ ကိုဗစ်က ဖြစ်လိုက်။ သိတယ်မို့လား ကိုယ့် နိုင်ငံရေးအခြေအနေက မကောင်းဘူးလေ။ အဲတော့ ဘယ်ဟာ လုပ်လုပ် အဆင်ကို မပြေ တော့ဘူး။ ဆန်တစ်ပြည်က ငါးထောင်လေ။ ဘယ်လို စားသောက်နေထိုင်ရမှာလဲ။ မပြေတော့ဘူးပေါ့။ နှစ်ခွက်ချက်မယ့်နေရာမှာ တစ်ခွက်လောက်ပဲ ချက်တော့တာပေါ့။ သုံးခွက် ချက်မယ့်နေရာမှာ နှစ်ခွက်လောက်ပဲချက်ကြတာပေါ့။ အရင်လိုတော့ ဘယ်ပြည့်စုံတော့မလဲ”
အခုလို အတိုင်းသာဆိုရင် နောက်မျိုးဆက်လက်ထက်မှာ ပိုတောင်ဒုက္ခရောက်နိုင်လို့ နိုင်ငံတော်ကြီး ကောင်းပါစေလို့ပဲ ဆုတောင်းနေရတယ်လို့ လယ်သမားကြီး ဦးကြည်လေး က ပြောပါတယ်။
“ဘဝအတော်ဆိုးသွားပြီး ရှေ့လျှောက်ရင် သားသမီးတွေ ပိုတောင်ဒုက္ခရောက်ဦးမယ်။ ရောက်မယ်လို့ အဲလိုပဲ ပြောလို့ရတယ်ကွာ။ ငါလည်း နောက် နေရလည်း ငါးနှစ်၊ ခြောက်နှစ်ပေါ့။ ကိုယ်ကတော့ အဲဒီ နိုင်ငံတော်ကြီး ကောင်းပါစေလို့ ဆုတောင်းနေတယ်။ ဒါပဲ။ နိုင်ငံတော်ကောင်းရင် ပြည်သူတွေ အကုန်လုံးအဆင်ပြေမယ်”
မြန်မာနိုင်ငံမှာ လူဦးရေ ၅၆ သန်းရှိပြီး ၂၅ သန်းဟာ ဆင်းရဲမွဲတေမှုတွေနဲ့ နေရတဲ့သူတွေ ဖြစ်သလို၊ ၁၇.၆ သန်းကတော့ လူသားချင်းစာနာထောက်ထားမှု အကူအညီ လိုအပ်နေ တယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) က အခုလ ထုတ်ပြန်တဲ့ ၂၀၂၃ ခုနှစ်အတွင်း လူသားချင်းစာနာ ထောက်ထားမှုလိုအပ်ချက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။