နွမ်းပါးတဲ့ တအာင်းဒေသက ဥပဒေအကယ်ဒမီကျောင်း
2023.04.11

တောင်ပေါ်ဒေသရဲ့ အအေးဒဏ်ကို အန်တုရင်း လူငယ်အချို့ မီးဖိုဘေးမှာ ဝိုင်းဖွဲ့ သီချင်းဆို နေကြပါတယ်။
ဒီလူငယ်တွေဟာ သူတို့နေထိုင်ရာဒေသမှာ တရားဥပဒေစိုးမိုးရေးကို အထောက်အကူ ပြုမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ တအာင်းဥပဒေအကယ်ဒမီကျောင်းမှာ ပညာသင်ယူ နေကြသူတွေပါ။
ဒီကျောင်းကို တအာင်းဥပဒေ အထောက်အကူပြုအဖွဲ့က ဦးဆောင်ပြီး ၂၀၂၂ ဇန်နဝါရီလ နောက်ဆုံးပတ်ကစလို့ စစ်ကောင်စီ လက်လှမ်းမမီနိုင်တဲ့ တအာင်း (ပလောင်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် တောတွင်းတစ်နေရာမှာ ဖွင့်လှစ်ထားတာပါ။
တအာင်းဒေသအတွင်း ရှေ့နေနဲ့ တရားသူတွေကြီးတွေ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ တအာင်းဥပဒေအကယ်ဒမီကျောင်းရဲ့ ဒါရိုက်တာ မိုင်းမျိုးအောင်က ပြောပါတယ်။
"တအာင်းဒေသမှာက တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်တဲ့နေရာမှာ ဥပဒေကို တတ်သိပညာရှင်တွေ အများကြီး မွေးထုတ်ဖို့လိုတယ်ဆိုတဲ့ စဉ်းစားချက်နဲ့ ပေါ့နော်။ အစိုးရကျောင်းမှာ သွားတက်မယ်ဆိုရင် သူတို့က အဲလောက်အထိ မတတ်နိုင်ကြဘူးပေါ့နော်။ အဲဒါကြောင့်မို့ ဒီမှာအထူးပြုပြီးတော့မှ သူတို့ကို သီးခြား သီးသန့်လေ့ကျင့်ပေးတဲ့ ကျောင်းတစ်ခုအနေနဲ့ ဒီကျောင်းကို ဖွင့်လှစ်ရခြင်းဖြစ်တယ် ပေါ့နော်။ တချို့ကတော့ ရှေ့နေအဖြစ် တရားရုံးမှာ ပြန်လည်တာဝန်ထမ်းဆောင်မယ့် ပုဂ္ဂိုလ်တွေလည်းရှိသလို၊ တချို့ကျတော့လည်း ကျနော်တို့ ဒီတအာင်းဒေသမှာ တရားဥပဒေစိုးမိုးရေး အပိုင်းမှာရော၊ တရားစီရင်ရေးအပိုင်းမှာရော၊ ပြန်လည်တာဝန် ထမ်းဆောင်မယ့် ပုဂ္ဂိုလ်တွေလည်းရှိပါတယ်"
တအာင်းဒေသမှာ တအာင်းအမျိုးသားလွတ်မြာက်ရေးအဖွဲ့ TNLA က ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကစလို့ တရားရေးဌာနတွေကို ဖွဲ့စည်းပြီး အရပ်ဘက် တရားစီရင်ရေးကို ဆောင်ရွက် နေတာပါ။ တချို့ကျောင်းသားတွေကတော့ အဲဒီတရားရေးဌာနတွေမှာ ပြန်လည် တာဝန်ထမ်းဆောင်ကြမှာလည်းဖြစ်ပါတယ်။
"တအာင်းဒေသမှာက တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်တဲ့နေရာမှာ ဥပဒေကို တတ်သိပညာရှင်တွေ အများကြီး မွေးထုတ်ဖို့လိုတယ်ဆိုတဲ့ စဉ်းစားချက်နဲ့ပေါ့နော်"
ပထမဆုံးအကြိမ်အဖြစ် စတင်ဖွင့်လှစ်တဲ့ ဒီသင်တန်းကျောင်းမှာ ကျောင်းသား၊ ကျောင်းသူ ၃၄ ဦး တက်ရောက်နေပြီး သင်တန်းကာလက ၂၂ လ ကြာမြင့်မှာဖြစ်ပါတယ်။ သင်တန်းမှာ တက်ရောက်နေသူတွေဟာ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ တောင်ပိုင်းမြို့နယ်တွေအတွင်းက တအာင်းတိုင်းရင်းသားတွေ ဖြစ်ပါတယ်။
သင်တန်းအတွင်းမှာ ဥပဒေဘာသာရပ်အပြင် နိုင်ငံရေးဆိုင်ရာဘာသာရပ်တွေကိုလည်း သင်ကြားရတယ်လို့ ဥပဒေအကယ်ဒမီကျောင်းမှာ တက်ရောက်နေတဲ့ နမ့်ဆန်မြို့သူ လွေးသဲနုစိုးက ပြောပါတယ်။
"အများကြီးသင်တယ်။ ဒီမိုကရေစီ နဲ့ပတ်သက်တာရော၊ လူ့အခွင့်အရေးနဲ့ ပတ်သက်တာရော။ ဖက်ဒရယ်နဲ့ ပတ်သက်တဲ့ဘာသာရပ်၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဘာသာရပ်ရော သင်တယ်။ အဓိက ပိုပြီးဦးစားပေးတာဆိုရင်တော့ ဥပဒေပိုင်းကို ပိုပြီးဦးစားပေးတယ်။ အင်္ဂလိပ်စာလည်း သင်ရတယ်။ အရင်တုန်းကဆိုရင် ကြားပဲကြားရတာပေါ့လေ။ အိမ်ဖောက်ထွင်းမှုတွေရှိတယ်၊ အိမ်တွင်း အကြမ်းဖက်မှုတွေ ရှိတယ်၊ မုဒိန်းမှုတွေ ရှိတယ်၊ အများကြီး ကိုယ်က ကြားခဲ့ဖူးတယ်။ ဒါပေမဲ့ ကိုယ့်ဘက် မှာက လက်တွေ့တော့ မကြုံဖူးရပေမယ့်လည်း ဒီကျောင်းပြီးသွားရင် အများကြီး ဥပဒေနဲ့ပတ်သက်ပြီး ကိုယ့်လူမျိုးကို ကာကွယ်ဖို့အတွက် ပိုပြီးလုပ်ဆောင်သွာနိုင်မယ်လို့ ယုံကြည်ချက် ရှိတယ်ပေါ့နော်"
သင်တန်းဆရာတွေကို ပြည်တွင်းက ခေါ်ယူသင်ကြားတာရှိတသလို ပြည်ပက ပညာရှင်တွေရဲ့ အကူအညီနဲ့ အွန်လိုင်းကနေလည်း သင်ကြားရပါတယ်။
လုံခြုံရေးအရ စစ်ကောင်စီလက်လှမ်းမမီနိုင်တဲ့ တောတွင်းမှာ ဖွင့်ထားတာကြောင့် ဆရာတွေလာဖို့ အခက်အခဲရှိလို့ သင်ကြားရေးအပိုင်းမှာ ကိုယ်တိုင်ပဲ လေ့လာရတာက ပိုများတယ်လို့ သင်တန်းကျောင်းသားတစ်ဦးဖြစ်တဲ့ မိုင်းနိုင်ဝင်းက ပြောပါတယ်။
"ဆရာတွေကျတော့ ဥပဒေပညာရပ်ကို ကောင်းကောင်းမွန်မွန် သင်ကြားပေးနိုင်တဲ့ ဆရာတွေ လိုအပ်တာ။ ဒါပေမဲ့ ကျနော်တို့ ဒေသတွေမှာ မရှိဘူး။ အဲတော့ တခြား မြန်မာပြည် အလယ်ပိုင်းတို့ တခြားနယ်စပ်ဒေသမှာ ရောက်နေကြတဲ့ ဥပဒေ ပညာရှင်တွေပေါ့နော်၊ ကျွမ်းကျင်ပညာရှင်တွေကို အဓိက ငှားယူရတာပေါ့နော်။ အဲလိုလူတွေနဲ့ ချိတ်ဆက်တဲ့အခါမှာကျတော့လည်း မလာနိုင်တာတွေ လုံခြုံရေးကြောင့် ရယ်၊ အရမ်းဝေးတဲ့အခါကျတော့ ဒီအခက်အခဲတွေကြောင့်ပေါ့နော်။ ဆရာတွေ လွတ်ပြီးတော့ ကျနော်တို့ ကိုယ့်ဟာကိုယ် လေ့လာရတဲ့ဟာတွေက ပိုများသွားတာပေါ့"
ဒါ့အပြင် ဆိုးရွားတဲ့ ရာသီဥတုကြောင့်လည်း ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ အခက်အခဲဖြစ်လို့ အွန်လိုင်းကနေ သုသေသနလုပ်ဖို့တောင် တစ်ခါတစ်ရံမှာ မလွယ်ကူဘူးလို့ ကျောင်းသူ လွေးချမ်းမြေ့က သူ့အတွေ့အကြုံကို ရှင်းပြပါတယ်။
"ကျမတို့ တစ်ခါတလေ စာလုပ်တဲ့အချိန်မှာ သုတေသနလုပ်ရတဲ့အပိုင်းမှာ အင်တာနက်လိုင်းမရတာတို့၊ ဖုန်းလိုင်းမရတာတို့ဆိုရင် စာလုပ်ဖို့အတွက် အရမ်း အခက်အခဲဖြစ်တာပေါ့နော်၊ အဲဒါကတစ်ချက်ပေါ့။ ကျမတို့က တစ်ခါတလေ မီးအဆင်မပြေတာရှိတယ်။ ဒီမှာက တောတောင်တွေထဲမှာဆိုတော့ ဆိုလာမီးကိုပဲ အားပြုပြီးသုံးရတာဆိုတော့ တစ်ခါတလေ အမြဲတမ်း မိုးရွာနေတာဆိုတော့ ကျမတို့က နေအပူမရတဲ့အချိန်မှာဆိုရင် ဒီဆိုလာမီးကို အသုံးပြုခွင့်မရတဲ့ အခန်းကဏ္ဍတွေလည်း ရှိတယ်။ ဒါ့အပြင် ဒီမိုးတွင်းဆိုရင် ကျမတို့က ရေက အမြဲတမ်းနောက်တယ်။ ရေက နောက်တယ်ဆို တစ်ခါတလေ မျက်နှာသစ်ဖို့ ရေကမရှိတဲ့ အနေအထားတွေ လည်းရှိတယ်"
လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် စားသောက်ရေးအပိုင်းမှာလည်း ခက်ခဲကြတယ်လို့ဆိုပါတယ်။
လက်ရှိမှာ သင်တန်းကာလ တစ်နှစ်ကျော်ရှိလာပြီဖြစ်တာကြောင့် စာတွေ့ထက် လက်တွေ့ပိုင်းဆိုင်ရာအတွက် ကွင်းဆင်းလေ့လာရေးအပိုင်းကို စတင်ရတော့မှာ ဖြစ်တယ်လို့ ဥပဒေအကယ်ဒမီကျောင်း တက်ရောက်နေတဲ့ နမ့်ဆန်မြို့သား မိုင်းဟိန်းမင်းထက်ကျော်က ပြောပါတယ်။
"လက်တွေ့မှာကျတော့ တက္ကသိုလ်က ကျောင်းသူကျောင်းသားတွေ ချိန်ဘာ ဆင်းသလိုမျိုးပဲပေါ့နော်။ သွားလေ့လာမယ်၊ အတွေ့အကြုံတွေ ရလာပြီဆိုရင် သူက အမှုကိုယ်တိုင်စစ်ခိုင်းမယ်။ လူတွေခွဲရမှာပေါ့နော်။ ဒီနယ်က ဘယ်အမှုကိုလိုက်ပြီးမှ သွားလုပ်ပေးရမလဲဆိုတာကို ခွဲပေးမှာပေါ့နော်"
တအာင်းဥပဒေ အကယ်ဒမီကျောင်းကို တက်ရောက်လိုသူတွေအတွက် ပညာအရည်ချင်းကို ၁၀ တန်းအောင်အဆင့် သတ်မှတ်ထားပါတယ်။ သင်တန်းအတွက် ကုန်ကျစရိတ်ကျပ် ၁၀ သိန်း သတ်မှတ်ထားပြီး ပညာအရည်အချင်း ကောင်းမွန်ပြီး ငွေကြေးမတတ်နိုင်တဲ့ သူတွေကိုတော့ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးပိုင်းရဲ့ ထောက်ခံချက်နဲ့ အခမဲ့ တက်ရောက်ခွင့်ပြုထားတာပါ။
သင်တန်းကျောင်းရဲ့ ကုန်ကျစရိတ်က တစ်လကို သိန်း ၈၀ လောက်အထိရှိပြီး ပင်မ အလှူရှင်တွေနဲ့ ဒေသတွင်းက လုပ်ငန်းရှင်တွေ၊ စေတနာရှင်တွေရဲ့ အကူအညီနဲ့ ရပ်တည်နေတာဖြစ်တယ်လို့ သင်းတန်းကျောင်း ဒါရိုက်တာ မိုင်းမျိုးအောင်က ပြောပါတယ်။ ကျောင်းသားတွေရဲ့ ကျန်းမာရေးကိုတော့ TNLA ကျန်မားရေးဌာနက တာဝန် ယူပေးထားပါတယ်။
ဒီနှစ် အောက်တိုဘာလမှာတော့ သင်တန်းကာလပြီးဆုံးမှာပါ။ သင်တန်းပြီးဆုံးတဲ့ ကျောင်းသားတွေကတော့ ဒေသအတွင်း ဥပေဒစိုးမိုးရေး အထောက်အကူရနိုင်ဖို့ သက်ဆိုင်ရာ တအာင်းအရပ်ဘက်ဌာနတွေမှာ အနည်းဆုံး နှစ်နှစ်တာဝန် ထမ်းဆောင် ကြရမှာ ဖြစ်ပါတယ်။