မြန်မာနဲ့ ထိုင်းတို့ရဲ့ကထိန်ပွဲ မဲဆောက်မြို့မှာကျင်းပ

RFA Burmese
2024.10.25
မြန်မာနဲ့ ထိုင်းတို့ရဲ့ကထိန်ပွဲ မဲဆောက်မြို့မှာကျင်းပ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့က ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ တောရဘုန်းကြီးကျောင်းတွင် စုပေါင်းမဟာဘုံကထိန်ပွဲ ကျင်းပနေစဉ်။
RFA

မဲဆောက်မြို့က တောရမြန်မာဘုန်းကြီးကျောင်းမှာပြုလုပ်တဲ့ စုပေါင်းမဟာဘုံကထိန်ပွဲကို မြန်မာနိုင်ငံသားတွေက ဦးဆောင်ကျင်းပတာဖြစ်ပေမဲ့ထိုင်းနိုင်ငံသားတွေကလည်း ပူးပေါင်းပါဝင်လှူဒါန်းကြပါတယ်။

အဲဒီကထိန်ပွဲကို မြဝတီမြို့နယ်ထဲက ရဟန်းသံဃာတော်တွေကိုပါ ပင့်ခဲ့တာကြောင့် စုစုပေါင်းသံဃာအပါး ၉၀ ကို လှူဒါန်းကြတာပါ။

တောရကျောင်းဟာ မဲဆောက်မြို့မှာ တည်ထောင်ထားတာဆိုရင် ၁၂၂ နှစ်ရှိပြီဖြစ်ပါတယ်။ မြန်မာနဲ့ ထိုင်းလူမျိုးတို့ရဲ့ စုပေါင်းမဟာဘုံကထိန်ပွဲကို နှစ်စဉ်မပြတ်ကျင်းပတာဖြစ်ပြီး ဒီနှစ်အတွက်ကတော့ ဒီတောရကျောင်းမှာ ကထိန်ပွဲ ပထမဆုံးကျင်းပတာဖြစ်တယ်လို့ အဲဒီကျောင်းရဲ့အကျိုးတော်ဆောင်တွေက ပြောပါတယ်။

ကျောင်းအကျိုးတော်ဆောင် မန်းမျိုးမြင့်က ..."ကျွန်တော်တို့ ဒီကနေ့ပြုလုပ်တာကတော့ ဒီ နှစ်စဉ်ပေါ့နော် စုပေါင်းမဟာဘုံကထိန်ကျင်းပပြုလုပ် တာဖြစ်ပါတယ်၊ ဒီမဲဆောက်မြို့နယ်အတွင်းမှာကတော့ ဒီကနေ့ကျင်းပတဲ့ကထိန်ကတော့ ပထမဆုံး ကထိန်ပဲပေါ့၊ ဒေသတွင်းရောက်ရှိနေကြတဲ့မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံသားတွေ စုပေါင်းပြီးတော့ ကျင်းပပြုလုပ်တဲ့ စုပေါင်းမဟာဘုံကထိန်ပွဲဖြစ်ပါတယ်" လို့ပြောပါတယ်။

မဲဆောက်မြို့က မြန်မာနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်တွေက ကမကထပြုလှူဒါန်းကြတာဖြစ်သလိုကရင်အမျိုးသားအစည်းအရုံး (KNU)လို အဖွဲ့အစည်းတွေကလည်း သင်္ကန်းပရိက္ခရာတွေ လှူဒါန်းကြပါတယ်။

ရွှေ့ပြောင်းမြန်မာစာသင်ကျောင်းတွေနဲ့ ကုန်သည်တချို့ကလည်း ပဒေသာပင်တွေ လာရောက်လှူဒါန်းကြပါတယ်။

အလှူရှင် မချိုက ..."နှစ်တိုင်း မတည်အလှူရှင်အဖြစ်ပါဝင်ပါတယ်၊ သုံးနှစ်ဆက်တိုက်ဖြစ်သွားပြီပေါ့၊ အခုလို ပါဝင်ရတဲ့အတွက်လည်း အများကြီးပီတိဖြစ်မိပါတယ်၊ နောက်နှစ်တွေမှာလည်း လှူခဲ့လို့ရှိရင်ပေါ့၊ လှူဖြစ်ခဲ့ရင်လည်း လာရောက်အားပေးကြပါဦးလို့" ပြောပါတယ်။


ဆက်နွှယ်သောသတင်းများ

မဲဆောက်မြို့ နောင်ဘွားဘုန်းကြီးကျောင်းကထိန်ပွဲမှာ ဟားငါးကောင်အငြိမ့် ဖျော်ဖြေ

ဆာသူးလေ ရွှေ့ပြောင်း မြန်မာစာသင်ကျောင်း ငွေရတုအခမ်းအနားကျင်းပ

၁၇ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့အခမ်းအနား မဲဆောက်မြို့မှာ ကျင်းပ


မဲဆောက်မြို့နယ်ထဲက အလှူရှင်တွေဟာ အောက်တိုဘာလ ၂၅ ရက် မနက်အစောပိုင်းကတည်းက ပဒေသာပင်တွေကို ကားတွေနဲ့တင်ဆောင်လှည့်လည်ရင်းနဲ့ တောရကျောင်းဆီ လာရောက်လှူဒါန်း ကြတာပါ။

ကထိန်ပွဲကို လူတစ်ထောင်လောက် ပါဝင်ကြတယ်လို့ မဲဆောက်မြို့ခံတစ်ဦးဖြစ်တဲ့ ဦးဘထွန်းက ပြောပါတယ်။

"ကျွန်တော်တို့တောရကျောင်းမှာဆိုရင် နှစ်စဉ်နှစ်တိုင်း မဟာဘုံကထိန်နဲ့ပတ်သက်လို့ တိုင်းရင်းသား ပေါင်းစုံပဲ လာရောက်ပြီးတော့ ဒီတောရကျောင်းမှာ နှစ်စဉ်နှစ်တိုင်းလှူတန်းကြပါတယ်၊ ပျော်ပျော်ပါး ပါးနဲ့ပေါ့၊ ကရင်ရှိတယ်၊ ဗမာရှိတယ်၊ မွန်ရှိတယ်၊ ရခိုင်ရှိတယ်၊ ထားဝယ်ရှိတယ်၊ ပြီးတော့ ထိုင်းလူမျိုး လည်းပါတယ်၊ ရှမ်းကြီးလူမျိုးလည်း ပါတယ်၊ လူမျိုးတိုင်းပါပဲ"

ကထိန်ပွဲကို နှစ်စဉ်မပြတ်ကျင်းပခဲ့တာဖြစ်လို့ နောင်နှစ်တွေမှာလည်း အစဉ်အလာကို ထိန်းသိမ်းသွားမယ်လို့ ကျောင်းအကျိုးတော်ဆောင်တွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။