ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် ဧရာ၀တီတိုင်းမှာ ဆန်ကွဲစားနေရတဲ့ လယ်လုပ်သားတွေရှိလာ

RFA Burmese
2023.09.08
ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် ဧရာ၀တီတိုင်းမှာ ဆန်ကွဲစားနေရတဲ့ လယ်လုပ်သားတွေရှိလာ ပုသိမ်မြို့ ဘုရားကြီးကုန်းကျေးရွာမှာ ကောက်စိုက်ပျိုးနုတ်နေကြသည့် လယ်သမားများအား ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့က တွေ့ရစဉ်။
RFA

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ ဘုရားကြီးကုန်းရွာက လယ်မြေထဲမှာ ပျိုးနုတ်နေသူတွေနဲ့ ကောက်စိုက်သမ နှစ်ဆယ်လောက်ဟာ တစ်နေ့ခုနစ်ထောင်ကျပ်နဲ့ နေ့စားအလုပ် ဆင်းနေကြတာပါ။

သူတို့ထဲမှာ လယ်ပိုင်ရှင်တချို့ပါသလို ငယ်စဉ်ကတည်းက ပျိုးနုတ်ကောက်စိုက်ဘဝနဲ့ အသက်မွေးနေကြသူတွေလည်း ပါတယ်။

သူတို့တွေဟာ ချက်ပြုတ်စားသောက်ဖို့ ပစ္စည်းတွေနဲ့အတူ ကန်ကြီးထောင့်မြို့နယ်၊ ဆောင်ပုံရွာကနေ အဲဒီလယ်လုပ်ငန်းခွင်ရောက်ဖို့ ၂ နာရီလောက် စက်လှေ စီးလာခဲ့ရပါတယ်။

အရင်နှစ်က တစ်နေ့ကို ငွေငါးထောင်ကျပ်သာ ရရှိရာကနေ အခုနှစ်မှာ ခုနစ်ထောင်ကျပ် တိုးရခဲ့ပေမယ့် မြင်တက်လာတဲ့ ကုန်စျေးနှုန်းနဲ့အတူ ဆန်ကြမ်းတစ်ပြည် ၃၅၀၀ ကျပ်ဝယ်စားဖို့ ခက်ခဲတာကြောင့် ဆလပ်ကြီးလို့ခေါ်တဲ့ ဆန်ကွဲကိုသာ စားနေကြရပါတယ်။

"မဖြစ်မနေစားရတော့လည်း ဒီလိုပဲပေါ့။ အဓိကတော့ အသက်ရှင်ဖို့ပဲ။"

ကောက်စိုက်သမအလုပ်နဲ့ အသက်မွေးနေရတဲ့ အသက် ငါးဆယ်အရွယ် ဒေါ်တင်မြဟာ ကုန်စျေးနှုန်း ကြီးမြင့်တာကြောင့် ဆန်ကြမ်းကိုတောင် မဝယ်စားနိုင်တော့ဘဲ ဆန်ကွဲကိုသာ စားနေရတယ်လို့ RFA ကိုပြောပါတယ်။

"တစ်နေ့ကို ခုနစ်ထောင်ပေမယ့် ပြန်ကုန်တာနဲ့မလောက်ဘူး။ ကုန်တာပေါ့သားရ။ အခုဟင်းတွေဘာတွေ ဝယ်စားတဲ့အခါ ဆန်ကလည်း တစ်ပြည်ကိုတွက်ကြည့်။ အခုအဲဒါကြောင့် ဆန်လုံးမစားနိုင်လို့ ဆန်ကွဲပဲ စားရတယ်။ ဆန်လုံးဆို တစ်ပြည်သုံးထောင့်ငါးရာလေ။ ဆန်ကွဲက နှစ်ထောင့်ငါးရာ"

မိသားစုလေးဦးရှိတဲ့ အသက် ၄၅ နှစ်အရွယ် လယ်သမား ဦးမြင့်အေးလည်း ငယ်စဉ်ကတည်းက လယ်လုပ်ငန်းကို ချစ်မြတ်နိုးတာကြောင့် ပျိုးနုတ်တဲ့အလုပ်ကိုပဲ လုပ်ကိုင်လာသူပါ။

ဒါပေမဲ့ ပျိုးနုတ်ချိန်ကုန်တဲ့အခါ အလုပ်မရှိတဲ့အခါ လယ်ပိုင်ရှင်တွေထံကနေ ကြိုတင်ငွေယူပြီး စားဝတ်နေရေး ဖြေရှင်းရတာကြောင့် စျေးသက်သာတဲ့ ဆန်ကွဲကိုသာ ဝယ်စားတယ်လို့ ဦးမြင့်အေးက ပြောပါတယ်။

"နည်းနည်းတော့ သက်သာသွားတာပေါ့ အဲ ဆလပ်တွေဝယ်စားတော့။ ဆီ၊ ဆား၊ ငရုတ် ဝယ်စားရတာပေါ့။ အဲဒီ တစ်သောင်းခွဲ နှစ်သောင်းလောက်က။ အဲလိုလေးပေါ့။ မဖြစ်မနေစားရတော့လည်း ဒီလိုပဲပေါ့။ အဓိကတော့ အသက်ရှင်ဖို့ပဲ။ ကွာတော့ ကွာခြားမှုရှိတာပေါ့။ မတင်းတိမ်ဘူး"

အဝေးကနေ လာရောက်လုပ်ကိုင်ရတဲ့ ကောက်စိုက်သမ မဇင်မာဝင်းကလည်း နေ့စားရတဲ့ ဝင်ငွေနဲ့ သားအမိနှစ်ဦး စားဝတ်နေရေး မလောက်ငှပေမယ့် လုပ်နေရတာပဲလို့ RFA ကိုပြောပါတယ်။

"တစ်နေ့ကတော့ ပုံမှန်တော့ အရင်က ငါးထောင်။ အခုကတော့ ဒီလိုမျိုးပေါက်စျေးနဲ့ အဝေးက ခေါ်တာတော့ ခြောက်ထောင်၊ ခုနစ်ထောင် အဲလိုခေါ်တယ်။ ဒါပေမဲ့ ကုန်တာနဲ့စာရင်တော့ ဘယ်ကိုက်မလည်း။ မကိုက်တော့ မကိုက်ဘူးလေ။ မကိုက်ပေမယ့်လည်း ဒီလိုပဲလုပ်နေရတာပဲ"

စားဝတ်နေရေးကြောင့် လယ်လုပ်ငန်းကို မဖြစ်မနေလုပ်ကိုင်နေရသူတွေရှိသလို ကိုယ်ကျွမ်းကျင်တဲ့ အလုပ်ဖြစ်တာကြောင့် အပိုဝင်ငွေရဖို့ ဒီနေ့အချိန်အထိ လယ်အလုပ်ပဲ လုပ်နေသူတွေလည်းရှိပါတယ်။

ကိုယ်ပိုင်လယ်ရှိပေမယ့် ဝါသနာပါပြီး ကျွမ်းကျင်တာကြောင့် ကိုယ့်လယ်ပြီးချိန် အပိုဝင်ငွေရအောင် နေ့စားအလုပ်ပါ ဆက်လုပ်နေရတယ်လို့ လယ်ပိုင်ရှင် ဦးသိန်းအောင်က RFA ကိုပြောပါတယ်။

"ကိုယ့်ဝါသနာအရလေးပေါ့။ ဒီလယ်လေးပဲ လုပ်တတ်တယ်ဆိုတော့ ဒီလယ်လေးပဲ လုပ်တာပေါ့နော်။ ဒါပေမဲ့ သိပ်အပိုအလျှံမရှိဘူးပေါ့။ လယ်သမားတစ်ဦးရဲ့ အခက်အခဲရှိရင် ကိုယ်လိုက်စိုက်ပေးတယ်ပေါ့။ အဖွဲ့လေးတွေ စုပြီးတော့။ ကိုယ်လည်း ပြန်ပြီးတော့စိုက်တယ်။ ကိုယ့်လယ်ကပြီးရင် သူများလယ်ထဲ ထွက်စိုက်တယ်။ ကိုယ်လယ်ထဲ မပြီးသေးဘူးဆိုရင် သူများလယ်ထဲ သွားစိုက်တယ်"

ပုသိမ်မြို့ ဘုရားကြီးကုန်းကျေးရွာမှာ ကောက်စိုက်ပျိုးနုတ်နေကြသည့် လယ်သမားများအား ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ပုသိမ်မြို့ ဘုရားကြီးကုန်းကျေးရွာမှာ ကောက်စိုက်ပျိုးနုတ်နေကြသည့် လယ်သမားများအား ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

လယ်လုပ်ငန်းနဲ့ နေ့စားအလုပ် အဆင်မပြေကြတာကြောင့် တချို့လည်း အခြားအလုပ်တွေကို ပြောင်းပြီး လုပ်ချင်ကြသူတွေ ရှိပါတယ်။

ဒါပေမဲ့ ငွေကြေးမတတ်နိုင်တာကြောင့် လယ်လုပ်ငန်းပဲ ဆက်လုပ်ဖြစ်နေတာလို့ အောက်ထားဝယ်ရွာခံ ကိုကျော်စွာဝင်းက RFA ကိုပြောပါတယ်။

"ပြောင်းဖို့ဆိုတာလည်း ကိုယ့်မှာ အင်အားမရှိဘူးလေ။ ကျွန်တော်တို့ ဒီပုသိမ်၊ ရန်ကုန်လောက်ပဲ သွားတယ်။ ဒီလောက်ပဲ ဒီပြင်နိုင်ငံကြတော့ သွားလို့မရဘူး။ လေး၊ ငါး၊ ရှစ်သိန်း ဆယ်သိန်းဆိုတော့ ကျွန်တော်တို့မှာ အင်အားမရှိဘူးလေ"

ဧရာဝတီတိုင်းက လယ်သမားအများစုဟာ ရာသီဥတုဖောက်ပြန်မှုနဲ့ ရွှေခရုအပါအဝင် သီးနှံဖျက်ပိုးမွှား အန္တရာယ်ပါ ကြုံနေရတာကြောင့် လယ်လုပ်ငန်းတွေ အရှုံးနဲ့ရင်ဆိုင်နေရတာပါ။

ဒါ့အပြင် ကုန်စျေးနှုန်းမြင့်တက်မှုနဲ့ စက်သုံးဆီစျေး ကြီးမြင့်မှုတွေကြောင့် လယ်ထဲထည့်ရမယ့် စရိတ်တွေပါ မတတ်နိုင်တော့ဘဲ လယ်ယာမြေတွေကို မလုပ်နိုင်သူများလာကြတာလို့ ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။