ကုန်စျေးနှုန်းကြီးမြင့်မှုကြောင့် ထမင်းနပ်မှန်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်နေရ
2024.12.23
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်စျေးနှုန်းကြီးမြင့်တာနဲ့ အလုပ်အကိုင် ရှားပါးလာမှုကြောင့် မိသားစု အများစုဟာ စားဝတ်နေရေး အခက်အခဲတွေနဲ့ ကြုံနေကြရပါတယ်။
"တစ်ခါတလေကျတော့ ဆန်ကွဲကိုချက်ပြီး သူ့ကိုပေးခဲ့ရတဲ့ ရက်တွေလည်းရှိခဲ့တယ်"
ရန်ကုန်မြို့မှာ စျေးရောင်းနေတဲ့ ဒေါ်စုံပေါက နေ့စဉ် ရင်းနှီးငွေအတွက် ငွေချေးနေရတာကြောင့် အတိုးတွေနဲ့နစ်ပြီး ရုန်းကန်နေရတယ်လို့ RFA ကို ပြောပါတယ်။
"ညီမတို့အနေနဲ့ ဒီလိုချေးမှပဲ လည်ပတ်လို့ ရမှာလေ၊ ကုန်စျေးနှုန်းတွေက တစ်နေ့တစ်ခြား တိုးတက်နေတဲ့ အချိန်မှာ မချေးရင်လည်း စျေးမရောင်းရတော့ ကိုယ်ငုတ်တုပ်ထိုင် ငတ်ရုံပဲ၊ ကိုယ့်သားသမီးလည်း ငတ်မယ်ပေါ့၊ အဲဒီတော့ ကိုယ့်သားသမီးတော့ အငတ်မခံဘူး၊ အတိုးနဲ့ပဲ ဒီလိုပဲ လှည့်ပတ်ပြီးတော့ ညီမတို့ဘဝမှာ လှော်ရင်းနဲ့ နစ်ပြီးတော့ လုပ်ရင်းနဲ့ငတ်နေတဲ့ ပုံစံမျိုးပဲ၊ ဒီလေးနှစ်နောက်ပိုင်းမှာ မမြင်ဘူးတဲ့အကြွေး၊ မကြားဘူးတဲ့ အတိုးဖိုးတွေနဲ့ ညီမတို့ တော်တော်ကို နစ်နေတာ"
လေးနှစ်အတွင်း ကုန်စျေးနှုန်း ငါးဆကျော်၊ ခြောက်ဆနီးပါး တက်လာတာကြောင့် အရင်လို စုံစုံလင်လင် စျေးမရောင်းနိုင်တော့သလို လက်ဖက်ရည်ဆိုင်၊ မုန့်ဆိုင်တောင် မထိုင်နိုင်တော့ဘူးလို့ ဆိုပါတယ်။
ဆက်နွှယ်သော သတင်းများ
ဒေါ်လာတန်ဖိုးကျပေမဲ့ ကုန်ဈေးနှုန်းပြန်မကျလို့ ပြည်သူတွေ အခက်ကြုံ
လုပ်ခတိုးပေမဲ့ မြင့်တက်နေတဲ့ ကုန်စျေးနှုန်းကြောင့် အလုပ်သမားတွေ ကျပ်တည်းနေဆဲ
ခက်ခဲနေတဲ့ အထည်ချုပ်အလုပ်သမားတွေရဲ့ ဘဝ
အာဏာမသိမ်းခင်က ပေါ်ဆန်း ဆန်တစ်အိတ်ကို ကျပ်လေးသောင်းနီးပါး (၃၉၀၀၀ ကျပ်) ပဲရှိခဲ့ရာက လက်ရှိ နှစ်သိန်းကျော်ရှိနေသလို အရင်က နှစ်ထောင်ကျော်သာရှိခဲ့တဲ့ စားအုန်းဆီစျေးလည်း ခုနစ်ဆနီးပါးတက်လာပြီး အသားငါးစျေးလည်း သုံးဆလောက်တက်နေတယ်လို့ အိမ်ရှင်မတွေက ပြောပါတယ်။
နောက်ထပ် စျေးရောင်းနေသူ ဒေါ်သပြေကလည်း မလည်ပတ်တာကြောင့် ချေးငှားပြီးမှ စျေးရောင်းနေရသလို ရတဲ့ပိုက်ဆံ အကြွေးပြန်ဆပ်ဖို့ ရုန်းကန်နေရတယ်လို့ RFA ကို ပြောပါတယ်။
"သူက အတိုးပေါ်အတိုးမှတ်တယ်၊ အဲဒီအခါကျတော့ ကိုယ်က ပိုပြီးနစ်မွန်းတာပေါ့၊ တစ်ခါတလေကျတော့ ဆန်ကွဲကိုချက်ပြီး သူ့ကိုပေးခဲ့ရတဲ့ ရက်တွေလည်းရှိခဲ့တယ်၊ ကိုယ့်မိသားစု လူမမြင်ဘူးဆိုပြီးတော့ ကိုယ်ရောင်းတဲ့ ကန်စွန်းရွက်ကလေး ကြော်မယ်၊ ငါးပိလေး ကျိုမယ်၊ အဲလိုမျိုးနဲ့ ကလေးတွေကို ကျောင်းလွှတ်ခဲ့ရတဲ့ ရက်တွေအများကြီးပဲ"
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်မငြိမ်သက်မှုတွေနဲ့ စီးပွားရေးကျဆင်းမှုကြောင့် မြန်မာနိုင်ငံဟာ အာရှတိုက်မှာ အဆင်းရဲဆုံး နိုင်ငံတစ်ခုဖြစ်နေတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က ဒီနှစ်ထဲမှာပဲ ပြောထားပါတယ်။
အမည်မဖော်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလည်း လက်ရှိ နိုင်ငံရေးအခြအနေကြောင့် ပြည်သူတွေ အရင်ထက် ပိုခက်ခဲလာနေတယ်လို့ RFA ကို ပြောပါတယ်။
"နိုင်ငံရေးမှ မကောင်းတာ။ စီးပွားရေးက မဖြစ်ဘူးပေါ့၊ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ရှားပါးလာတယ်။ ရှိတဲ့အလုပ်တွေကလည်း အလုပ်မဖြစ်တော့ဘူး။ အခု လူတွေကလည်း လုပ်ရင်းလုပ်ရင်း မြုပ်လာတာ၊ လက်ရှိ တစ်နေ့တစ်နေ့ ထမင်းတစ်နပ်ရအောင် ဘယ်လိုစားရမလဲဆိုတဲ့ စဉ်းစားရတဲ့ အနေထားမျိုးရောက်နေပြီ"
ထမင်း နပ်မှန်အောင်မစားရတော့တဲ့ ပြည်သူတွေ တစ်နေ့ထက်တစ်နေ့ ပိုများလာနေတယ်လို့လည်း ဆိုပါတယ်။
အမျိုးသမီးအရေး ကူညီဆောင်ရွက်ပေးနေတဲ့ မဆုဆုကလည်း မိသားစုအချို့ဟာ စားဝတ်နေရေးအတွက် နေ့စဉ် ရုန်းကန်နေရတာကြောင့် အာဟာရချို့တဲ့မှုပါ ကြုံနေကြရတယ်လို့ RFA ကို ပြောပါတယ်။
"ရှာသမျှ ဥစ္စာသည် နောက်တစ်နေ့ စျေးပြန်ရင်းဖို့အတွက် ပြီးတော့ အတိုးနှုန်းတွေပေးဖို့ ပြန်ဆပ်ဖို့၊ သားသမီးတွေအတွက် မုန့်ဖိုးပေးဖို့အတွက် ရုန်းကန်နေရတာ၊ သူတို့ကိုယ်တိုင် တစ်နေ့လုံးစာအတွက် စားမဲ့အစာမှာ အာဟာရဖြစ်ဖို့အတွက်ကို အာရုံမစိုက်နိုင်ကြဘူး။ တစ်နေ့လုံးနေလို့ တစ်နပ်စားရင်တောင် စားတဲ့တစ်နပ်က လိုအပ်တဲ့အာဟာရ ပါမနေဘူး "
ဒါကြောင့်ပဲ တချို့မိသားစုက ကလေးငယ်တွေဟာ ကျောင်းမတက်နိုင်ကြတော့ဘဲ မုန့်ဖိုးရဖို့ ပလုံကောက်ကြ၊ လမ်းဘေးမှာ စျေးရောင်းနေကြရတာလို့ ဆိုပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က မြန်မာနိုင်ငံရဲ့ လူလေးဦးမှာ တစ်ဦးက စားနပ်ရိက္ခာ မလုံလောက်မှုကို ရင်ဆိုင်နေရတာကြောင့် လူဦးရေ ၁၃ ဒသမ ၃ သန်း အငတ်ဘေးနဲ့ ကြုံနေရတယ်လို့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၀ နေ့က ထုတ်ပြန်ထားပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ကလည်း ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကူအညီလိုအပ်သူ သန်းနှစ်ဆယ်နီးပါး ရှိလာနိုင်တယ်လို့ ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။