မော်ချီးဒေသက မိခင်မဲ့ အမြွှာကလေးငယ်နှစ်ဦး
2020.12.11
ကလေးတစ်ယောက် လူလားမြောက်ဖို့ဆိုရင် မိခင်ဖြစ်သူရဲ့ ပြုစုစောင့်ရှောက်ထိန်းကျောင်းမှုက အများကြီး အရေးပါပါတယ်။ ကယားပြည်နယ် ဖားဆောင်းမြို့နယ်မှာတော့ ၃၂ နှစ်အရွယ် ကရင်တိုင်းရင်းသူတစ်ဦး မကြာသေးခင်က ဆုံးပါးသွားရာမှာ တစ်နှစ်ကျော်အရွယ် အမြွာမောင်နှမနဲ့ သူတို့ရဲ့ အကိုနှစ်ယောက် ကျန်ရစ်ခဲ့ပါတယ်။
ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ် ခဲမဖြူရွာမှာ နေထိုင်တဲ့ နော်အေးသိုက်ဟာ မကြာသေးခင်ကပဲ လှေကားပေါ်က ပြုတ်ကျတဲ့ ဒဏ်ရာနဲ့ ဆုံးပါးသွားခဲ့ပါတယ်။
နော်အေးသိုက် ဆုံးပါးသွားချိန်မှာ မိခင်ဖြစ်သူနဲ့ ခင်ပွန်းသည်တို့က သားသမီးတွေနဲ့အတူ ကျန်ရစ်ခဲ့ပါတယ်။ ကျန်ရစ်တဲ့ သားသမီးလေးယောက်ကတော့ အသက် ၉ နှစ်နဲ့ ၄ နှစ်အရွယ်သား နှစ်ယောက်၊ တစ်နှစ်နဲ့ လေးလအရွယ် အမြွှာမောင်နှမ နှစ်ယောက် ဖြစ်ပါတယ်။
လက်ရှိမှာ ခင်ပွန်းသည် ဦးတင်ထူးဟာ ရင်ခွင်ပိုက်ကလေး နှစ်ယောက်ကို စောင့်ရှောက်ရင်း အချိန်ကုန်နေပါတယ်။
“အခုလောလောဆယ်ကတော့ ဘယ်လိုမှ မပြောတတ်သေးဘူး။ ခက်ခဲတာတော့ ခက်ခဲတယ်။ ခက်ခဲတာဆိုတော့ ကလေးတွေ အတွက်ကတော့ မိခင်မရှိတော့ ထိန်းမယ့်သူ၊ ဆူမယ့်သူ မရှိတာ အဲဒီလောက်ပေါ့”
မိန်းကလေးက ထိုင်တတ်နေပြီဖြစ်ပေမယ့် ချူချာတဲ့ ယောကျ်ားလေးကတော့ လေးဘက်ကုန်းသွားနေတဲ့ အခြေအနေပဲ ရှိပါသေးတယ်။ သူတို့နေထိုင်တဲ့ ပျဉ်ထောင်အိမ်က အနည်းငယ်တော့ အိုဟောင်းနေပါပြီ။
မိတဆိုး အမြွှာမောင်နှမ နှစ်ယောက် နောက်ထပ် အားကိုးရမယ့်သူကတော့ အသက် ၅၈ နှစ်အရွယ် အဘွား ဖြစ်ပါတယ်။ သားမက်ဖြစ်သူ အလုပ်သွားရင် သူက မြေးတွေနဲ့ ကျန်နေခဲ့တာပါ။ အိမ်နားမှာနေထိုင်တဲ့၊ တခါတရံ လာရောက် ကူညီတတ်တဲ့ သမီးတယောက်ကလည်း အလုပ်သွားလုပ်ချိန်မှာ သူ့ရင်သွေးငယ်ကို အိမ်မှာ လာအပ်ထားတဲ့အတွက် အဘွားဖြစ်သူက မြေးငါးယောက်ကို တပြိုင်နက်တည်း ထိန်းနေရပါတယ်။
အခုလိုရာသီမျိုးမှာ ဒေသခံတွေဟာ ခဲမဖြူရွာဘေးတလျှောက်က မိုလုံချောင်းမှာ ခဲချောင်းဆေးတဲ့ အလုပ်ကို လုပ်ကြရပါတယ်၊ သားသမီး လေးယောက်ရဲ့ ဖခင်ကလည်း အများနည်းတူ ဒီအလုပ်လုပ်မှာပါ။
“ဒီလိုပဲ ရုန်းကန်ရမယ် ထင်တာပဲ။ သူတို့ကို ပြန်ကြည့်လိုက်၊ အလုပ်လုပ်လိုက်ပေါ့”
ဦးတင်ထူးဟာ အသက် ၄၇ နှစ် ရှိပြီဖြစ်ပြီး၊ ဧရာဝတီတိုင်းဇာတိ၊ ကရင်လူမျိုးတစ်ဦး ဖြစ်ပါတယ်။ အရင် ဇာတိနေရပ်မှာတုံးက ဆင်ထိန်းတဲ့အလုပ်ကို လုပ်ကိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဆုံးသွားတဲ့ဇနီးကတော့ သူ့ထက် အသက် ၁၅ နှစ်လောက် ငယ်ပါတယ်။ သူတို့ အိမ်ထောင်သက်တလျှောက် အိမ်ရိက္ခာအတွက် တောင်ယာ အနည်းအကျဉ်း လုပ်ကိုင်သလို၊ မိသားစု စားဝတ်နေရေး ဝင်ငွေ လုံလောက်ဖို့အတွက် အများနည်းတူ ချောင်းခဲ အလုပ် လုပ်ကိုင်ကြသူတွေပါ။
ကယားပြည်နယ် မော်ချီးမြို့နယ်ဟာ ခဲသတ္တုအများအပြား ထွက်ရှိတဲ့ဒေသ ဖြစ်ပါတယ်။ ခဲတွင်းတွေရှိတဲ့ အရပ်ကနေ မြစ်တွေ ချောင်းတွေထဲမှာ သတ္တုရိုင်းတွေကို သန့်စင်ဆေးကြောရာက ခဲအမှုန်အစတွေ ချောင်းထဲမှာ ပါလာတဲ့အတွက် ဒေသခံတွေက တပိုင်တနိုင် စားဝတ်နေရေးအတွက် လုပ်ကိုင်နေကြတာ တွေ့ရပါတယ်။ ချောင်းထဲမှာ ခဲဆေးတဲ့အလုပ်ကနေ တစ်ရက်ကို ခဲ တစ်ပိဿာလောက် ရတတ်ပါတယ်။ ဒီခဲတွေကို ပြန်ရောင်းရင် ရှစ်ထောင်၊ တစ်သောင်းလောက်ရကြတယ်လို့ ဆိုပါတယ်။
ဦးတင်ထူးကတော့ ချောင်းခဲဆေးတဲ့အလုပ်ကို အခုကစပြီး လုပ်ကိုင်သွားမယ်လို့ ဆိုပါတယ်။ အခုလို မိခင်ဆုံးပါးသွားတဲ့ ကလေးတွေရဲ့အကြောင်းကို ကြားသိတဲ့ သူတချို့ကတော့ ကလေးအတွက် စားစရာတွေ လာထောက်ပံ့ကြတာလည်း ရှိပါတယ်။
အဖွားဖြစ်သူကတော့ ကလေးတွေရဲ့ ဝေယျာဝစ္စတွေကို နေ့တိုင်း ဆောင်ရွက်ပေးနေရပါတယ်။
“သူတို့အတွက် ထမင်းတို့၊ နို့တို့ အဲဒီလို ဖျော်ပေး လုပ်ပေးတယ်”
မော်ချီးဒေသဘက်မှာ စစ်အစိုးရလက်ထက် ငြိမ်းချမ်းရေးယူခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်တဲ့ ကရင်နီအမျိုးသား စည်းလုံးညီညွှတ်ရေးအဖွဲ့ (ကမစည) ရဲ့ ပြည်သူ့စစ်အဖွဲ့နဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မှာ လက်မှတ် မထိုးရသေးတဲ့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီရဲ့ KNPP တပ်ဖွဲ့တွေလည်း ရှိနေပါတယ်။
KNPP ဖားဆောင်းမြို့နယ် ဆက်ဆံရေးရုံး တာဝန်ခံ အဖြစ် ရှစ်နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့ဖူးတဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ဗဟိုကော်မဝင် ပဒို ဦးကွယ်က ကလေးတွေအတွက် လူမှုရေးအရ ချိတ်ဆက် ကူညီပေးချင်တယ်လို့ ပြောပါတယ်။
“ကျန်းမာရေးကဏ္ဍနဲ့ ပတ်သက်လို့ရှိရင်တော့ မိခင်နဲ့ ကလေးစောင့်ရှောက်ရေး ရှိမယ်။ နောက်ပြီး မိဘမဲ့ အဲဒါကိုတော့ ကျနောတို့ ဒီ လူမှုရေးအရ ပုဂ္ဂိုလ်ရေးအရ အနေနဲ့ပဲ ဆောင်ရွက်လို့ရမယ် ထင်တယ်။ မိဘမဲ့ ကလေးတွေကို ပြုစုစောင့်ရှောက် ကျွေးမွေးဖို့ အစီအစဉ်တော့ မရှိဘူး။ အဲဒါတွေကတော့ လူမှုအသင်းအဖွဲ့တွေ အနေနဲ့ ပူးပေါင်းပြီးတော့မှ မိဘမဲ့ဂေဟာတို့ ဘာတို့ ပုံစံသွားနိုင်အောင် အဲ့ဒီနည်းလမ်းနဲ့ ထောက်ပံ့နိုင်အောင်တော့ နည်းလမ်း ရှိကောင်းရှိနိုင်ပါတယ်”
ဖားဆောင်းမြို့နယ်ရဲ့ မိခင်၊ ကလေးကျန်းမာရေးဌာန နဲ့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့ကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း သွားရောက်ခဲ့ပေမယ့် တာဝန်ရှိသူတွေနဲ့ မတွေ့ဆုံနိုင်ခဲ့တာကြောင့် အကူအညီလိုအပ်နေတဲ့ ကလေးငယ်တွေအတွက် ဘယ်လို စီစဉ်ဆောင်ရွက်ပေးဖို့ ရှိသလဲ ဆိုတာကို မေးမြန်းခွင့် မရခဲ့ပါဘူး။ ကမစည ဥက္ကဋ္ဌ ဦးစောရိချဒ်ကတော့ ဌာနဆိုင်ရာ တာဝန်ရှိသူတချို့က ကူညီပေးနေတယ်လို့ ပြောပါတယ်။
“ဒါက ပုံမှန်ပဲလေ။ အစိုးရ တာဝန်ယူပါတယ်။ ကလေးသူငယ် စောင့်ရှောက်ရေးတွေ အစားအသောက်တွေ ဆေးဝါးတွေ ပုံမှန်လာပေးတယ်”
မိခင်မရှိတော့တဲ့ အမြွှာမောင်နှမနဲ့ သူတို့ရဲ့ အစ်ကိုနှစ်ယောက် ကြီးပြင်းရမယ့် အနာဂတ်ရှေ့ရေး ဘယ်လိုဖြစ်လာမဲဆိုတာ မသေချာ မရေရာတဲ့ အခြေအနေ ဖြစ်နေပေမယ့် ဖခင်ဖြစ်သူကတော့ အရွယ်မရောက်သေးတဲ့ သားသမီးတွေအတွက် ကြိုးစား ရုန်းကန်နေဆဲ ဖြစ်ပါတယ်။