KNPP နယ်မြေကို ပြောင်းရွှေ့လိုက်တဲ့ လူငယ်စွမ်းရည်မြင့်ကျောင်း

2021.12.01
KNPP နယ်မြေကို ပြောင်းရွှေ့လိုက်တဲ့ လူငယ်စွမ်းရည်မြင့်ကျောင်း စစ်ဘေးဒုက္ခသည် စခန်းမှာ ပြောင်းရွှေ့ဖွင့်လှစ်ထားတဲ့ လူငယ်စွမ်းရည်မြင့် ကျောင်း ဆယ်သဲသင်ယူလေ့လာရေးဆုံရပ် (STLC ) မှာ စာသင်ကြားနေကြသူများကို တွေ့ရစဉ်
Photo: RFA

ကယားပြည်နယ် ဒီမော့ဆိုမြို့က လူငယ်စွမ်းရည်မြင့် ကျောင်းတစ်ခုဖြစ်တဲ့ ဆယ်သဲသင်ယူလေ့လာရေးဆုံရပ် (STLC ) ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီနယ်အတွင်း ဖြစ်လာတဲ့ တိုက်ပွဲတွေကြောင့် ပိတ်လိုက် ရပါတယ်။ ဒါပေမဲ့လည်း လူငယ်တွေ ပညာဆက်သင်နိုင်ဖို့ ထိုင်းနယ်စပ်က ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ KNPP ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ စစ်ဘေးဒုက္ခသည် စခန်းထဲမှာ ကျောင်းကို ပြန်ဖွင့်ထားပါတယ်။

ဒီးမော့ဆိုမြို့က စစ်မြေပြင်ဖြစ်သွားလို့ ဆယ်သဲကျောင်းလည်း ဒုက္ခသည်စခန်းကို ရောက်သွားတဲ့အကြောင်း ကျောင်းအုပ် ဆရာမူးရယ်က ရှင်းပြပါတယ်။

"ဒီးမော့ဆိုမှာရှိနေတဲ့ ဆယ်သဲကျောင်းပေါ့ အဲဒီမှာ ကျနော်တို့ ကျောင်းအနီးနားမှာက စစ်ကောင်စီ တပ်စွဲထားတာ ရှိတာပေါ့ ကျနော်တို့ကျောင်းကလည်း ပါဒေါဒူရွာနဲ့ ဒေါတဒါးရွာတို့နဲ့နီးတော့ တိုက်ပွဲအဲမှာ စဖြစ်တော့ တိုက်ပွဲနယ်မြေဖြစ်သွားတော့ နေလို့မရတော့ဘူးပေါ့နော် နေထိုင်လို့မရသလို ဘယ်သူ့မှ မသွားလာရဲတော့ဘူးပေါ့ စစ်မြေပြင် ဖြစ်သွားတဲ့အချိန်မှာ ဘယ်သူမှ မသွားလာရဲတော့ဘဲ ကျနော်တို့ ဒီဘက်ကို ပြောင်းလာရခြင်းဖြစ်ပါတယ်"

(STLC )ဆယ်သဲ ကျောင်းမှာ ကရင်နီစာပေ၊ လူမှုရေး၊ အင်္ဂလိပ်၊ မြန်မာ၊ သင်္ချာ၊ အခြေခံကွန်ပျူတာတွေကို သင်ကြားပို့ချပေးနေပြီး သုံးနှစ်တက်ရတဲ့ ဒီပလိုမာ ကျောင်းဖြစ်ပါတယ်။ ကျောင်းပြီးသွားတဲ့ လူငယ်အများစု က လူမှုရေး အသင်းအဖွဲ့တွေမှာ အလုပ်အကိုင်အခွင့်အလမ်း ရရှိကြပြီးတော့ တချို့ကတော့ နိုင်ငံတကာ တက္ကသိုလ်တွေမှာ ကျောင်းဝင်ခွင့်ရကြတဲ့ သူလည်းရှိတယ်လို့ ဆရာမူးရယ်က ပြောပါတယ်။

"ဆယ်သဲကျောင်းပြီးတော့ ကျောင်းသူ၊ ကျောင်းသားတွေဟာဆိုရင် တချို့က အမျိုးသားအရေးအတွက် ပြန်လည်ပြီးတော့ အလုပ်အကြွေးပြုတာရှိတယ်။ ပြီးတော့ တချို့ဆိုရင် ပရဟိတလုပ်ငန်းတွေ ပြန်လည်ပြီး လုပ်တာရှိတယ်။ တချို့ဆို စေတနာ့ ဝန်ထမ်းအဖြစ် သွားရောက် ကူညီပေးတာမျိုးရှိတယ်။ ပြီးတော့ တချို့ ကျောင်းသူ၊ ကျောင်းသားဟာဆိုရင်လည်း ဒီလူမှုအဖွဲ့အစည်းတွေမှာ ပြန်လည်ပြီး အလုပ်လုပ်တာ ရှိတယ်။ တချို့ဆိုရင် ပြည်တွင်းမှာ ဆယ်တန်း မအောင်ပေမယ့်လည်း သူကဆယ်သဲ ကျောင်းတက်ပြီးမှ ပညာတော်သင် ဆက်လက်ပြီးမှ တက်သွားတဲ့ ကျောင်းသူ၊ ကျောင်းသားလည်းရှိတာပေါ့"

(STLC ) ဆယ်သဲကျောင်းမှာ တက္ကသိုလ်ဝင်တန်း စာမေးဖြေဆို အောင်မြင်ခဲ့တဲ့ ကျောင်းသူ၊ ကျောင်းသားတွေ အပါအဝင် တက္ကသိုလ်ဝင်တန်း တက်မယ့် ကျောင်းသူ၊ ကျောင်းသားတွေလည်း ပညာသင်နေကြပါတယ်။

"ဒီကျောင်းတက်ပြီးရင် ပညာသင်ကြားဖို့ အခွင့်အလမ်း ဆက်ရှိမယ်ဆိုရင် တက်မယ်။"

သူနာပြုသင်တန်းကျောင်း လျှောက်ထားပြီး တစ်နှစ်စောင့်ဆိုင်း နေချိန်မှာပဲ စစ်ဘေးဒုက္ခသည်ဘဝနဲ့ ဆယ်သဲကျောင်းကို တက်ခွင့်ရတဲ့အကြောင်း ၂၀၁၈-၁၉ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့သူ ကညောဖောက ပြောပါတယ်။

"ကျမတို့ မထင်မှတ်ဘဲနဲ့ စစ်ဖြစ်လာတယ်ပေါ့နော်။ ပြီးတော့ ရွာအထိ လက်နက်ကြီးတွေ ထွက်ပြေးရင်း ထွက်ပြေးရင်းနဲ့ ကျမဒီကို ရောက်လာတယ်။ ပြီးတော့ ဆယ်သဲကျောင်းကို တက်ခဲ့တယ်"

ဝါသနာပါတဲ့ သူနာပြုကျောင်း တက်ခွင့်မရတော့ပေမယ့် အခုလို ဆယ်သဲကျောင်းမှာ ပညာသင်ကြားပြီးတဲ့ နောက်ပိုင်း နိုင်ငံတကာကျောင်းတွေမှာ ပညာသင်ယူခွင့် ရမယ်ဆိုရင် နိုင်ငံတကာအဆင့်အထိ သွားဖို့ စိတ်ကူးထားပြီး နိုင်ငံတကာကျောင်းကို တက်ရောက်ခွင့် မရရင်လည်း ကယားစာပေသင်ပေးတဲ့ ဆရာမ လုပ်မယ်လို့ ကညောဖောက ဆိုပါတယ်။

STLC-kayah
(စစ်ဘေးဒုက္ခသည် စခန်းမှာ ပြောင်းရွှေ့ဖွင့်လှစ်ထားတဲ့ ဆယ်သဲသင်ယူလေ့လာရေးဆုံရပ် (STLC ) လူငယ်စွမ်းရည်မြင့် ကျောင်းကို တွေ့ရစဉ်) Photo: RFA

"ဒီကျောင်းတက်ပြီးရင် ပညာသင်ကြားဖို့ အခွင့်အလမ်း ဆက်ရှိမယ်ဆိုရင် တက်မယ်။ တကယ်လို့ မရှိခဲ့ရင်လည်း ကျမ ပြည်တွင်းမှာရှိတဲ့ ကျမတို့ပြည်တွင်းမှာဆို ကယားစာဆိုပြီး ကယားစာပေ မတတ် သေးတဲ့သူတွေ အများကြီးရှိတာပေါ့နော်။ လူငယ်ဖြစ်ဖြစ် လူကြီးဖြစ်ဖြစ် ကျမက အဲဒီအပိုင်းမှာ ဒီကယား စာပေ အပိုင်းမှာ ပြန်လည်သင်ကြားပေးချင်တာပေါ့ ကယားစာပေ မတတ်သေးတဲ့သူတွေကိုပေါ့"

ဆယ်သဲသင်ယူလေ့လာရေးဆုံရပ် (STLC ) ကျောင်းက ၂၀၁၃ ခုနှစ်ကတည်းက ပြည်နယ် ငြိမ်းချမ်းရေး ကြိုးပမ်းခဲ့တဲ့ ကာလမှာ စတင်ခဲ့တဲ့ ကျောင်းဖြစ်ပြီး အခုဆို အပတ်စဉ် ၉ အထိ ရှိလာပါပြီ။

ဇွန်လ ၂၀၁၃ ခုနှစ်က အစိုးရနဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တို့အကြား ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုအပြီး ဆယ်သဲကျောင်းကို ဖွင့်ခဲ့တာပါ။ KNPP ရဲ့ ပညာရေးဌာနကနေ ဦးဆောင် လုပ်ကိုင်လျက်ရှိပြီး ပြည်နယ်အစိုးရနှင့် KNPP တို့အကြား သဘောတူညီချက် အရ ဖွင့်လှစ်နိုင်ဖို့ နှစ်ဖက် သဘောတူထားခဲ့တဲ့ ကျောင်းဖြစ်ပါတယ်။

ဒီကျောင်းကိုဖွင့်ရတဲ့ ရည်ရွယ်ချက်ကတော့ ကရင်နီဒေသအတွင်း ကျောင်းဆက်မတက်နိုင်တဲ့ လူငယ်တွေ အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုပြီး လွယ်ကူလာအောင် ဖန်တီးပေးဖို့ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။