ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး အရပ်ဘက်အဖွဲ့ စတင်ကူညီ
2020.03.18
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မခံရအောင် လက်ကိုမကြာခဏ ဆေးဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်နဲ့ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။ ရန်ကုန်မြို့တွင်း မြို့နယ် သုံးခုလောက်က လူအသွားလာများတဲ့ နေရာ ၁၀ ခုမှာတော့ မရွေးလူမှုကူညီရေးအဖွဲ့က လက်ဆေးစင်တွေ လိုက်တပ်ပေးနေပါတယ်။
ကမ္ဘာတစ်ဝှမ်းမှာ စိုးရိမ်နေရတဲ့ ကိုရိုနာရောဂါဟာ မြန်မာနိုင်ငံမှာတော့ ကူးစက်ခံထားရသူ အတည်ပြုလူနာ တစ်ယောက်မှ မရှိသေးပါဘူး။
ကိုရိုနာဗိုင်းရပ်စ်ကို ကုသပေးနိုင်တဲ့ဆေးလည်း မပေါ်သေးပါဘူး။ ဒါ့ကြောင့် ကာကွယ်ခြင်းက အထိရောက်ဆုံးနဲ့ အရေးကြီးဆုံးပါပဲ။ ဒီရောဂါကို ကာကွယ်နည်းတွေထဲမှာ လူထူထပ်တဲ့နေရာတွေကို မသွားဖို့နဲ့ လက်ကို မကြာခဏဆေးဖို့ပါပဲ။ အဲဒီအထဲမှာ အထိရောက်ဆုံးကတော့ လက်ဆေးခြင်းပါပဲ။ လက်ကို ရေနဲ့ ဆပ်ပြာနဲ့သေချာဆေးလို့ရသလို အယ်ကိုဟောလ်ပါတဲ့ လက်သန့်ဆေးရေတွေလည်း သုံးလို့ရပါတယ်။
အခုလို ကျမတို့ အပြင်သွားတဲ့အချိန်မှာ လက်ကို လွယ်လွယ်ကူကူဆေးနိုင်ဖို့က အခက်ခဲရှိပါတယ်။ အဲဒါကို တစ်ဘက်တစ်လမ်းကနေ အထောက်အကူရအောင် မရွေးလှုမှုအဖွဲ့က ကူညီပေးနေတာပါ။
ကိုရိုနာကာကွယ်ဖို့အတွက် တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးတာဖြစ်တယ်လို့ အသင်းဥက္ကဌ ဦးမိုးအောင်က ပြောပါတယ်။
ရန်ကုန်မှာနေတဲ့သူ အများစုဟာ အများပြည်သူသုံး ရထားတွေ၊ လိုင်းကားတွေကို အသုံးပြုနေကြရတာပါ။ ခုံတွေ၊ လက်ကိုင်းကွင်း၊ လက်ကိုင်တန်းတွေကနေတဆင့်လည်း ကိုရိုနာကူးစက်နိုင်တယ်ဆိုပြီး ကျန်းမာရေးဝန်ကြီးဌာနကနေ ထုတ်ပြန်ထားပါတယ်။
အပြင်မှာ သွားလာနေရတဲ့သူတွေအတွက် ကိုရိုနာမကူးအောင် လက်ကိုဆေးဖို့ဆိုတာ အခက်ခဲတွေရှိနေတယ်လို့ ဒေါ်သောင်းသောင်းဖြူ ကပြောပါတယ်။
လက်ကိုဆေးဖို့အတွက် အခုလိုကူညီပေးနေတာတွေက နေရာအနည်းစုလေးပဲ ရှိပါသေးတယ်။ မဖြစ်မနေ လူတွေများတဲ့နေရာ၊ အပြင်တွေမှာ သွားလာနေရတဲ့ အများပြည်သူကို လွယ်လွယ်ကူကူ လက်ဆေးနိုင်အောင် ကူညီဖို့ကတော့ မရွေးလူမှုကူညီရေးအဖွဲ့တစ်ခုတည်းနဲ့ ဖြစ်နိုင်ပါ့မလား။
မရွေးအဖွဲ့က ရန်ကုန်မြို့တွင်းက တာမွေ၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာ စတဲ့ မြို့နယ်တွေက လူစည်ကားတဲ့မှတ်တိုင်တွေမှာ ရေစင်တွေဆောက်၊ ရေနဲ့ဆပ်ပြာတွေထားပြီး လွယ်လွယ်ကူကူ လက်ဆေးနိုင်အောင် ကူညီပေးနေတာပဲ ဖြစ်ပါတယ်။
လက်ဆေးစင်နေရာတစ်ခုအတွက် ငါးသောင်းကနေ တစ်သိန်းဝန်းကျင်လောက် ကုန်ပါတယ်။ ရတဲ့အလှူငွေနဲ့ ရန်ပုံငွေအရ သူတို့အသင်းက လုပ်နိုင်တဲ့နေရာကတော့ ၁၀ ခုလောက်ပဲ ရှိတယ်လို့ ပြောပါတယ်။
ဒီလိုလုပ်ဖို့အတွက်ကတော့ တခြား ပရဟိတအဖွဲ့တွေပါ ပူးပေါင်းပါဝင်ရင် ပိုကောင်းမယ်လို့ အထွေထွေရောဂါကု ဒေါက်တာ ကျော်စွာဦးက ပြောပါတယ်။
ဒါတွေက နိုင်ငံတစ်ဝှမ်းလုံး လိုအပ်နေတဲ့အကူအညီပဲ ဖြစ်ပါတယ်။ ဒီလိုကာကွယ်ဖို့အတွက် အစိုးရချည်းကိုပဲ အားကိုးနေလို့မရပါဘူး။ ဒါ့ကြောင့် တစ်နိုင်ငံလုံးအတိုင်းတာနဲ့ မရွေးလူမှုအဖွဲ့လို ဝိုင်းဝန်းကူညီပေးနိုင်မယ့်သူတွေ လိုအပ်နေပါတယ်။
လက်ဆေးတာဟာ ကိုရိုနာလို ကူးစက်လွယ်တဲ့ရောဂါကို ကာကွယ်ပေးတာတင်မကပါဘူး။ လက်ကို မကြာခဏဆေးမယ်ဆိုရင် တုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျော၊ အစာအိမ်နဲ့အူလမ်းကြောင်း၊ မျက်စိဆိုင်ရာ၊ အဆုတ် အပါအဝင် ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် အစားမစားခင်နဲ့ စားပြီးတဲ့အချိန်၊ အပေါ့၊ အလေးသွားပြီးတဲ့အချိန်၊ အညစ်အကြေးတစ်ခုခုကို ကိုင်ပြီးတဲ့အချိန်၊ လူအများကြား သွားလာပြီးတဲ့အချိန်တိုင်းမှာ လက်ဆေးဖို့လိုပါတယ်။