မြန်မာ့လက်မှု ကြိမ်ထည်လုပ်ငန်း
2023.08.21

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ၁၂ ရပ်ကွက်မှာရှိတဲ့ သုခုမ အမည်ရ မြန်မာ့ရိုးရာ ကြိမ်ထည်လုပ်ငန်းခွင်ပါ။
ကြိမ်လုံးတွေ ခွဲသူခွဲ၊ ထိုးသူ ထိုး၊ ဖြတ်သူ ဖြတ်နဲ့ ကိုယ်စီအလုပ်ရှုပ်နေကြတဲ့ လုပ်ငန်းခွင်ထဲ လှည့်ပတ်ကြည့်နေသူကတော့ ဒီလုပ်ငန်းပိုင်ရှင် အသက် ၅၆ နှစ်အရွယ် ဦးအောင်ကျော်သူ ပါ။
ဦးအောင်ကျော်သူဟာ တတ်သိစအရွယ်ကတည်းက ကြိမ်ထည်လုပ်ငန်းခွင်ထဲ ဝင်ရောက်လုပ်ကိုင်ခဲ့သူတစ်ဦးပါ။
"ကျွန်မတို့ မြန်မာနိုင်ငံအနေနဲ့ဆိုရင် ထိုင်းလောက်တောင်မှ တော်တော်လေး လိုက်တိုးနေရတဲ့ အနေအထားရှိတယ်"
အခုချိန်မှာတော့ သူ့ရဲ့ သားသမီးတွေကပဲ ဒီလုပ်ငန်းကို ဦးဆောင်လုပ်ကိုင်နေကြပါတယ်။
ဒီလုပ်ငန်းကို ဘိုးဘေးအစဉ်အဆက် လုပ်ကိုင်ခဲ့ကြရာကနေ ၁၉၅၇ ခုနှစ်မှာ အိမ်တွင်းမှု လုပ်ငန်းအဖြစ် စတင်ခဲ့တာပါ။ အဲဒီအချိန်တုန်းကတော့ စျေးကွက်မရှိသေးတဲ့အတွက် လုပ်ထားတဲ့ ကြိမ်ထိုင်ခုံနဲ့ အသုံးအဆောင်တွေကို အိမ်ရှေ့မှာပဲ ချရောင်းခဲ့ကြရပါတယ်။
ဒီလိုလုပ်ကိုင်ရင်း နှစ်ပေါင်း ၆၆ နှစ်နီးပါးအကြာ အခုတော့ ကိုယ်ပိုင်ဆိုင် နှစ်ဆိုင်ထိ ဖွင့်နိုင်ခဲ့တဲ့အပြင် ရန်ကုန်စျေးကွက်အနှံ့ ဖြန့်ကျက်ထားနိုင်တဲ့ မိသားစုစီးပွားရေး လုပ်ငန်းအထိ ဖြစ်လာခဲ့ပါပြီ။
ဒီလိုအခြေအနေထိဖြစ်ဖို့ကို မိသားစု မျိုးဆက်လေးဆက်ထိ အခက်အခဲကြားက လက်ဆင့်ကမ်း လုပ်ကိုင်ခဲ့ကြတာလို့ ဦးအောင်ကျော်သူက ပြောပါတယ်။
“ဒီအလုပ်လုပ်နိုင်ပြီဆိုတဲ့ အချိန်ကနေ စပြီးတော့ မိဘခိုင်းတာ လုပ်ရတာပေါ့။ မလုပ်ချင်လည်းလုပ်၊ လုပ်ချင်လည်း လုပ်ပဲ။ ငယ်ငယ်တုန်းကတော့ စိတ်ကိုမပါဘူး အမှန်ပြောရရင်။ ဘာဖြစ်လို့လဲဆိုတော့ တစ်သက်လုံး ဒါကြီးပဲ လုပ်နေရတာဆိုတော့ လူငယ်ဘဝဆိုတော့ မပျော်ဘူး။ အိမ်ထောင်ကျ၊ ဘာညာဖြစ်ပြီးတော့ ဒါလေးက ငါတတ်ထားတဲ့ ပညာနဲ့ လုပ်စားမယ်ဆိုပြီး နည်းနည်းလေး အားစိုက်ပြီးတော့ လုပ်လာတာပေါ့။ လုပ်လာတော့ ဒီဘက်ခေတ်ထိ ရောက်လာတာ”
ဦးအောင်ကျော်သူတို့ မောင်နှမ ကိုးဦးထဲမှာ သူအပါအဝင် သုံးဦးပဲ ဒီလုပ်ငန်းကို အမွေဆက်ခံ လုပ်ကိုင်နိုင်ခဲ့ကြပေမယ့် အခုတော့ သူ့မှာရှိတဲ့ သားသမီး ခုနစ်ဦးစလုံး ဒီကြိမ်လုပ်ငန်းကို လက်ဆင့်ကမ်း အမွေဆက်ခံပြီး လုပ်ငန်းခွင်ထဲ ဝင်ရောက် လုပ်ကိုင်နေကြပါပြီ။
သူတို့ခေတ်ကာလကတော့ ကြိမ်ကို ပိုးမလိုက်အောင် ရင့်တဲ့ကြိမ်ကို ရွေးသုံးရသလို ကုလားထိုင်နဲ့ စားပွဲသာ အဓိကထားလုပ်နိုင်ခဲ့ပေမယ့် အခုချိန်မှာတော့ ကုလားထိုင်၊ စားပွဲ ဒီဇိုင်းစုံအပြင် မီးအိမ် အပါအဝင် လူအသုံးအဆောင် ပစ္စည်းမျိုးစုံကိုပါ အရည်အသွေး ကောင်းကောင်းနဲ့ ထုတ်လုပ်နိုင်နေပြီလို့ ဆိုပါတယ်။
ကြိမ်ဆိုရင်လည်း ပိုးမစားအောင် ဓာတုဆေးရည်တွေနဲ့ လုပ်လို့ရတဲ့အတွက် အနု၊ အရင့်မရွေးသုံးလို့ ရနေပါပြီ။
၂၀၁၁ ခုနှစ်နောက်ပိုင်းကစပြီး မြန်မာနိုင်ငံမှာ ဆိုရှယ်မီဒီယာအားကောင်းလာတဲ့နောက် ကြိမ်ထည်တွေကို ဆန်းသစ်တဲ့ဒီဇိုင်း၊ အရည်အသွေးပိုင်းနဲ့ စျေးကွက်ချဲ့ထွင်ဖို့ အခွင့်အရေးကောင်းတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် နောက်ပိုင်းမှာ ပြည်တွင်းစျေးကွက်သာမက နိုင်ငံတကာစျေးကွက်ထိပါ ခြေဆန့်နိုင်ဖို့ ကြိုးစားနေတယ်လို့ ဦးအောင်ကျော်သူရဲ့ ဒုတိယမြောက် သမီးဖြစ်သူ အသက် ၃၀ အရွယ် မဖြိုးစန္ဒီအောင်က ပြောပါတယ်။
“ကျွန်မတို့ ဒီအိမ်နီးချင်းနိုင်ငံတွေဆိုရင် အဝေးကြီးတွေ မဟုတ်ဘူး။ ဒီအာဆီယံ ပတ်လည်ပဲပေါ့နော်။ ထိုင်းတို့၊ စင်ကာပူတို့ဆိုရင် နီးစပ်ရာတွေပေါ့နော် ဒါမျိုးလေးတွေ ပို့လို့ရတယ်။ ကျွန်မတို့ မြန်မာနိုင်ငံအနေနဲ့ဆိုရင် ထိုင်းလောက်တောင်မှ တော်တော်လေး လိုက်တိုးနေရတဲ့ အနေအထားရှိတယ်။ ညီမတို့ဆီ တိုက်ရိုက် ကုန်သည်အနေနဲ့ ဆင်းမလာဘူး အမှန်အတိုင်းပြောရရင်လေ”
အခုတော့ သူ့တို့ရဲ့ လက်မှုကြိမ်ထည်တွေအတွက် ပြည်တွင်းစျေးကွက်ကိုပဲ အားကိုးနေ ရတဲ့ အနေအထားပါ။ ပြည်တွင်းစျေးကွက်မှာတော့ ဟိုတယ်နဲ့ စားသောက်ဆိုင်ကြီးတွေက ကြိမ်ထည် စားပွဲ၊ ထိုင်ခုံ၊ မီးအိမ်၊ မီးဆိုင်းတွေ အမှာများသလို ပြီးခဲ့တဲ့ ဇွန်လကစပြီး လက်ဆောင်ကန်တော့ခြင်းတွေ အော်ဒါအမှာများတယ်လို့ သူက ပြောပါတယ်။
တစ်လကို ကန်တော့ခြင်း အလုံးရေ ၅၀၀၀ အထိ အမှာများနေတာပါ။ လာမယ့် ဒီဇင်ဘာလအကုန်ထိ ကန်တော့ခြင်းအမှာတွေ ပြည့်နေတာပါ။ ဒီအခြေအနေကပဲ သူတို့ မိသားစုလုပ်ငန်း ဆက်ပြီးရပ်တည်ဖို့ ထွက်ပေါက်ဖြစ်နေတယ်လို့ ဆိုပါတယ်။
ကြိမ်လက်မှုထည်တွေလုပ်တဲ့ အလုပ်က လွယ်ကူတဲ့အလုပ် မဟုတ်ဘူးလို့ ဦးအောင်ကျော်သူက ပြောပါတယ်။
“မြင်လိုက်ရင်တော့ လွယ်လွယ်လေးပဲ။ ဒီခြင်းလုံးလေးတစ်လုံး လက်ပေါ်တင်ပြီး ကိုင်ကြည့်လိုက်။ ဟာ ဒီဥစ္စာ ဒီလိုလေး လုပ်ထားတာလို့ မြင်လို့လွယ်တယ်။ ဒါပေမဲ့ စ, စတည်တဲ့ ပွိုင့်၊ အဲစတည်တဲ့ ပွိုင့်မှားတာနဲ့ ဘာမှ ဆက်လုပ်လို့မရဘူး တစ်လုံး,လုံး။ အဲလိုမျိုးတွေရှိတယ်။ အဲလိုမျိုးဆိုတော့ ပစ္စည်းတစ်ခုက အမြင်နဲ့တင် ဆုံးဖြတ်လို့ မရဘူး။ နည်းနည်း ပညာခန်းတွေပေါ့”
မြန်မာနိုင်ငံမှာတော့ သစ်တောဌာနက စာရင်းပြုစုထားတဲ့ ကြိမ်အမျိုးအစားပေါင်း ၃၄ မျိုးခန့်ရှိပြီး ဒီအထဲက အရည်အသွေးကောင်းတဲ့ လက်မဲကြိမ်၊ ကြက်ဥကြိမ်၊ ရမထာကြိမ်၊ ကြိမ်နီ၊ ရေကြိမ် စတဲ့ ကြိမ်ငါးမျိုးလောက်သာ တွင်တွင်ကျယ်ကျယ် သုံးနေကြပါတယ်။
ကျန်တဲ့ကြိမ်တွေကတော့ အကြောကပ်လို့ပါ။ ကုန်ကြမ်းတွေကိုတော့ ရခိုင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းက ထွက်တဲ့ ကြိမ်တွေကိုပဲ အဓိကထား သုံးနေကြတာဖြစ်ပါတယ်။
လက်ရှိကာလမှာ ကုန်ကြမ်းက ပုံမှန်ထက် စျေးနှစ်ဆကျော်၊ သုံးဆနီးပါး မြင့်တက်သွား ပေမယ့် စျေးကွက်ဝယ်လိုအား တချို့ရှိနေတဲ့အတွက် ထိန်းလုပ်နေကြရတယ်လို့ ပြောပါတယ်။
“ပြန်ပြီးတော့ အခုနောက်ပြန်လည်လာတယ်ပေါ့ ခေတ်က။ အရင်က အဖေတို့ လက်ထက်မှာ မသုံးခဲ့ဘူး။ အခု ကျွန်တော်တို့ လက်ထက်မှာ ပြန်သုံးလာတယ်။ ပြန်တွေ့ရတယ်။ အခုဆိုရင် စားသောက်ဆိုင်တွေ ကျွန်တော်တို့ကို ချိတ်တယ်။ ခုံတွေလည်း အစ်ကိုတို့ ခုံတွေပဲသုံးမယ်။ အစ်ကိုတို့ ပစ္စည်းတွေပဲ သုံးမယ်။ ဒါမျိုးပေါ့နော်။ ဘာပဲဖြစ်ဖြစ် ဝမ်းသာရတာပေါ့။ ငါ့ပစ္စည်းလေးက ဒီနေရာလေးမှာ။ ဒီကနေ ထွက်တယ်ဆိုရင်လည်း ကျွန်တော်တို့ မီးဆိုင်းလေးတွေ တော်တော်များများ သုံးထားကြတယ်။ မြောက်ဒဂုံတို့၊ အရှေ့ဒဂုံတို့၊ ဒါဘာပဲပြောပြော ငါ့ပစ္စည်းလေး တွေ့တယ်ဟဆိုပြီး ပီတိလေးပေါ့၊ ပျော်ရတာပေါ့”
ရောင်းတန်းဝင် ကြိမ်ထည်အဆင့်ရောက်ဖို့ကိုလည်း အဆင့် ခုနစ်ဆင့်လောက် ဖြတ်ကျော်ရပါတယ်။ ကြိမ်ခွဲ၊ ကြိမ်အချောသပ်၊ ကြိမ်လုံးတွေကို အပူပေးပုံစံသွင်း အဆင့်ကနေ နောက်ဆုံး ဆေးသုတ်အချောကိုင်အဆင့်ထိ လုပ်ဆောင်ကြရတာပါ။
ကြိမ်တွေကို ခွဲခြမ်း၊ အချောသပ်ရာမှာလည်း လက်ဝင်လှပြီး ကျွမ်းကျင်သူတွေတောင် မကြာခဏ ထိခိုက်ဒဏ်ရာရတတ်တယ်လို့ ဦးအောင်ကျော်သူရဲ့ တတိယမြောက် သားဖြစ်သူ အသက် ၂၆ နှစ်အရွယ် ကြိမ်ခွဲဆရာ ကိုတင်မောင်သန်းက ပြောပါတယ်။
“ဒီကောင်က စခွဲတဲ့နေရာမှာ တစ်ချက်သတိထားရတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလက်က လက်နှစ်ချောင်း သွားတာကိုး။ ဒီလို နှစ်ချောင်း။ အကယ်၍ ဒီက ထိုးရင် အဆစ်ထောက်တဲ့ နေရာလေးတွေ အဆစ်ညှပ်တဲ့ နေရာလေးတွေကျရင် လက်ရှ တတ်တယ်။ နှစ်ချောင်းလုံးရှတတ်တယ် အဲလို။ ဒီလိုနေရာမျိုး ဆွဲရတဲ့အခါမျိုးတွေ အခန့်မသင့်ရင် လက်မမြဲရင် ဒီလက်စောင်းတွေ ရှတတ်တယ်။ တစ်ခါတလေ သုံးလေးချောင်းလောက် ထိသွားတယ်။ အဆစ်ထောက်တဲ့ နေရာလေးတွေရှိတယ်။ အဲတော့ အဆစ်ချောမှ ဒီဟာခွဲတဲ့သူက အဆင်ပြေတာ အဲလိုမျိုးရှိတယ်”
သူတို့ရဲ့ လုပ်ငန်းခွင်မှာ ဝင်ရောက်လုပ်ကိုင်နေကြတဲ့ ကြိမ်ထည်ရက်လုပ်သူတွေ ဆိုရင်လည်း ပညာသင်ပိုင်းကလွဲလို့ အနည်းဆုံး ၁၀ နှစ်ကနေ နှစ် ၂၀ အထက် လုပ်သက်အတွေ့အကြုံရှိသူတွေပါ။
လက်မှုထည်တွေဖြစ်တဲ့အတွက် သတ်မှတ်ထားတဲ့ အတိုင်းအတာ တိတိကျကျမရှိဘဲ သူတို့ရဲ့ ပညာရပ် အတွေ့အကြုံနဲ့ လုပ်ကိုင်နေကြရတာဖြစ်တယ်လို့ နှစ် ၂၀ ကျော် လုပ်သက်အတွေ့အကြုံရှိတဲ့ အသက် ၄၆ နှစ်အရွယ် ဒေါ်လင်းလင်းထွေးက ပြောပါတယ်။
“ကိုယ်လိုချင်တဲ့ ပန်းကို ဖော်ဖို့ကို အပင်အရေအတွက်နဲ့ တွက်ရတာ။ ဒီအတိုင်က ထောင်ချင်တိုင်း ထောင်လို့မရဘူး။ သူက ဒါဆိုရင် ကျားကွက်လို့ ခေါ်တယ်။ အဲအကွက်ဆိုရင်။ အဲကျားကွက်ထောင်ဖို့ကို သူက စုံပင်မှရတာ အဲလို”
အသက် ၂၈ နှစ်အရွယ် ကိုသက်ဖြိုးဦးဆိုရင်လည်း ဒီ ကြိမ်ထည်ရက်လုပ်တဲ့ ပညာ တတ်မြောက်ဖို့ တရုတ်နိုင်ငံမှာ နှစ် နှစ်လောက်နီးပါးလောက်ထိ တောက်တိုမယ်ရတွေ လုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။
“အရင်တုန်းက လုံးဝဝါသနာမပါတာ။ အဲလို ဝမ်းရေးအတွက်ပေါ့။ နောက်ပိုင်းကျတော့ ကိုယ်တန်ဖိုးတဲ့ အလုပ်က ကိုယ့်ထမင်းရှင်ဖြစ်နေတာပေါ့။ နောက်ပိုင်းတော့ ဝါသနာအရမ်းပါတယ်။ သင်ရတာတော့ တော်တော် သင်ရတယ်။ နှစ်နှစ်လောက် ကျွန်တော် သူများနိုင်ငံ သွားလုပ်ရတာလေ။ သူများနိုင်ငံ သွားလုပ်တော့ အဲမှာ သူစိမ်းတောထဲမှာ နှစ်နှစ်လောက်ထိ တောက်တိုမယ်ရပါပဲ”
ဒီလို ခက်ခဲလှတဲ့အပြင် လက်ဝင်လှတဲ့ လက်မှုကြိမ်ထည်လုပ်ငန်းကို မပျောက်ပျက်အောင် ဆက်ပြီးထိန်းသိမ်းလုပ်ကိုင်နိုင်ဖို့ ပိုင်ရှင် မိသားစုရော၊ ရက်လုပ်သူတွေပါ ကြိုးစားနေ ကြပါတယ်။
ဒီနောက်ပိုင်းမှာ မိသားစုဝင်သာမက ဆွေမျိုးနီးစပ်တော်သူတွေရဲ့ သားသမီးတွေကပါ အားလပ်ချိန်တွေမှာ ဒီလုပ်ငန်းခွင်ထဲ ဝင်ရောက်သင်ယူလုပ်ကိုင်ကြပါတယ်။ တစ်ဖက်မှာလည်း မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်ရပြန်ပါတယ်။
သုခုမက ထွက်တဲ့ လက်မှုကြိမ်ထည်တွေဟာ အရည်အသွေးပိုင်းကြံ့ခိုင်သလို ဖန်တီး ထားတဲ့ ဒီဇိုင်းတွေကို ကြိုက်တဲ့အပြင် ကြိမ်ထည်ဆိုရင် မြတ်နိုးလို့ အမြဲဝယ်ယူအားပေး ဖြစ်တယ်လို့ အသက် ၅၈ နှစ်အရွယ် ဒေါ်မီမီအေးက ပြောပါတယ်။
“သဘောကျတယ်။ ကျွန်မက အရင်က ဆရာမပေါ့နော်။ တက္ကသိုလ်က ဆရာမ။ စတိတ်ကျောင်း ဆရာမလည်း လုပ်ခဲ့ဖူးတယ်။ အဲဒီကတည်းက ကျွန်မ ဒီကြိမ်ခြင်း တောင်းကလေးတွေ တောက်လျှောက်သုံးတာလေ။ အဲတုန်းက ဘယ်လောက်မှ မရှိသေးဘူး။ အခုဒါ တစ်ခေတ်ပြန်ပြီးတော့ ဟိုဟာဖြစ်တဲ့ဟာ။ ကျွန်မအိမ်မှာဆိုရင် တစ်ပုံကြီးပဲ ကြိမ်ခြင်းတောင်းတွေ ထပ်ထားတာ။ အရမ်းသဘောကျတယ်။ ပြီးတော့ ကိုယ်က မြန်မာမှုကို ကြိုက်တဲ့အတွက်ကြောင့်မို့လို့ ဒါလေးတွေ သုံးရတာ တအားကို ကြိုက်တယ်”
ဒီလိုမျိုး လူကြိုက်များလှတဲ့ သုခုမကြိမ်ထည်လုပ်ငန်းပိုင်ရှင် မိသားစုဟာ လက်ရှိမှာတော့ ဆိုင် နှစ်ဆိုင်ထိ ပိုင်ဆိုင်နေပါပြီ။ တခြား ရန်ကုန်ထဲက ဆိုင်ပေါင်း ၁၂ ဆိုင်လောက်မှာ လည်း ပစ္စည်းတွေ တင်ပို့ရောင်းချနေတဲ့ အပြင် အော်ဒါမပြတ် လက်ခံပေးနေပါတယ်။
သူတို့မှာ ဒီထက်ပိုတဲ့ အိမ်မက်နဲ့ မျှော်လင့်ချက်တွေကလည်း ရှိနေပါတယ်။ ဒါကတော့ မောင်နှမ ခုနစ်ဦးစလုံး ဆိုင်တစ်ဆိုင်စီ ပိုင်ဆိုင်နိုင်ဖို့နဲ့ စျေးကွက်ကို နိုင်ငံတကာထိ တိုးချဲ့နိုင်ဖို့ ဖြစ်တယ်လို့ ဦးအောင်ကျော်သူရဲ့ သမီးအကြီးဆုံးဖြစ်သူ အသက် ၃၄ နှစ်အရွယ် ဒေါ်မိုးပွင့်သူက ပြောပါတယ်။
“ဆိုင်က အခုလက်ရှိတော့ နှစ်ဆိုင်ပေါ့။ မောင်နှမတွေ အကုန်လုံး တစ်ယောက်တစ်ဆိုင် နီးပါးလေး ဖြစ်အောင် ငါးဆိုင်လောက်တော့ ဖွင့်ဖို့လိုသေးတယ်။ မိရိုးဖလာ မိသားစု လုပ်ငန်းလေးဆိုတော့ အမြဲတမ်း မပျောက်ကွယ်သွားစေချင်ဘူး။ ဒီထက် တိုးတက် သထက် တိုးတက်၊ ကြီးပွားသထက် ကြီးပွားအောင်ပဲ လုပ်ငန်းလေးကို ချဲ့ချင်တာ”
ဒါပေမဲ့ ရုန်းလေနစ်လေ ဖြစ်နေတဲ့ ကုန်ကြမ်းစျေး၊ သယ်ယူစရိတ်နဲ့ အထွေထွေစရိတ် တွေက နှစ်ဆကျော် သုံးဆနီးပါးထိ မြင့်တက်လာတာကြောင့် အခုတော့ မျှော်လင့်ချက်တွေ ခေါက်သိမ်းပြီး ပြည်တွင်းစျေးကွက်ကိုသာ အားကိုး ရုန်းကန်နေကြရတဲ့ အနေအထား ဖြစ်နေပါတယ်။