၁၁ နှစ်ကြာအထိ နေရပ်မပြန်နိုင်သေးတဲ့ ကချင်ဒုက္ခသည်များ

ဇွန်လ ၉ ရက် ဒီနေ့ဟာ ကချင်ပြည်နယ်မှာ မြန်မာစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) တို့အကြား တစ်ကျော့ပြန်စစ်ပွဲတွေ ဖြစ်ပွားခဲ့တာ အချိန် ၁၁ နှစ် ပြည့်ခဲ့ပါပြီ။ ၂၀၁၁ ခုနှစ် ဇွန် ၉ ရက်မှာ စတင်ခဲ့တဲ့ စစ်ပွဲကြောင့် အိုးပစ်အိမ်ပစ် ထွက်ပြေးလာရတဲ့ အရပ်သား တွေကတော့ အခုချိန်အထိ ဒုက္ခသည်စခန်းတွေမှာ ဖြစ်သလိုနေထိုင်နေရဆဲပါ။
မြန်မာ-တရုတ်နယ်စပ် ကေအိုင်အေ ထိန်းချုပ်နယ်မြေ မိုင်ဂျာယာန်မြို့မှာရှိတဲ့ ပါကထောင် စစ်ဘေးဒုက္ခသည်စခန်းကိုလည်း ကချင်တစ်ကျော့ပြန်စစ်ပွဲကပဲ မွေးထုတ်ပေးခဲ့တာပါ။
ဒီစခန်းမှာ မိုးမောက်၊ မန်စီ၊ ဗန်းမော်၊ ဝိုင်းမော်၊ ရှမ်းမြောက် စတဲ့ဒေသတွေက ရွာပေါင်း ၁၃၀ က ထွက်လာကြတဲ့ အရပ်သား ၃၀၀၀ နီးပါး ခိုလှုံနေပါတယ်။
“နေအိမ်တော့ ပြန်တော့ပြန်ချင်တယ်။ ဒါပေမဲ့ လုံခြုံမှုမရှိတော့ မပြန်ရဘူး"
ဒီဒုက္ခသည်စန်းကို ၂၀၁၄ ခုနှစ်မှာ ဝါးနဲ့ တစ်ကြိမ် ပြန်လည်ဆောက်လုပ်ခဲ့ဖူးပါတယ်။ အဲ့ဒီနောက်ပိုင်း ပြင်ဆင်တာမရှိတဲ့အတွက် ရှစ်နှစ်နီးပါးရှိလာချိန်မှာ ပါကထောင်စခန်းက အဆောက်အအုံတွေလည်း ယိုယွင်းပျက်စီးနေပြီလို့ ဒုတိယ စခန်းတာဝန်ခံဖြစ်သူ ဦးဆဘော်တူးက ပြောပါတယ်။
“အခုဒီနေအိမ်တွေက ရှစ်နှစ်ကျော်၊ ကိုးနှစ် ရှိလာပြီဆိုတော့ တိုင်တွေ အကုန်ဆွေးကုန် ပြီး မြေကြီးထဲဝင်ကုန်ပြီ။ မိုးထိထားတဲ့ ထရံတွေ၊ အခင်းတွေက အကုန်ဆွေးကုန်ပြီ။ အခုပိုပြီးအရေးကြီးနေတာကတော့ တိုင်တွေဆွေးနေပြီး မြေကြီးမှာ မစိုက်တော့တာနဲ့ အပေါ်က အမိုးအုပ်ထားတဲ့ဝါးတွေ ဆွေးကုန်လို့ သွပ်တွေကိုလည်း သံနဲ့အုပ်ထားတာ မရှိတော့ လေတိုက်လာတာနဲ့ အကုန် လွင့်ထွက်သွားဖို့ပဲရှိတယ်”
ဒီဒုက္ခသည်စခန်းမှာ အိမ်ထောင်စု ၆၁၀ ရှိပါတယ်။ အဲ့ဒီထဲက အိမ်ထောင် ၃၃၅ စုအတွက် နေအိမ်အသစ်ကို လူမှုအဖွဲ့အစည်းတွေက ဆောက်ပေးနေပါတယ်။ ကျန်တဲ့နေအိမ် ၂၇၅ အိမ်အတွက်တော့ ဘယ်သူတွေက ဘယ်ချိန်ကျမှ လုပ်ပေးမယ်ဆိုတာကို အခုထိ မသိရ သေးဘူးလို့ ဆိုပါတယ်။
ဗန်းမော်ခရိုင် မန်စီမြို့နယ် မုန်းဒိန်ပါရွာကနေ ပါကထောင်စစ်ဘေးဒုက္ခသည်စခန်းကို ရောက်ရှိနေတဲ့ ဒေါ်လဗျထုကလည်း သူနေထိုင်တဲ့ အဆောက်အအုံဟာ မိုးရွာရင် အိပ်လို့ မရတဲ့အခြေအနေ ဖြစ်နေတယ်လို့ ပြောပါတယ်။
“ညတိုင်း အိမ်အကြောင်းပဲတွေးပြီး အိပ်လို့တောင်မရဘူး။ ည လေတိုက်လာရင်၊ မိုးရွာ လာရင် မအိပ်တော့ဘူး။ ဒီညတော့ ကျမတို့အိမ် ပျက်စီးတော့မလားပေါ့ အရမ်းစိုးရိမ် တယ်။ မိုးကြီးလာပြီဆိုရင်လည် ကျမအိပ်တဲ့နေရာ ခေါင်းအုံးတည့်တည့်မှာ မိုးယိုတော့ ခေါင်းအုံးတွေ၊ စောင်တွေက အကုန်စိုပြီး မီးဖိုချောင်မှာလည်း အကုန်မိုးရေတွေပဲ။ ဧည့်ခန်းမှာလည်း အကုန်စိုတယ်။ အကြာကြီးတော့ နေလို့မရလောက်တော့ဘူး“
အခုလို နေစရာအရေးတကြီးလိုအပ်နေတဲ့အချိန်မှာ ပါကထောင် စစ်ဘေးဒုက္ခသည်စခန်း ဟာ ရိက္ခာပြတ်လပ်မှုကြုံရမယ့် အခြေအနေ ဖြစ်လာပြန်ပါတယ်။ လက်ရှိ ဆန်၊ ဆီ၊ ဆား ပုံမှန်ထောက်ပံ့နေတဲ့ အဖွဲ့အစည်းတွေကလည်း အခု ဇွန်လကုန်အထိပဲ ထောက်ပံ့ပေးနိုင် တော့မှာလို့ ဒုက္ခသည်တွေက ပြောပါတယ်။
ဇွန်လနောက်ပိုင်း ဒုက္ခသည်တွေ နေထိုင်စားသောက်မှုအတွက် ပိုပြီး ရုန်းကန်ရတော့မယ် လို့ စစ်ဘေးဒုက္ခသည် ဒေါ်လဇွမ်ခေါန်နှုးက ပြောပါတယ်။
“ခက်ခဲတာက ငွေရေးကြေးရေးပိုင်းလည်းခက်တယ်။ အခုဆန်တွေမလည်း မပေးတော့ ဘူးဆိုလာတော့ အစားအစာနဲ့ နေအိမ်ပါ ခက်လာမှာပေါ့ ။ အခုက ဆန်ထောက်ပံ့တာ လည်း ရုပ်သိမ်းမယ်ဆိုတော့ ကျမတို့ အရမ်းစိတ်ညစ်နေကြတယ်။ ကိုယ့်နေရပ်ပြန်ပြီး လုပ်စားလို့ရတဲ့သူ လုပ်စားလို့တော့ပြောတယ်။ ကျမတို့နေရပ်က စစ်ကောင်စီတပ်တွေ ထိုင်နေတဲ့နေရာ ဆိုတော့ ပြန်လို့မရဘူး။ တကယ်လို့ မထောက်ပံ့ရင်တော့ ဘယ်လိုနေ ရမလဲတောင် မသိတော့ဘူး။ ဘယ်လိုရှာစားရမလဲဆိုတာကိုလည်း မသိဘူး။ ရှာစား ဖို့လည်း ခက်ခဲနေတယ်”
ပါကထောင် စခန်းက နောက်ထပ် ဒုက္ခသည်တစ်ဦးဖြစ်တဲ့ ဒေါ်အေးခင်ကလည်း စစ်ဘေးဒုက္ခသည်တွေရဲ့ အခြေအနေဟာ စစ်အာဏာသိမ်းပြီးနောက် ပိုပြီးဆိုးဝါး လာတာလို့ ပြောပါတယ်။
“စစ်ကောင်စီအာဏာသိမ်းတဲ့နောက် ပိုဆိုးသွားတယ်။ ကျမတို့ သွားလာလို့မရတော့ဘူး။ ဆန်၊ ဆီ၊ ဆားတော့ ကူညီပေးတဲ့ သူတွေရှိလို့ စားရတယ်။ ဟင်းဖိုးတွေ၊ ကျောင်းစရိတ် တွေအတွက်တော့ ပိုပြီးခက်ခဲသွားတယ် ဒီနှစ်နှစ်အတွင်းပေါ့။ ကြံပဲ နှစ်ရက်၊ သုံးရက် သွားခုတ်တာက ကျောင်းအပ်ဖို့တောင် မလောက်ဘူး ။ တော်တော်တော့ ခက်ခဲတယ်။ အစထွက်ပြေးတဲ့အချိန် ခက်ခဲတာက ဘာမှမဟုတ်တော့ဘူး။ အခုက ပိုပြီးခက်ခဲ လာတယ်။ နေအိမ်တွေလည်း ပျက်စီးလာတော့ ၁၂ နှစ်ထိလည်း ရောက်လာတော့ စိုးရိမ်နေတယ်”
ဒုက္ခသည်တွေအတွက် အရင်ကတော့ နေ့စားအလုပ်တွေရှိပေမယ့် အခုနှစ်တော့ တရုတ် နိုင်ငံဘက်က ကြံစိုက်ခင်းတွေမှာ နေ့စားသွားလုပ်ဖို့ကလည်း တရုတ်အာဏာပိုင်တွေက လမ်းတွေ ပိတ်ထားပါတယ်။
စစ်ဘေးဒုက္ခသည်တွေကို ကူညီနေတဲ့ အဖွဲ့အစည်းတွေရဲ့ စာရင်းအရ ကချင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည်စခန်း ၁၆၀ ကျော် ရှိပြီး စစ်ဘေးဒုက္ခသည် တစ်သိန်းခွဲလောက် ရှိနေ ပါတယ်။ အဲဒီအထဲက ဒုက္ခသည် ၆၀,၀၀၀ ကျော်က ကေအိုင်အေ ထိန်းချုပ်နယ်မြေမှာ နေထိုင်ကြတာပါ။
အာဏာသိမ်းပြီးနောက် စစ်တပ်နဲ့ ကေအိုင်အေအကြား တိုက်ပွဲတွေ ပိုဖြစ်လာပြီး ကချင်ပြည်နယ် ဝိုင်းမော်၊ အင်ဂျန်ယာန်၊ မိုးမောက် စတဲ့ မြို့နယ်တွေမှာ နောက်ထပ် စစ်ဘေးဒုက္ခသည် တစ်သောင်းကျော်တိုးလာပြန်ပါတယ်။

မိုးမောက်မြို့နယ် မထန် ရွာကနေ ပါကထောင်စစ်ရှောင်စခန်းမှာ လာနေရတဲ့ ဒေါ်ခေါန် တောင်ကလည်း နေရပ်ပြန်ဖို့စဉ်းစားပေမယ့် ရွာနားမှာ မြန်မာစစ်တပ်က စစ်သားတွေ ရှိနေတာကြောင့် မလုံခြုံလို့ မပြန်ရဲဘူးလို့ ပြောပါတယ်။
“နေအိမ်တော့ ပြန်တော့ပြန်ချင်တယ်။ ဒါပေမဲ့ လုံခြုံမှုမရှိတော့ မပြန်ရဘူး။ တကယ်လို့ လုံခြုံမှုရှိရင်တော့ ပြန်သွားနေလို့ရတယ်။ ကျမတို့ ရွာပတ်ပတ်လည်မှာပဲ စစ်သားတွေ လည်းရှိထားတော့ မပြန်ရဲဘူး။ အဲဒါတွေမကဘဲ နေအိမ်ကို အပြီးပြန်ဖို့က လုပ်စားဖို့ လယ်ယာ၊ နယ်မြေတွေလည်း လိုအပ်လာမှာပေါ့။ အဲဒါတွေလည်း အခု ပြန်လုပ်လို့ အဆင်မပြေဘူး။ အတားအဆီးတွေ အများကြီးရှိတယ်။ ဘယ်ချိန်မှ ပြန်ရမလဲတော့ မသိဘူး။ ဒီကနေအိမ်တွေလည်း အကုန်ပျက်စီးနေပြီ။ အခုနေလို့မရတော့တဲ့ အခြေ အနေဆိုတော့ အခက်အခဲတော့ အများကြီးပဲ”
လွန်ခဲ့တဲ့ ၁၁ နှစ်ကတည်းက စစ်ဘေးဒုက္ခသည်ဘဝကို ရောက်ခဲ့ကြတဲ့ ပါကထောင် စခန်းက အရပ်သားတွေဟာ စစ်အာဏာသိမ်းမှုကြောင့် နေရပ်ပြန်ရေးမျှော်လင့်ချက် ပိုဝေးခဲ့ရပြန်ပါတယ်။
လက်ရှိမှာတော့ ခိုလှုံနေတဲ့ ဒုက္ခသည်စခန်း ပျက်စီးယိုယွင်းမှုနဲ့ စားနပ်ရိက္ခာ ပြတ်လပ်မှု အတွက် သူတို့အားလုံး စိုးရိမ်ကြောင့်ကြနေရပါတယ်။